တလုပ်စားဖူး သူ့ကျေးဇူး

ငါးစီးရှင်ကျော်စွာ ပင်လယ်မြို့စား ဖြစ်သည့် ပင်လယ်မြို့ကို စားရသော အခါက အမှုတော် ထမ်းရွက်နေတဲ့ ငခင်ညို ဆိုသူ ရှိသည်။ ငခင်ညိုသည် လုပ်ရည်ကိုင်ရည် ကြံရည်နှင့် ပြည့်စုံကာ အမှုတော်ကို ကျေပွန်စွာ ထမ်းဆောင် နိုင်သော သူရဲကောင်း တဦးပဲ ဖြစ်သည်။

တနေ့တွင် ငါးစီးရှင်ကျော်စွာသည် ငခင်ညိုအား ညီတော် စစ်ကိုင်းစား အသင်္ခယာစောယွန်းကို လုပ်ကြံရန် စေလွှတ်လိုက် ပါတော့သည်။ ထို့ကြောင့် ငခင်ညိုလည်း စစ်ကိုင်းဘက်ကို ကူးသွား ခဲ့သည်။

ငခင်ညို စစ်ကိုင်း ရောက်သော်လည်း လုပ်ကြံရန်အခွင့် မသာသဖြင့် တောထဲတွင် ၃ ရက် တိုင်တိုင် ပုန်းအောင်းခဲ့ရ ပါသေးသည်။ ထိုသို့ ပုန်းအောင်း နေခဲ့ရသော ၃ ရက်လုံး ထမင်း တနပ်မှ မစားခဲ့ရပေ။

၃ ရက်မြောက် ညတွင် ငခင်ညိုသည် နန်းတော်သို့ တိတ်တဆိတ် ဝင်၍ သွားပါ တော့သည်။ ထိုအခါ အသင်္ခယာစောယွန်းက မင်းမဟာဂီရိနတ်ကို ဆက်သ ထားသည့် ရွှေစလောင်းနှင့် ထမင်း၊ အမဲသား တို့ကို ငခင်ညို တွေ့လေရာ ဆာလောင် မွတ်သိပ်လှ သောကြောင့် စားမိ ပါတော့သည်။

ထမင်း စားပြီးနောက် အသင်္ခယာစောယွန်းကို လုပ်ကြံရန် နန်းတော်ဆောင် အတွင်းသို့ ဝင်ရာ အိပ်ပျော် နေသည်ကို တွေ့လိုက်ရ၏။ ထိုအခါ ငခင်ညိုက

"ဤမင်းသည် ငါ၏ ထမင်းရှင် ကျေးဇူးရှင် ဖြစ်နေပေပြီ၊ ကျေးဇူးရှင်ကို ပြစ်မှားပါက ငါ၌ အပြစ်အလွန်ကြီး ပေလိမ့်မည်။ အကယ်၍ မသတ်ဘဲ ပြန်သွားပါက ငါ့သခင်က ငါ့ကို သတ်ချေမည်။

ဤသို့ အသတ်ခံ ရလျှင် ဘဝ တသက်သာ သေရမည်၊ ထမင်းသခင် ကျေးဇူးရှင်ကို သတ်လျှင်ကား သံသရာ ရှည်လျားစွာ ခံရပေမည်"

ထိုသို့ စဉ်းစားရင်း ဓားကို ထုတ်ချည် သွင်းချည် ပြုနေရာမှ "ငါ့ရှင်က စစ်ကိုင်းမင်းထံ မရောက်ဘဲ ရောက်သည်" ဟု အမိန့်တော် ရှိလျှင် ရောက်ကြောင်း ပြရန်အတွက် အသင်္ခယာ စောယွန်း၏ ပတ္တမြား ကျောက်စီဓား ကိုသာ ယူ၍ ပြန်လာခဲ့သည်။

ပင်လယ်မြို့သို့ ရောက်လျှင် ငါးစီးရှင် ကျော်စွာလည်း "အစီအမံ ပြီးခဲ့ပြီလော" ဟု မေးတော် မူသောအခါ ငခင်ညိုလည်း မိမိစိတ်နှလုံး ထဲတွင် ရှိသည့်အတိုင်း ပြည့်စုံစွာ လျှောက်ထားကာ ပတ္တမြားကျောက်စီဓားကို ဆက်သလိုက်၏။

ငါးစီးရှင်ကျော်စွာလည်း အမျက်ထွက်တော် မမူဘဲ "ငါ့ကျွန်သည် ထမင်း တစလောင်းကိုမျှ စားဖူးရုံဖြင့် သူ့ကျေးဇူးကို သိတတ်ပေသည်။ သားမယားနှင့် တကွ နေ့စဉ် ကျွေးမွေးထားသော ငါ၏ ကျေးဇူးကိုကား အဘယ်မှာ ဆိုဖွယ်ရာ ရှိအံ့နည်း"

ဤသို့ မိန့်တော် မူပြီးလျှင် ကျွန်တော်ရင်း ငခင်ညိုကို များစွာသော ဆုလာဘ်ဖြင့် ချီးမြှောက်တော် မူလိုက် ပါတော့သည်။

မိဘ ၂ ပါးရဲ့ ကျေးဇူး၊ ဆရာသမားများရဲ့ ကျေးဇူးနဲ့ မိမိအပေါ် ကျေးဇူး ရှိခဲ့ဖူးတဲ့ သူများရဲ့ စေတနာကို အထူး အမှတ်ထားပြီး ကျေးဇူး တုန့်ပြန်တတ် စေဖို့ ရည်ရွယ်၍ တင်ဆက် ပေးလိုက်ရ ပါတယ်။ Crd

Post a Comment

0 Comments