အိပ်နေသောနဂါး

လူတယောက်တွင် ဂုဏ်သိက္ခာသည် အရေးကြီး၏။ လူ့ဂုဏ်သိက္ခာသည် ထိုသူ၏ အင်အား (စွမ်းအား) တခုလည်း ဖြစ်သည်။ ပြောင်းပြန် အနေဖြင့် ကောက်လျှင် သိက္ခာမရှိက စွမ်းအားလည်း မရှိဟု ဆိုရမည်။

ဂုဏ်သိက္ခာ ဆိုသည်မှာ အဟန့်အတားလည်း ဖြစ်သည်။ ဂုဏ်သိက္ခာ ဆိုသည်မှာ အကြောက်တရား ကိုလည်း ဖြစ်စေသည်။ ဂုဏ်သိက္ခာ မဲ့လာပြီ ဆိုလျှင် ထိုသူတဦးတွင် ဘာလုပ်လုပ်၊ ဘာပြောပြော အရာ မထင်တော့။ ဂုဏ်သိက္ခာ တခုတည်းနှင့် တိုက်ပွဲကို အောင်နိုင်ခဲ့သူ အကြောင်း ပြောပြချင်ပါသည်။

အေဒီ ၂၀၇ -၂၆၅ ကာလတွင် တရုတ်နိုင်ငံအတွင်း ပြည်နယ် သုံးပြည်နယ်၌ စစ်ပွဲများ အကြီးအကျယ် ဆင်နွှဲလျက် ရှိသည်။ ရှုပြည်နယ်၏ စစ်တပ်ကို ဦးဆောင်ရသော ဗိုလ်ချုပ် ချူကိုလင်းသည် မြို့ငယ်လေး တမြို့တွင် ရောက်ရှိပြီး စခန်းချ နေလေသည်။ သူတပ်သားက ရာဂဏန်း လောက်သာ ရှိသည်။

တနေ့တွင် ခြေမြန်တော် စစ်သားက ရောက်လာပြီး မိမိ၏ ပြိုင်ဘက် စိမယီ ဦးဆောင်သော တပ်သား တသိန်းခွဲ တပ်ကြီးသည် မိမိတို့ မြို့လေးကို ဦးတည်လာနေပြီ ဖြစ်ကြောင်း သတင်းပို့သည်။ တရာနှင့် တသိန်းကျော် ရင်ဆိုင်ရမည့် ပွဲကား အင်အားချင်း နှိုင်းယှဉ်၍ မဖြစ်နိုင် လောက်အောင်ပင်။

ချူကိုလင်း အနေအထားမှာ လက်နက်ချကာ အဖမ်းခံ လိုက်ရုံသာ ဖြစ်သည်။ သို့သော် ချူကိုလင်း ဘာလုပ်သနည်း။ သူက မြို့ရိုးပေါ်တွင် လွှင့်ထူထားသော အလံတွေကို ဖြုတ်သိမ်းခိုင်း လိုက်သည်။

ထို့နောက် မြို့တံခါးကို ဖွင့်ထားရန်နှင့် သူ့တပ်ကို မြို့ထဲတွင် ပုန်းအောင်း နေကြရန် အမိန့်ပေးလိုက်သည်။ သူ့တပည့်များက နားမလည်စွာဖြင့် အမိန့်အတိုင်း လုပ်ကြသည်။

ချူကိုလင်းသည် ကိုယ်ပေါ်တွင် တာအိုဘုန်းတော်ကြီးများ ဝတ်ဆင်သည့် ဝတ်ရုံကြီးကို ခြုံလိုက်ပြီး မြို့ရိုးထက်ကို တက်သွားလေသည်။ မြို့ရိုးထက်ကို ရောက်သည့် အခါတွင် ကုလားထိုင် တလုံး၌ ကျကျနန ထိုင်ကာ နေလေသည်။ သူ့ပတ်လည်တွင် အမွှေးတိုင်တွေ ထွန်းထားပြီးနောက် ပလွေကို မှုတ်ကာ သီချင်းဆို နေတော့သည်။

ထိုအချိန်တွင် ရန်သူတပ်ကြီးက မြို့ပတ်လည်ကို ဝိုင်းလာပြီ။ ရန်သူကို ဂရုမစိုက် ပလွေမှုတ်ရင်း သီချင်းဆို နေသော သူ့ကို ရန်သူတပ်ကြီးက အံ့အားသင့်စွာ ကြည့်နေကြသည်။ ရန်သူတပ်က မြို့တံခါးအနီး ရောက်လာပြီ။ ခေါင်းဆောင်လာသည့် စိမယီက သူ့ပြိုင်ဖက်သည် အဘယ်ကြောင့် မြို့ရိုးပေါ် တက်ကာ ပလွေမှုတ်လိုက် သီချင်းဆိုလိုက် လုပ်နေရသနည်း ဆိုပြီး အံ့အားသင့်ကာ ငေးကြည့်နေသည်။

