ကြိုးစားကြည့်ပြီးပြီလား

တခါတုန်းက ငါးကလေး ၅ ကောင်သည် မြစ်ပြင်ကျယ်ထဲတွင် ပျော်ရွှင်စွာ ကူးခတ် နေကြလေသည်။ ကူးခတ်ရင်း အစာရှာရင်း ၎င်းတို့ နေထိုင် ကျက်စားရာ နေရာနှင့် အလွန် ဝေးကွာသည့် နေရာသို့ ရောက်လာကြ၏။

အိမ်ကို ပြန်ကြသည့် အချိန်တွင် မြစ်ခွဲ တခုသို့ စီးဆင်းနေသော ရေစီး တခုကို ဖြတ်ရဖို့ ဖြစ်လာကြသည်။ သူတို့ထဲမှ အကြီးဆုံး ငါးတကောင်က အရွယ်အစား အသေဆုံး ငါးလေးအား စိတ်မကောင်းသော မျက်ဝန်းများနှင့် ကြည့်ကာ တီးတိုး ရေရွတ် လိုက်သည်။

"အသေးဆုံး ငါးကလေးရေ။ ငါတောင် ဒီရေစီးကို တိုးပြီး မနည်း ဖြတ်ရမှာ မင်းတော့ ဖြတ်ဖို့ မဖြစ်နိုင်ဘူး။ ဒီနေရာမှသာ နေခဲ့ပြီး ကျက်စားပါတော့" "ဟုတ်တယ် ငါးလေး မင်းရဲ့ ခန္ဓာကိုယ် သေးသေးလေးနဲ့ ဖြတ်ရင် ရေစီးနဲ့ ပါသွားလိမ့်မယ်"

"နှုတ်ဆက်ပါတယ် သူငယ်ချင်းရယ်။ ဘိုင့်ဘိုင်" "မင်းကြိုးစားလည်း အပိုပဲ သူငယ်ချင်း။ ဘုရားသခင် ကြားအောင် ဆုတောင်းနေတော့ကွာ။ တာတာ့" ဆိုပြီး ငါး အငယ်ဆုံးလေးထက် အရွယ်အစား ကြီးသော ငါးတွေက တကောင် တပေါက် ဝင်ပြောကြပြီး ရေစီးကို အားမာန် အပြည့်နှင့် တိုးဝင် ဖြတ်ကျော် သွားကြ၏။

ငါးငယ်လေးက ကြူကြူ ပါအောင် ငိုရင်း ရေစီးနှင့် မလှမ်းမကမ်းတွင် ကူးခတ်နေ မိသည်။ သိပ်မကြာခင်မှာ လိပ်ကြီး တကောင်က ငါးငယ်လေးနားသို့ ရောက်လာလေသည်။ "ငါးလေး ဘာလို့ ငိုနေတာလဲ။ ခုနက တွေ့တဲ့ မင်းအဖော် ငါးတွေရော ဘယ်ရောက်သွားလဲ" "သား အိမ်ကို ပြန်လို့ မရတော့ လို့ပါ။ သူတို့က ပြန်သွားကြပြီ"

လိပ်ကြီးက ငါးငယ်လေးနားသို့ ကူးခတ်လာရင်း ဆက်မေးလိုက်သည်။ "ဘာလို့ မင်းက ပြန်လို့ မရတာလဲ" "သား ရှေ့က ရေစီးကို ဖြတ်လို့ မရလို့" "ဒါဆို သားရဲ့ အဖော်တွေ ကရော" "သူတို့က ဒီရေစီးကို ဖြတ်ပြီး ပြန်သွားကြပြီ" "သားက ဘာလို့ မဖြတ်တာလဲ"

ငါးငယ်လေးက တရှုံ့ရှုံ့ ငိုရင်း "သားမှ မဖြတ်နိုင်တာဗျ" "သားကို မဖြတ်နိုင်ဘူးလို့ ဘယ်သူက ပြောလဲ" "သား သူငယ်ချင်းတွေ ပြောတာ။ နောက်ပြီးတော့ သား ခန္ဓာကိုယ်က သေးသေးလေး" လိပ်ကြီးက သူ့ခေါင်းကို ပြူတစ်ပြူတစ် လုပ်ရင်း "သား ဒီရေစီးကို ဖြတ်ဖို့ ကြိုစားကြည့်ပြီး ပြီလား"

