ပြောတိုင်းယုံတဲ့ ကျားမိုက်

အခါတပါးတွင် တောစပ် တနေရာ၌ ခွေးလင်မယား နှစ်ကောင်ဟာ အကြောင်းဆက်၍ ပေါင်းဖက်ကာ နေကြလေ သတဲ့ကွယ်။ တနေ့တော့ အစာရှာထွက်ရာ၌ သန္ဓေ အရင့်မာ လွယ်ထားရ ရှာတဲ့ ခွေးမယားဖြစ်သူကို ခွေးလင်ဖြစ်သူက အစာရှာ မလိုက်ရန် ပြောဆို သတဲ့။

ခွေးမယားလုပ်သူ ကလည်း မနေခဲ့နိုင် ဘူးပေါ့။ မောင်တထမ်း မယ်တရွက်၊ သေအတူ ရှင်မခွါ ပေါ့။ ပြောမရတဲ့ အဆုံး အတူတူ အစာရှာ ထွက်လာရင်းက ခွေးမက သားမွေးဖို့ အချိန်တန် လာတော့ မွေးစရာ နေရာ ရှာရင်း အတန်သင့် လုံခြုံ၍ ကျယ်ဝန်းသော ဂူတဂူကို အဆင့်သင့် တွေ့ရလို့ မီးဖွါး လေတော့တယ်။

ဒါပေမဲ့ သူတို့ မီးဖွါးခဲ့ရာ ဂူဟာ ကျားနေတဲ့ ဂူ ဖြစ်နေတော့ အလွန် ကြီးမားတဲ့ အန္တရယ်နဲ့ ရင်ဆိုင် ကြုံတွေ့ရ တော့မယ် ဆိုတာ သိနေရပြီ ဆိုတော့ ခွေးမယားက အကြံပြု သတဲ့။

"ရှင် ဒီလို ကြောက်နေလို့ မပြီးဘူး။ ကျမ ပြောသလို တသွေမတိမ်း လိုက်နာစမ်းပါ။ ဒီလိုပြော။ ဒီလိုဆို ကျုပ်ပြောတာ မမေ့နဲ့ပေါ့" ဆိုပြီး အတိုင်အဖေါက် ညီညီ တိုင်ပင်ထား ကြတယ်။

အချိန်တန်လို့ အစာရှာက ပြန်လာတဲ့ ကျားက သူ့ဂူထဲက ထူးထူးခြားခြား ခွေးပေါက်ကလေးတွေ အော်မြည်သံ ကြားရလို့ ဂူထဲ တန်းမဝင် သေးဘဲ ဂူဝကနေ ချောင်းပြီး နားထောင်နေသတဲ့။ အဲဒီအချိန်မှာ ဂူထဲမှာ ရှိနေတဲ့ ခွေးလင်မယားက အတိုင်အဖေါက် ညီညီ လုပ်ငန်း စလိုက်ကြတယ်။

"ရှင်မရေ ကလေးတွေက ငိုလှချေလားကွယ့်" "ငိုမှာပေါ့တော် ဆာတာကိုး" "ဟ ဟိုတနေ့ ကမှ ငါကိုက်သတ် ချီလာတဲ့ ကိုးတောင် ကျားကြီးကရော" "အဲဒါ ရှင့်သားတွေ စားလိုက်လို့ ကုန်ပေါ့။ ရှင့်သားတွေက သိပ်အစားကြီးတာ" "အေးအေး ငါထွက်ရှာလိုက် ဦးမယ်။ ပြောရင်းဆိုရင်း ကျားနံ့ ရတယ် ငါထွက်ကြည့် လိုက်ဦးမယ်"

အပြင်မှာ နားထောင်နေတဲ့ ကျားကြီးဟာ အလိုလို ဖင်ကျောတွေရှုံ့၊ အမြှီးတွေကုတ် တချိုးထဲ လစ်တော့တာ နောက်ကြောင်းကို မလှည့်ရဲဘူး။ ဒီလို ပြေးလာတာကို သစ်ပင်ပေါ်က မျောက်တကောင်က မြင်ပြီး အကျိုးအကြောင်းကို မေးမြန်း စပ်စု သတဲ့။

