စဉ်းစားချင့်ချိန်ပြီးမှယုံပါ

တခါတုန်းက ဝံပုလွေ တကောင်သည် အစာရှာရင်း တောစပ်နားက ရွာလေး တရွာကို ရောက်လာလေသည်။

ရွာအဝင်နားက မုန့်သည်မရဲ့ အိမ်ဘေးနားကို ရောက်သောအခါ မုန့်သည်မကြီး၏ ကလေး ချော့မြူသံကို ကြားပြီး ဝံပုလွေဟာ ရပ်တန့် လိုက်လေသည်။

မု့န့်သည်မကြီးဟာ မုန့်ရောင်း သွားကာနီး အိမ်မှာ ကျန်ရစ်ခဲ့သော ကလေးသည် ချော့မြူ၍ မရပဲ ငိုမြဲ ငိုနေ သဖြင့် စိတ်မရှည် သောကြောင့် ကလေးအား ခြောက်လှန့် လိုက်လေသည်။

"သား တိတ်တော့နော်။ ဆက်ငိုနေရင် အိမ်အောက်ကို ပစ်ချပြီး ဝံပုလွေစာ ကြွေးလိုက်တော့မယ်" ဟု ဆိုလေ၏။ ကလေးသည် ငိုမြဲ ငိုလေသည်။

ဒီစကားကို ကြားတော့ ဝံပုလွေဟာ "အင်း ငါတော့ ဒီနေ့ ကံထူးတာပဲ။ ကလေးအသား စားရတော့မယ်" ဟု ကြံကာ အိမ်အောက်မှ ဘယ်အချိန် ကလေး ပစ်ချ လေမလဲ ဟု မျော်တလင့်လင့်နဲ့ စောင့်စား နေသည်။

အမှန်သည်ကား မုန့်သည်မကြီးသည် ဝံပုလွေ အိမ်အောက်သို့ ရောက်ရှိနေမှန်း မသိ၊ ကလေး အငို တိတ်အောင် ချောက်လှန့်ခြင်းသာ ဖြစ်သည်။

အချိန်သည် တဖြည်းဖြည်း ကုန်လာ၍ နေဝင်ချိန်တောင် ရောက်လာပြီ။ ကလေးကို အခုချိန်ထိ သူ့ထံသို့ ပစ်မချသေး။ ကလေး ငိုသံလည်း မကြားရတော့ ဟု တွေးနေစဉ် မုန့်သည်မကြီး သည်ပင် မုန့်ရောင်းရာက ပြန်ရောက် ချေပြီ။

ဝံပုလွေဟာ အခုချိန်ထိ ဘာမှ မစားရသေးသည့် အတွက် ဝမ်းက ဟာလေပြီ။ ဒီတော့မှ ဝံပုလွေဟာ "အင်း ငါမုန့်သည်မကြီးရဲ့ စကားကို အဟုတ် ထင်ပြီး စောင့်နေတာ ကိုယ့်ဘာသာ အစာရှာရမည့် အချိန်ကို မရှာပဲ သူများ စကားကို ယုံမိခဲ့ သောကြောင့် ဒီနေ့တော့ ငါ အစာ ငတ်ချေပြီ တကား" ဟု နောင်တ ကြီးစွာ ရလေတော့သည်။

ကျွန်တော်တို့ ပတ်ဝန်းကျင် မှာလည်း သင့်အတွက်၊ သင့်အတွက် ဆိုပြီး ယုံတမ်းစကား ပြောတဲ့ သူတွေ တွေ့ဖူးပါ လိမ့်မည်။ မိမိချစ်သူက ဖြစ်စေ၊ မိတ်ဆွေ အပေါင်းအသင်း ကပဲ ဖြစ်စေ၊ မိမိရဲ့ အကြီးအကဲ၊ အထက်လူကြီးက ဖြစ်စေ၊ မိမိ ယုံကြည် အားထားမိပြီ ဆိုရင် ယုံလွယ်တတ် ကြပါတယ်။

ယုံတမ်းစကားကို ယုံကြည်မိတဲ့ ဝံပုလွေဟာ တရက်ပဲ အစာငတ်မှာပါ။ ကျွန်တော်တို့ တတွေ ကတော့ ယုံတမ်းစကားကို အယုံလွယ်ပြီး လုပ်သင့် လုပ်ထိုက် လုပ်ရမယ့် ကိုယ့်အလုပ်ကို မလုပ်မိပါက တသက်စာလုံး ဘဝပျက် နိုင်ပါတယ်။

စကား ဆိုတာ ဘယ်လောက်ပဲ ချိုသာသာ ဘယ်လို လူမျိုးကပဲ ပြောပြော ဖြစ်နိုင်၊ မဖြစ်နိုင် စဉ်းစား ချင့်ချိန်ပြီးမှ ယုံကြပါ။ Crd

Post a Comment

0 Comments