ဒေါသထွက်ရင် ဘာကြောင့် အော်ရသလဲ

တခါတုန်းက သူတော်စင် တဦးဟာ တပည့်တွေနဲ့ အတူ မြစ်ကမ်းတခုကို ရေချိုးဆင်း လာပါတယ်။ အဲ့ဒီ မြစ်ကမ်းမှာ မိသားတစုဟာ တယောက်နဲ့ တယောက် ဒေါသထွက်ပြီး အပြန်အလှန် အော်ဟစ် ပြောဆိုနေ ကြပါတယ်။ သူတော်စင်က သူ့တပည့်တွေဘက် လှည့်ပြီး အပြုံးလေးနဲ့ မေးလိုက်ပါတယ်။

"လူတွေ စိတ်တိုတဲ့ အခါမှာ ဘာကြောင့် အော်ဟစ် ပြောဆို ကြတာလဲ" ဆိုတော့ တပည့်တွေက အချိန် အတန်ကြာ စဉ်းစားနေ ကြပါတယ်။ သူတို့ထဲက တယောက်က ပြောတယ်။

"ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ရဲ့ စိတ်ကို ငြိမ်ငြိမ်သက်သက် မထားနိုင်တော့ ဘူးလေ။ ဒါကြောင့် ကျွန်တော်တို့ အော်ကြတာပေါ့"

သူတော်စင်က ပြန်မေးပါတယ်။ "ဟုတ်ပြီ ကိုယ့်ဘေးနား မှာတင် ရှိနေတဲ့ လူကိုကော ဘာကြောင့် အော်ပြော နေကြတာလဲ။ မင် းပြောချင်တာကို ဖြည်းဖြည်း ပြောလို့လည်း ကြားနေရတာပဲ"

တပည့်တွေက တခြားအဖြေတွေ အမျိုးမျိုး ထပ်ပေးကြ ပါသေးတယ်။ ဒါပေမဲ့ ကျေနပ်လောက်တဲ့ အဖြေမျိုး မပေးနိုင် ကြပါဘူး။ နောက်ဆုံးမှာတော့ သူတော်စင် ပုဂ္ဂိုလ်က ရှင်းပြပါတယ်။

"လူနှစ်ယောက်ဟာ တယောက်ကို တယောက် စိတ်ဆိုး ဒေါသထွက်တဲ့ အခါ သူတို့ နှလုံးသားတွေဟာ ဝေးကွာသွားတယ်။ အဲ့ဒီ အကွာအဝေး ကနေ ကြားနိုင်ဖို့ တယောက်ကို တယောက် အော်ပြောနေ ကြရတာ ပါပဲ။

သူတို့ ဒေါသ ပိုထွက်လေလေ သူတို့ကြားက အကွာအဝေး ပိုများလာလေလေ ဖြစ်တဲ့အတွက် ပိုပြီး ကျယ်ကျယ် အော်ပြောရ လေလေပါပဲ။

လူနှစ်ယောက် တယောက်ကို တယောက် မေတ္တာရှိတဲ့ အခါမှာ ဆိုရင်ကော ဘယ်လို ဖြစ်မယ် ထင်လဲ။ သူတို့ဟာ တယောက်ကို တယောက် အော်ဟစ်ပြီး မပြောကြပါဘူး။ နူးနူးညံ့ညံ့ ညင်ညင်သာသာနဲ့ ဖြည်းဖြည်းပဲ ပြောကြပါတယ်။

ဘာကြောင့်လဲ ဆိုတော့ သူတို့ နှလုံးသားချင်း အရမ်း နီးကပ်သွားပြီလေ။ သူတို့ ကြားထဲက အကွာအဝေးဟာ အရမ်းနည်းပြီး မရှိသလောက်ကို ဖြစ်သွားလို့ ပါပဲ"

သူတော်စင်က ဆက်ရှင်းပြပါတယ်။ "သူတို့ တယောက်နဲ့ တယောက် အရမ်း ချစ်သွားတဲ့ အခါကျရင်ကော ဘာဖြစ်လာမလဲ။ သူတို့ စကားကို မပြောတော့ ပါဘူး။ လေသံလေး လောက်နဲ့ပဲ ပြောဆို ကြပါတယ်။ တယောက်နဲ့ တယောက်ဟာ အချစ်ကြောင့် အရမ်း နီးကပ်သွားကြလို့ပဲ ဖြစ်ပါတယ်။

နောက်ဆုံးတော့ သူတို့ လေသံလေး နဲ့တောင် ပြောနေဖို့ မလိုတော့ ပါဘူး။ တယောက်နဲ့ တယောက် ကြည့်နေရုံ လေးနဲ့ကို နားလည် နေနိုင်ကြပါပြီ။ ဒါဟာ တယောက်နဲ့ တယောက် ချစ်သွားကြတဲ့ အခါ လူနှစ်ယောက် ဘယ်လောက် နီးကပ်သွားသလဲဆိုတာပါပဲ"

သူတော်စင်က သူ့တပည့်တွေကို ကြည့်ပြီး ပြောပါတယ်။ "ဒါကြောင့် မင်းတို့ စကားများတဲ့ အခါမှာ မင်းတို့ရဲ့ နှလုံးသားတွေကို မဝေးကွာ စေပါနဲ့။ တယောက်နဲ့ တယောက် ပိုဝေးကွာစေမယ့် စကားမျိုးကိုလည်း ထပ်မပြောပါနဲ့။

ဒါမှ မဟုတ်ရင် မင်းတို့ကြားက အကွာအဝေးဟာ အရမ်း ကြီးမားပြီး ပြန်လည် ဆုံဆည်းဖို့ မဖြစ်နိုင်လောက်တဲ့ တနေ့ကို ရောက်ရှိ သွားပါလိမ့်မယ်" Crd နှိုင်းရင့်နွေ

Post a Comment

0 Comments