သေမင်းကို လိုက်ရှာသောသူ

ဟိုးရှေးရှေးတုန်းက တိုင်းပြည်တပြည်မှာ အလွန်ဆင်းရဲ နွမ်းပါးလှတဲ့ လူတယောက်ဟာ ဆင်းရဲဒုက္ခကို မခံနိုင်တာနဲ့ လူလောကကြီးကိုငြီးငွေ့ပြီး သေချင်တယ် ဆိုပြီး သေမင်းကို လိုက်ရှာနေတယ်။

လူတွေ့တိုင်း သေမင်း ဘယ်မှာရှိသလဲ မေးနေတော့တယ်။ အမေးခံရသူတွေကလည်း သူ့ကို အရူးတယောက်လို့ ယူဆကြပြီး ဘာမှ မပြောကြဘဲ ရှောင်ဖယ်သွားကြတယ်။

ဒီလို လူအများက သူ့ကို ရှောင်ဖယ်သွားကြတာဟာ သူ အရမ်း ဆင်းရဲနွမ်းပါးလို့ အဖက်မတန် လူရာမသွင်းလိုတဲ့ သဘောလုပ်ကြတာပဲလို့ အောက်မေ့ပြီး လူတွေနဲ့ ရောရောနှောနှော မနေချင်တော့ဘဲ စိတ်အပျက်ကြီး ပျက်ပြီး ရွာကပါ ထွက်လာခဲ့တယ်။

လူသူကင်းမဲ့တဲ့ နေရာဒေသတွေကို လျှောက်ပြီး သွားလာရာက ပင်လယ်ကမ်းခြေ တခုကို ရောက်လာပါတယ်။ ဒီပင်လယ်ကမ်းခြေမှာ သေမင်းတော့ ရှိတန်ကောင်းရဲ့ဆိုပြီး သေမင်းကိုတွေ့အောင် လိုက်ရှာနေတော့တယ်။

တနေ့တော့ အဖိုးအိုကြီး တယောက်ဟာ တောင်ဝှေးတချောင်းကို ထောက်ပြီး သူ့ဆီ လျှောက်လာတာကို တွေ့ရတယ်။ အနားရောက်တော့ "လူကလေး ဘယ်ကိုသွားမလို့လဲ" လို့ အဖိုးအိုက မေးတော့ "ဆင်းရဲဒုက္ခရောက်လွန်းလို့ လောကကြီးမှာ မနေချင်တာနဲ့ သေမင်းကို လိုက်ရှာနေတယ်" လို့ ပြန်ပြောလိုက်တယ်။

အဖိုးအိုဟာ လူငယ်ရဲ့ စကားကို ကြားတော့ ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး "လူကလေး၊ မင်းဟာ အတော်ရူးတဲ့ သူငယ်ပဲ" လို့ ပြောလိုက်တယ်။ ဒီစကားကို ကြားတော့ လူငယ်ဟာ စိတ်ပျက်ပြီး လှည့်ထွက်သွားတယ်။ အဖိုးအိုက သူငယ်လက်ကို လှမ်းဆွဲလိုက်ပြီး "နေပါဦးကွယ် သွားတော့မလို့လား။ မင်းတွေ့ချင်နေတဲ့ သေမင်းက ငါပဲကွ" လို့ပြောတယ်။

"ဒီလိုဆိုရင် အရှင်သေမင်း ကျွန်တော့်ကို ကြည့်ပြီး ဘာ့ကြောင့်ရယ်နေတာလဲ။ ကျွန်တော့ကို သတ်ပါတော့လား။ ကျွန်တော် သေချင်နေတာ ကြာလှနေပြီ" လို့ ပြန်ပြောလိုက်ပါတယ်။ သေမင်းလည်း လူငယ်ကို ကြည့်ပြီး ဟက်ဟက်ပက်ပက် ရယ်လိုက်ပြန်ပြီး

"လူကလေး၊ မင်းဟာ အခု သေချင်နေပေမယ့် မင်းရဲ့သေနေ့ကို မရောက်သေးလို့ မသေနိုင်သေးဘူးကွယ့်။ သေနေ့ရောက်ရင် မင်းမသေချင်သေးလို့ ပုန်းနေပေမယ့် မလွတ်နိုင်ဘူးကွယ့်။ အဲ့နေ့ကျရင် မင်းသေရမှာ မုချပဲ" လို့ သေမင်းက ပြောလိုက်တယ်။

