တခါက တိုင်းပြည် တပြည်မှာ အလွန်တော်တဲ့ ပန်းပုဆရာ တယောက် ရှိပါတယ်။ သူ့ရဲ့ ပန်းပုပညာဟာ ဘယ်လောက် လက်ရာ မြောက်သလဲ ဆိုရင် အစစ် နဲ့တောင် ခွဲဖို့ ခက်လှပါတယ်။
တည မှာတော့ ပန်းပုဆရာဟာ ထူးဆန်းတဲ့ အိပ်မက် တခု မက်တယ်။ အိပ်မက်ထဲမှာ သေမင်းက နောက် ၁၅ ရက် အကြာမှာ သူ့ကို လာခေါ်မယ် လို့ အသေအချာ ပြောသွားတာမို့ ပန်းပု ဆရာဟာ အရမ်း တုန်လှုပ် သွားခဲ့တယ်။
အဲဒါနဲ့ ပန်းပုဆရာဟာ သူနဲ့ ပုံစံတူ ပန်းပုရုပ် (၉) ရုပ်ကို နေ့မနား ညမနား ပြီးမြောက်အောင် ထုလုပ် ပါတော့တယ်။ သေမင်းလာခေါ်မယ့် နေ့မှာတော့ ပန်းပုဆရာဟာ သူ့ပုံစံတူ ပန်းပု (၉) ရုပ်တွေ ကြားမှာ ရောပြီး ဝင်နေလိုက်တယ်။
သေမင်းဟာ ပန်းပုဆရာ (၁၀) ယောက်ကို မြင်လိုက် ရတဲ့ အချိန်မှာ ပန်းပုဆရာလား ရုပ်ထုလား ခွဲခြားမရတဲ့ အတွက် အတော် အကြပ်ရိုက် သွားတယ်။
ပန်းပုဆရာ ကိုလည်း စိတ်ဆိုးဆိုးနဲ့ ထွက်လာဖို့ ပြောပေမယ့် ပန်းပုဆရာက မလှုပ်မယှက် ဟန်ဆောင်ထားတဲ့ အတွက် အရာ မရောက်ဘူး။ အတန်ကြာ စဉ်းစားပြီး တော့မှ သေမင်းက စကားတခွန်း ပြောလိုက်တယ်။
"ပန်းပုဆရာ သင့်ရဲ့ ပန်းပုရုပ်တွေဟာ တကယ့်ကို အစစ်နဲ့ မခြား အသက်ဝင် လှပါတယ်။ ဒါပေမယ့် အားနည်းချက် တခု ရှိနေတာ ကိုတော့ သင်သတိ မထားမိ ခဲ့ဘူး"
ပန်းပု ဆရာဟာ သူ့ပညာနဲ့ ကြံဆ ထုလုပ်မှု အပေါ် ဝေဖန် လိုက်တဲ့ အားနည်းချက် ဆိုတဲ့ စကားကို မခံမရပ်နိုင် ဖြစ်သွားတယ်။ ဒါကြောင့် ရုပ်ထုတွေ ကြားထဲက ထွက်ပြီး မေးလိုက်တယ်။
"ကျွန်တော့ အားနည်းချက် ဆိုတာ ဘယ်မှာလဲ ပြပါ" ဆိုတော့ သေမင်းက သူ့ကို ဖမ်းလိုက်တယ်။ ပြီးတော့ ပြောလိုက်တယ်။ " ဒီမှာပဲ" တဲ့။
တကယ်တော့ ရုပ်ထုတွေ အားလုံးဟာ အားနည်းချက် မရှိအောင် ပြည့်စုံ ကောင်းမွန် လှပါတယ်။ ပန်းပုဆရာဟာ သူ့ရဲ့ ပညာအပေါ် ထားတဲ့ မျက်မာန် ဒေါသကြောင့်ပဲ သေမင်းရဲ့ ဖမ်းဆီး ခေါ်ဆောင်ခြင်းကို ခံလိုက် ရတာ ဖြစ်ပါတယ်။
သင်ခန်းစာ - အတွေး အခေါ်တွေ ပညာတွေဟာ ပြည့်စုံ ကောင်းမွန် နေခဲ့ရင်တောင် အဲဒီ ပညာအပေါ် ထားရှိတဲ့ မာန်မာန ဒေါသ တွေကြောင့် ကျရှုံး သွားနိုင် ပါတယ်။ ဘဝရသ
0 Comments