"အလို ကိုရွှေကျား ရေးကြီးသုတ်ပျာနဲ့ အမောတကော ပြေးလာလိုက်တာ။ ဘယ်လိုများ အရေးကြုံ လာလို့လဲ

"မပြောချင်ပါဘူး ကိုရွှေမျောက်ရယ်။ ကျုပ်အဖြစ်က ဒီလိုဗျ" ဆိုပြီး သူကြားခဲ့တဲ့ စကားတွေနဲ့ ခွေးလင်မယား အကြောင်းကို ပြောပြတယ်။

"ဟာ မဖြစ်နိုင်တာ ကိုရွှေကျားရယ်၊ ကျားကသာ ခွေးသားကို စားလာတာ ကမ္ဘာ့ အစဉ်အလာ ပါဗျ။ ခွေးက ကျားကို သတ်စားတယ် ဆိုတာ အစဉ်အလာ မရှိပါဘူး။ တခုခု တော့ လွဲနေပြီ။ လာဗျာ ကျုပ်နဲ့ အတူ သွားပြီး စုံစမ်းကြ ရအောင်"

"မလုပ်ပါနဲ့ ကိုရွှေမျောက်ရယ် အရေးအကြောင်းဆို ခင်ဗျားက သစ်ပင်ပေါ် တက်ပြေး လွတ်တယ်ဗျ။ ကျုပ်မှာက ဒီတခါ ခွေးရန်က လွတ်အောင် ပြေးဖို့ မလွယ်ဘူး" "ကိုရွှေကျား ကလည်း ကြောက်တတ်ရန်ကော။ ခင်ဗျား မယုံရင် ကျုပ်နဲ့ ခင်ဗျား အမြီးခြင်း ချည်ထားကြမယ်လေ" "အင်း ဒီလိုဆိုရင်တော့ ကောင်းတာပေါ့"

ဒီလိုနဲ့ ကျားနဲ့ မျောက် အမြီးခြင်း ချည်ပြီး လာတာကို ခွေးက မြင်တော့ ခပ်တည်တည်နဲ့ "ကိုရွှေမျောက်ရယ် ခင်ဗျားက မိတ်ဆွေ အချင်းချင်း ဂတိ မတည်ရန်ကော ကျုပ်ဆီက ချေးယူ စားထားတာက ကိုးတောင်ကျား၊ အခု ခင်ဗျား ပြန်အချေး ဆပ်တာက ခြောက်တောင်ကျား။ မကျေနပ်နိုင်ဘူးဗျာ နောက်ထပ် ကျားတကောင် ထပ်ရှာခဲ့ဦး" လို့ မျောက်ကို ပြောတယ်။

အလိုလိုမှ ကြောက်ရွံ့ ကြောက်ရွံ့နဲ့ လာခဲ့ရတဲ့ ကျားခင်မျာ ခွေးစကားလည်း ကြားရော တချိုးထဲ ပြေးတော့တာဘဲ။ နောက်က အမြီးခြင်း ချီထားတဲ့ မျောက်က ဒရွတ်တိုက် ပါသွားတာပေါ့။ ပြေးရင်း လွှားရင်း ဒရွတ်တိုက် ပါလာတဲ့ မျောက်က သစ်ငုတ်နဲ့ ဆောင့်မိပြီး သေရှာပါလေရော။

ကျားက မောလို့ နောက်လှည်ကြည့် မိပါတယ်။ ပါးစပ်ထဲက သွေးစို့ နေတဲ့ မျောက်ကို ကြည့်ပြီး ပြောလိုက်ပုံက "ဟင်း ဒီမှာ ပြေးလိုက်ရတာ မောလို့ အရေးထဲမှာ ကိုရွှေမျောက်က ကွမ်းစားတောင် မပျက်ဘူးဗျာ" တဲ့။ အသိနည်းပါးတဲ့ ကျား ခွေးစကား ယုံလွယ်မှားတော့ မောရပြီပေါ့။

ပြောတိုင်း မယုံတတ်တဲ့ အကျင့်ကို ကျင့်ကြံ အားထုတ်၍ ဆင်ခြင် တွေးတော နိုင်ကြပါစေ။ Crd

Post a Comment

0 Comments