"ဒီလိုဆို ကျွန်တော် ဘယ်နေ့လောက်မှာ သေနေ့ကို ရောက်ပြီး သေရမှာလဲ အမိန့်ရှိပါ အရှင်သေမင်း" လို့ မေးပြန်တယ်။ သေမင်းက "မင်းဒီနေရာက ထွက်သွားပြီး ၇ ရက် စေ့တဲ့နေ့မှာ သူဌေးဖြစ်လိမ့်မယ်။ သူဌေးဖြစ်လို့ ဆယ်နှစ် ပြည့်တဲ့နေ့မှာ မင်းမုချသေရမယ်"

လို့ ပြောပြီးနောက် သေမင်းက လေးတစင်းနဲ့ မြားဆယ်ချောင်းကို ပေးလိုက်တယ်။ "ဒီလေးနဲ့ မြားကို မင်းအလိုရှိသလို အသုံးပြုနိုင်တယ်" လို့ ပြောပြီး ပျောက်သွားတယ်။

လူကလေးဟာ အဖိုးအိုပေးလိုက်တဲ့ လေးတစင်းနဲ့ မြားတွေကို ယူပြီး ထွက်လာခဲ့တာ လမ်းခရီးမှာ ထမင်းမစားရတာ ၂ ရက် ရှိပြီး ဆာကလည်း ဆာလှတာနဲ့ အနီးအနားမှာ လိုက်ကြည့်တဲ့အခါ ငှက်တကောင်ကို မြင်လို့ လေးနဲ့ ပစ်ချလိုက်တယ်။ ငှက်ဟာ ရိုးရိုးငှက် မဟုတ်ဘဲ ရွှေငှက် ဖြစ်နေတာကိုတွေ့ရတယ်။ လူကလေးဟာ ဝမ်းသာအားရနဲ့ ရွှေငှက်ကို ပိုက်ပြီး ထွက်လာခဲ့တယ်။

မကြာခင်မှာ မြို့တမြို့ ကိုရောက်လာတယ်။ ဒီမြို့ကလေးမှာ နေရာကောင်းကောင်းတခုကို သူရလာတဲ့ ရွှေငှက်နဲ့ လဲယူပြီးနောက် ဒီနေရာမှာပဲ သူအလိုရှိတဲ့ အိမ်တဆောင်၊ ရွှေငွေ အပြည့်နဲ့ ခုချက်ချင်းရောက်စေလို့ အမိန့်ပေးပြီး မြားတချောင်းကို လေးနဲ့ ပစ်လိုက်တဲ့အခါ ချက်ချင်း အိမ်တဆောင် ရွှေငွေ ပစ္စည်း အပြည့်အစုံနဲ့ ဖြစ်လာပြီး သူလည်းချက်ချင်း သူဌေးဖြစ်သွားတယ်။

ကြီးကျယ်ခမ်းနားတဲ့ စည်းစိမ်ချမ်းသာ အခြွေရံများနဲ့ ပျော်နေလိုက်တာ အချိန်တွေ ကုန်မှန်းမသိ ကုန်သွားတာလည်း သူမသိလိုက်ဘဲ၊ အဖိုးအိုပြောခဲ့တဲ့ စကားများကိုလည်း လုံးလုံး သတိမရတော့ဘဲ အပျော်အပါး စည်းစိမ်ခံစားမှုများနဲ့သာ အချိန်ကုန်နေတော့တယ်။

ဒီလိုနဲ့ ကိုးနှစ်၊ ခုနစ်လပိုင်း ရောက်လာတဲ့ တနေ့မှာ သူအိပ်ပျော်နေတုန်း သူဌေးဘဝကို မရောက်ခင်က သေမင်းနဲ့ တွေ့ခဲ့ရတဲ့ အကြောင်းတွေကို ပြန်ပြီး အိပ်မက်မက်လာလို့ သူလည်း ကြောက်ကြောက်လန့်လန့်နဲ့ အိပ်ရာကနိုးလာပြီး

"အခု မင်းသေချင်ပေမယ့် မသေသေးဘူးကွယ့်။ မင်း ဒီကထွက်သွားရင် သူဌေးဖြစ်ရအုံးမယ်။ သူဌေးဘဝနဲ့ ဆယ်နှစ် စေ့တဲ့နေ့မှာ မင်းသေရလိမ့်မယ်" လို့ သေမင်းက ပြောပြသွားတာကို ခုမှပြန်ပြီး သတိရလာတယ်။

