အသိဉာဏ်နဲ့သာ ကူညီပါ

တခါတုန်းက ပန်းထိမ်ဆရာတဦး ကွယ်လွန်သွားပြီး နောက်မှာ သူရဲ့ မိသားစုဟာ စီးပွားရေး အခြေအနေ ကျဆင်းလာ ခဲ့ပြီး နေ့စဉ် စားဝတ်နေရေး ဖြေရှင်းဖို့ အတွက်တောင် ကျန်ခဲ့တဲ့ မိသားစုတွေဟာ ခက်ခက်ခဲခဲ ဖြေရှင်းနေ ရပါတယ်။

တနေ့မှာတော့ ပန်းထိမ်ဆရာရဲ့ ဇနီးဟာ သူနှစ်ရှည် လများ သိမ်းထားတဲ့ နီလာလည်ဆွဲလေး တခုကို သိမ်းထားရာမှ ထုတ်လိုက်ပြီး သူရဲ့ သားကို ပေးလိုက်တယ်။ "သားရေ ဒီလည်ဆွဲကို ယူပြီး မင်းဦးလေး ဆိုင်ကိုသွား လည်ဆွဲကို ပေးလိုက်။ လည်ဆွဲအတွက် တန်ဖိုးငွေကို သားပြန်ယူ လာခဲ့ပါ" လို့ ပြောတယ်။

ကောင်လေးလည်း မိခင်ပြောတဲ့ အတိုင်း လည်ဆွဲကို ယူပြီး သူ့ဦးလေးဆီ သွားပေးတယ်။ ဦးလေး ဖြစ်သူက လည်ဆွဲကို ယူကြည့်ပြီး ကောင်လေးကို ပြောတယ်။

"သားရေ လည်ဆွဲကို မင်းအမေဆီ ပြန်ယူသွားလိုက်ဦး သူ့ကို ပြောလိုက်။ အခု ကျောက်မျက် ဈေးတွေ ကျနေတယ် နောက် ဈေးကောင်းတဲ့ အခါမှ ရောင်းပါ လို့ ပြော။ အခုတော့ မင်းအမေ ဈေးသုံးဖို့ ငွေအနည်းငယ်ပေးလိုက်မယ်။

သြော် ဒါနဲ့ မင်းအခု အလုပ် မရှိဘူး အားနေတယ် မဟုတ်လား။ မနက်ဖြန် ဦးလေးရဲ့ ကျောက်မျက်ဆိုင်မှာ အလုပ် လာလုပ်ကွာ။ ဦးလေးက မင်းကို လုပ်အားခ ပေးမှာပေါ့ကွ" လို့ ပြောလိုက်တယ်။

ကောင်လေးလည်း သူ့ဦးလေး ပေးလိုက်တဲ့ ငွေအနည်းငယ်နဲ့ သူတို့ မိသားစု ရေရှည် ရပ်တည်နိုင်မည် မဟုတ်ကြောင်း နားလည်လို့ နက်ဖြန်က စပြီး ဦးလေးဆိုင်မှာ အလုပ်ဆင်းမှ ဖြစ်မယ်လို့ စဉ်းစား မိတယ်။ နောက်နေ့က စပြီး ကောင်လေးဟာ သူ့ဦးလေး ဆိုင်သွားပြီး အလုပ်ဆင်းတယ်။

ဒီလိုနဲ့ သူဟာ အလုပ် လုပ်နေရင်း အဖိုးတန်ကျောက်မျက် တို့၏ အကြောင်းကို လေ့လာ သင်ယူခဲ့တယ်။ အချိန် ကြာလို့ လုပ်သက် ရင့်လာတာနဲ့ အမျှ ကျောက်မျက် အကြောင်းကို အတော်လေးလည်း စစ်ဆေး အကဲဖြတ်နိုင် လာခဲ့တယ်။ နောက်ပိုင်းမှာတော့ ကျောက်မျက်ကို ကြည့်ရှုပြီး ဈေးဖြတ်နိုင်တဲ့ အဆင့်ထိ ကျွမ်းကျင် တတ်မြောက်လာ ခဲ့တာပေါ့။

တနေ့မှာ ဦးလေးက "လူလေးရေ မင်းအမေဆီ သွားလိုက်ဦး။ အခု ကျောက်မျက်ဈေးတွေ ကောင်းနေတယ်။ ဒီအချိန် ရောင်းရင်ဈေးကောင်းရမှာလို့ ပြောပြီး နီလာ ဘယက်ကို ယူလာခဲ့" လို့ ပြောလိုက်တယ်။

အဲဒါနဲ့ ကောင်လေးလည်း အိမ်ပြန်ရောက်ချိန်မှာ သူ့အမေဆီက နီလာလည်ဆွဲကို ယူပြီး စစ်ဆေးကြည့်တော့ လည်ဆွဲဟာ အစစ် မဟုတ်ဘဲ အတုဖြစ်ကြောင်း သိသွားတယ်။

နောက်တနေ့ မှာတော့ ကောင်လေးဟာ သူ့ဦးလေးဆိုင်သို့ ပြန်လာခဲ့တယ်။ လည်ဆွဲ ကိုတော့ သူ မယူလာခဲ့ တော့ဘူး။ ဦးလေးလုပ်သူက လည်ဆွဲ ဘာလို့ ယူမလာခဲ့တာလဲ မေးတော့မှ

"လည်ဆွဲလား မယူခဲ့တော့ ဘူးလေ။ ကျွန်တော် သေသေချာချာ စစ်ဆေးကြည့် ခဲ့ပြီးပြီ။ အဲ့ဒါ အတုကြီးဗျ။ ဘာမှ တန်ဖိုးမရှိ ပါဘူးဗျာ" လို့ ပြန်ပြောလိုက်တယ်။

ပြီးနောက် ကောင်လေးက ဦးလေးကို ပြန်မေးလိုက်တယ်။ ဦးလေး အမေ့ လည်ဆွဲဟာ အတုကြီးမှန်း ဦးလေးသိပြီး ဖြစ်ပေမယ့် ဘာဖြစ်လို့ ဈေးကောင်း ရမှ ရောင်းပါ ဆိုပြီး သိမ်းခိုင်း ထားရတာလဲ"

"ဒီမယ် လူကလေး၊ မင်းလည်ဆွဲကို ယူလာခဲ့စဉ်တုန်းက လည်ဆွဲက အတုပါလို့ ငါပြောလိုက်ရင် မင်းတို့မိသားစု စိတ်ဓာတ် ပိုကျသွားမယ်။ နောက်ပြီး ငါက လိမ်ပြောတယ်လို့ မင်းတို့ ထင်ကြလိမ့်မယ်။ အခုဆို မင်းလည်း ကျောက်မျက်အကြောင်း သိနေပြီပဲ လည်ဆွဲက အတု ဆိုတာကို မင်းကိုယ်တိုင် သိသွားရတာပေါ့"

သင်ခန်းစာ – အသိဉာဏ် မပါတဲ့ ကူညီ စောင့်ရှောက်ခြင်းဟာ အထင်လွဲခြင်းနဲ့ ပျက်စီးခြင်းတို့ ဖြစ်စေနိုင် ပါတယ်။ ဒါကြောင့် အမြော်အမြင် ကြီးစွာ ဆောင်ရွက် သင့်လှပါတယ်။ Crd

Post a Comment

0 Comments