"ဟင့်အင်း သား ရေထဲ မျှောပါသွားရင် ဘယ်လို လုပ်မလဲ" "ဟ မင်းက ငါးပဲလေ ရေထဲ ပါသွားလည်း ပြန်လည် ကူးခတ်ပေါ့ကွ။ သေသွားမှာမှ မဟုတ်တာ။ ကဲ ငိုတာ အခုရပ်။ ဒီရေစီးကို ဖြတ်ဖို့ ကြိုးစား။ သား အနေနဲ့ ဖြတ်ကို ဖြတ်နိုင်ရမယ် လို့ ယုံကြည်ထား" "သား ကြောက်တယ် ဦးလိပ်ကြီး"

ငါးလေးက ရေစီးကို လှမ်းကြည့်၏။ "အလုပ် တခုကို လုပ်ကြည့်ဖို့ မကြိုးစားဘဲ ဒါမှမဟုတ် လုပ်ဖို့ အခွင့်အရေး မပေးဘဲ ဒီကောင် မလုပ်နိုင်ဘူးလို့ ထင်နေ တွေးနေရင် ဘာမှ ဖြစ်မလာဘူး ငါးလေး။ မင်းဆီမှာ ခွန်အားတွေ ရှိတယ်။ ရေစီးထဲ တိုးမထွက်နိုင် ရင်တောင် ရေထဲမှာ အလိုက်သင့် ပါသွားအောင် ထိန်းကျောင်းပေးမဲ့ ဉာဏ်ရည်တွေ ရှိနေတာပဲ။ ကဲ အခု ကူးလိုက်တော့"

ငါးလေးဟာ တစုံတခုကို တွေးနေပြီး တွေတွေကြီး ရပ်နေသည်။ "ကဲကွာ ငါ ရေစီးအောက်က စောင့်နေပေးမယ်၊ မင်း ရေစီးထဲ လွှင့်ပြီး ပါလာရင် ငါကယ်ပေးမယ်။ ဟုတ်ပြီလား" "တကယ်နော် ဦးလိပ်ကြီး" "တကယ်ပေါ့ကွ။ အသက် ဝဝ ရှူ။ ငါ ဖြတ်နိုင်ရမယ်လို့ ယုံကြည် ၁ ၂ ၃"

ငါးလေးဟာ အားသွန်ခွန်စိုက် နှင့် ရေစီးထဲသို့ တိုးဝင် လိုက်သည်။ တိုးဝင်ခါစမှာ ရေစီးကြောင့် တချက် ယိုင်သွားသော အချိန် လိပ်ကြီးဆီက စကားသံ ကြားလိုက်ရသည်။ "မင်း လုပ်ကို လုပ်နိုင်ရမယ် ငါးလေးရေ။ ငါ ရေစီးအောက်မှာ စောင့်နေတယ်။ အားတင်းပြီး ကူးပါ"

ငါးလေးဟာ ယိုင်သွားသော ခန္ဓာကိုယ်ကို ချက်ချင်း ပြန်တည့်ပြီး အားသွန်ခွန်စိုက် ကူးကာ ရေစီးကို ဖြတ်ကျော်နိုင် ခဲ့လေသည်။ "ဗျို့ ဦးလိပ်ကြီး သား ဖြတ်နိုင်ခဲ့ပြီဗျ။ ကျေးဇူးပဲ ဗျို့ တနေ့ ကျေးဇူး ပြန်ဆပ် ပါရစေ" လိပ်ကြီးက ဝမ်းသာစွာ ပြုံးရင်း ငါးလေးကို အော်ပြောလိုက်သည်။

"ငါ့ကို ကျေးဇူး ဆပ်ချင်ရင် မင်းရဲ့ ဘဝမှာ အလုပ်တခုကို လုပ်ဖို့ ကြိုးစား မကြည့်ဘဲ ဒါမှမဟုတ် လုပ်ဖို့ အခွင့်အရေး မပေးဘဲ မလုပ်နိုင်ဘူးလို့ ထင်နေတဲ့ကောင် တသက်လုံး မဖြစ်စေနဲ့။ နောက်ပြီး ရေဆန်ကို မဖြတ်နိုင်ရင်တောင် ရေစုန်မှာ အလိုက်သင့်စွာ နေတတ်ပါစေ ငါးလေးရေ" ဟမ်စိုင်း (ဆေး၊ မန်း)

Post a Comment

0 Comments