ဒီတော့ သူဌေးစည်းစိမ်ကို ခံယူခဲ့တဲ့ နေ့ရက်တွေကို ပြန်ပြီး စဉ်းစားကြည့်တော့ ဆယ်နှစ်ပြည့်ဖို့ နောက် ၅ လပဲ လိုတော့တာကို တွေ့ရတယ်။ ဒါကြောင့် ဒီငါးလ ပြည့်ရင် သူတကယ် သေရတော့မှာပဲ ဆိုပြီး သိပ်ကြောက်ရွံ့ စိုးရိမ်နေမိတယ်။

ဒါနဲ့ မနက်မိုးလင်းတော့ တပည့်တွေကိုခေါ်၊ သူ့အတွက် ရေလုံတဲ့ သေတ္တာတလုံးကို အမြန်လုပ်စေပြီး ဒီသေတ္တာထဲမှာ မပုပ်မသိုးတဲ့ အစားအစာတွေကို ငါးလစာ အလုံအလောက်ပြည့်စုံအောင် ထည့်ခိုင်းလိုက်ပြီး သေတ္တာကို ပင်လယ်ကမ်းခြေ ရှိရာကို ယူဆောင်သွားတယ်။

ပင်လယ်ကမ်းခြေရောက်တော့ တပည့်တွေကို "ငါ ဒီသေတ္တာထဲ ဝင်ရင် မင်းတို့ အပြင်ကနေ သေတ္တာကို လုံအောင်ပိတ်ပြီး အလွန်နက်တဲ့ ပင်လယ်ရေအောက်ထဲ ချထားလိုက်။ ပြီးရင် ကမ်းပေါ်ကနေ သေတ္တာကို အလွယ်တကူနဲ့ ဆွဲတင်လို့ မရအောင် ကြိုးရှည်ရှည် ခပ်ကောင်းကောင်းတခုနဲ့ သေတ္တာကို ချည်ထားရမယ်။

ဒီနေ့ကနေ စပြီး နောက်ငါးလ ကျော်လွန်မှ မင်းတို့တွေ ဒီသေတ္တာကို ကမ်းပေါ်ရောက်အောင် ဆွဲတင်ပေးကြ" လို့ယုံကြည်ရတဲ့ တပည့်တွေကို ထပ်ခါတလဲလဲ မှာပြီး သူလည်း သေတ္တာထဲကို ဝင်သွားတော့တယ်။

တပည့်တွေကလည်း သူမှာတဲ့အတိုင်း သေတ္တာကို ပိတ်လိုက်ကြပြီး ကြိုးရှည်ရှည်တခုနဲ့ သေတ္တာကို ချည်နှောင်လိုက်ကြတယ်။ ဒီနောက် အလွန်နက်တဲ့ ပင်လယ်ရေအောက်ထဲ သေတ္တာကြီးကို ချထားလိုက်ကြတယ်။ ကြိုးစကိုတော့ ကမ်းစပ်ပေါ်ရှိ သစ်ပင်တပင်မှာ ချည်နှောင်ထားလိုက်ကြတယ်။

သေမင်းလည်း လူ့ပြည်လူ့ရွာက သေမယ့်သူများရဲ့ စာရင်းကို ကြည့်တဲ့အခါ သူဌေးလေးအလှည့် ရောက်နေတာကို တွေ့ရတယ်။ သေမင်းက "သြော်၊ ဒီသူငယ်အလှည့် ရောက်နေတာကိုး။ ငါနဲ့ ဒီတချီ တွေ့ကြသေးတာပေါ့" လို့ ကြိမ်းဝါးပြီး တမြို့ပြီး တမြို့ တအိမ်ပြီး တအိမ် လိုက်ရှာတာ သူဌေးကို မတွေ့ဘူး။

ဒါနဲ့ နောက်ထပ် တမြို့ပြီး တမြို့ တအိမ်ပြီး တအိမ် ပြန်ထပ်ရှာတယ်။ ဒါလည်း မတွေ့တော့ သေမင်းလည်း အတော်စိတ်ပျက်သွားပြီး တောတောင်မြိုင်ယံ အရပ်ရပ်ကို အမောတကော မနားမနေ လိုက်ရှာနေရတော့တယ်။