စိမယီက မြို့ရိုးတံခါးကြီး ဖွင့်ထားသော်လည်း သူ့တပ်ကို ဝင်ရန် အမိန့်မပေးသေး။ ချူကိုလင်းတွင် ဘာအကြံတွေ ရှိနေသနည်းဆိုခြင်းကို တွေးရခက် နေသည်။ စစ်ဗိုလ်တယောက် အနေဖြင့် တာအိုဝတ်ရုံကို ဝတ်ကာ ပလွေမှုတ်ပြီး သီချင်းဆိုစရာ အကြောင်းမရှိ။

တခုခုကို ပိုင်နိုင်စွာ အစီအမံ ရှိထားနိုင်သည်ဟု ထင်ပြီး သူ့တပ်ကို ရပ်ဆိုင်းထားလိုက်သည်။ ထို့နောက် တပ်ကို နောက်ပြန်ဆုတ်ခိုင်း လိုက်တော့သည်။

ချူကိုလင်းကို "အိပ်နေသောနဂါး" (Sleeping Dragon) ဟု ထိုခေတ်က သိကြသည်။ အိပ်နေသော နဂါးဘွဲ့ ကပင် သူ၏ ဂုဏ်သိက္ခာ တခု ဖြစ်သည်။ သူ၏ အားမှာ အရေအတွက် မဟုတ်၊ လက်နက် မဟုတ်၊ ဉာဏ်ကို သုံးကို တိုက်ပွဲတိုင်းကို နိုင်အောင် တိုက်နိုင်ခြင်းပင် ဖြစ်သည်။

စိမယီက သူကို အကြိမ်ပေါင်း တဒါဇင်ခန့် တိုက်ခဲ့သော်လည်း မအောင်နိုင် ရခြင်းမှာ ဂုဏ်သိက္ခာ အရှိန်အဝါ ကြောင့်လည်း ပါသည်။ တသိန်းခွဲရှိသော တပ်ကို ကြောက်အောင် ခြောက်နိုင်စွမ်းသည် သူဘာလုပ်မည်ကို မခန့်မှန်းနိုင်ခြင်း ဖြစ်သည်။

မြို့ကို တံခါးဖွင့် ထားသည်၊ တမြို့လုံး တိတ်နေသည်။ ချူကိုလင်းက ပလွေမှုတ်ပြီး မြို့ရိုး ပေါ်တွင် သီချင်းဆို နေသည်။ ယင်းမှာ ချူကိုလင်း၏ ဗျူဟာ ဖြစ်သည်။

အိပ်နေသော နဂါးကို သွားမနှိုးနှင့် ဆိုသော စကား ရှိသည်။ ချူကိုလင်း ဆိုသော နဂါးက သူ့ဂုဏ်သိက္ခာနှင့်သူ နေသည်။ ထိုဂုဏ်သည် ဆိုးမိုက်သော ဂုဏ်မဟုတ်၊ အရှက်မဲ့စွာ လုပ်ရဲသော ဂုဏ်မဟုတ်။ ဂုဏ်သိက္ခာ ရှိသော သူသည် အခြားသူ တဦးတယောက်၏ အရှက်မဲ့စွာ သိက္ခာချခြင်းကို မှုစရာ မလိုပေ။

ဂုဏ်သိက္ခာသည် ချချင်တိုင်း ချနိုင်သည့် အရာလည်းမဟုတ်။ ဂုဏ်သိက္ခာ မဲ့သူက ဂုဏ်သိက္ခာ ရှိသူကို အလိုလို ကြောက်နေရ ရိုးသာ ရှိသည်။ ဂုဏ်သိက္ခာ ဆိုသည်မှာ ကိုယ်လုပ်နေသည့် လုပ်ရပ်အပေါ် မူတည်ပြီး ကိုယ့်လူ့ဘောင် အသိုက်အဝန်းက အဆုံး အဖြတ် ပေးရသော ကိစ္စ ဖြစ်သည်။

လူဆိုး လူမိုက် လူယုတ်မာကို သူတော်ကောင်းဟု မှတ်ယူကာ ကိုးကွယ်လေ့ မရှိ။ (Ref: The 48 Laws of Power, Robert Greene) တင်ညွန့် ၈.၅.၂၀၂၂

Post a Comment

0 Comments