သူဌေးကလေး သေရမယ်ဆိုတဲ့ ရက်က နီးလာပြီး ၂ ရက်ထဲသာ လိုတော့တယ်။ သေမင်းကတော့ မလျှော့ဘူး။ ကြိုးစားပမ်းစား ရှာနေတာပဲ။ အဆုံးမှာ သေမင်းလည်း စိတ်အပျက်ကြီး ပျက်ပြီး လက်မှိုင်ချရမလို ဖြစ်နေတော့တယ်။ ဒီလိုနဲ့ မောမောပန်းပန်း လျှောက်လာလိုက်တာ ပင်လယ်ကမ်းခြေတခုကို ရောက်လာတယ်။

ဒါနဲ့ အမောအပန်း ဖြေအုံးမယ် ခြေလက်ဆေးအုံးမယ် ဆိုပြီး ကမ်းစပ်ကို ဆင်းသွားတဲ့အခါ ကြိုးတန်းတခုကို ခြေထောက်နဲ့ တိုက်မိပြီး လဲကျသွားတယ်။ သေမင်းလည်း စိတ်ဆိုးဆိုးနဲ့ ကြိုးကို ဆွဲလိုက်တဲ့အခါ ကြိုးက အတော်ရှည်လို့ ဖြေးဖြေးချင်း ဆွဲတင်နေရတယ်။

မကြာခင် ကြိုးဆုံးသွားပြီး သေတ္တာကြီးတလုံး ပေါ်လာတယ်။ သေမင်းလည်း ထူးဆန်းတဲ့ သေတ္တာကြီးကို အံ့သြငေးမော ကြည့်နေမိပြီး သေတ္တာကြီးကို ဖွင့်ကြည့်လိုက်တဲ့အခါ သူဌေးလေးကို သေတ္တာထဲမှာ တွေ့ရတော့တယ်။

သေမင်းက ဒေါသထွက်ထွက်နဲ့ "ဟေ့ကောင်၊ မင်းက ဒီလိုပုန်းနေလို့ လွတ်မတဲ့လား။ ငါလိုက်ရှာရတာ ဖတ်ဖတ်ကိုမောလို့။ လာ လိုက်ခဲ့စမ်း " လို့ အမိန့်ပေးလိုက်တဲ့အခါ သူဌေးလေးဟာ ကြောက်ကြောက်လန့်လန့် သေတ္တာထဲက ထွက်လာပြီး သေမင်းကို တောင်းပန်ဝန်ချလိုက်တယ်။ နောက်ပြီး "အရှင်သေမင်း ကျွန်တော်မျိုးကို ချမ်းသာပေးပါ။ ကျွန်တော်ရဲ့ စည်းစိမ်တဝက် ခွဲပေးပါ့မယ်" လို့ ပြောလိုက်တယ်။

သေမင်းက "ငါ ပြီးတဲ့တခေါက်က ပြောပြီးပြီ မဟုတ်လား။ ချက်ချင်းသေချင်တယ် ဆိုပေမယ့် သေနေ့ မစေ့သေးရင် မသေနိုင်သေးဘူး။ သေနေ့ စေ့ရင်တော့ မသေချင်ပါဘူးလို့ တောင်းပန်ပြောနေလို့ မရဘူး။ အရင်ရင်က ပြုခဲ့တဲ့ ကံ ကံရဲ့ အကျိုးအတိုင်း ဖြစ်ရမှာပဲ" လို့ပြောလိုက်တယ်။

သူဌေးကလေးက အမျိုးမျိုး တောင်းပန်ပေမယ့် မရ၊ သေမင်းဟာ ဘယ်သူ့ကိုမှ အချိန်ပို မပေးတဲ့ နည်းတူ တချိန်က ချက်ချင်း သေချင်လှပြီး အခု မသေချင်တော့တဲ့ သူဌေးလေးကိုလည်း ချမ်းသာမပေးခဲ့ပါဘူး။

သေချင်းတရားကို မည်သူမှ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ဒါ့ကြောင့် အသက်ရှင်နေစဉ် ကာလမှာ ကုသိုလ်တရားတွေနဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့သာ လိုပါတယ်။ CartoonBakery

Post a Comment

0 Comments