အစုတ်ပေးရင် အပုပ်ပဲ ရမယ်

"ဟင်" "ဟာ"

ရန်ကုန်မှ မန္တလေးသို့ သွားသော ရထား ပေါ်တွင် ဖြစ်သည်။ ရထားပေါ်မှာ ပါလာတဲ့ ခရီးသည် တဦးရဲ့ လက်ထဲမှာ ဟောင်းနွမ်းနေတဲ့ ၂၀၀ တန် အစုတ်လေး တရွက်။

သူက လာသမျှ ဈေးသည်တွေကို အဲဒီ ပိုက်ဆံ လေးနဲ့ လိုက်ဝယ် နေတယ်။ ဒါပေမယ့် ဈေးသည် တော်တော် များများက "ဒီပိုက်ဆံလေး ပြန်လဲပေး ပါဦး" ဆိုပြီး လဲခိုင်းတယ်။

ဒီတော့ သူ စဉ်းစား နေတယ်။ "အင်း ဒီအတိုင်း ဝယ်နေလို့ ကတော့ အဆင်ပြေမှာ မဟုတ် ဘူး။ ငါ နောက်ဘူတာကို ရောက်ရင် ရထား ထွက်ခါနီး မှပဲ ဝယ်မယ်။ ဒီလို ဆိုရင် သူတို့ ပြန်လဲခိုင်းလို့ ရမှာ မဟုတ်တော့ဘူး" ဆိုပြီး သူ့အကြံနဲ့ သူကတော့ ဟုတ်လို့ပေါ့။

နောက်လာမယ့် ဘူတာ မှာလည်း ဈေးသည် တယောက်။ သူကတော့ ရောင်းလို့ မကုန်တဲ့ ထမင်းသိုး တွေကို ရထား ထွက်ခါနီးမှ အပြေးအလွှား လိုက်ရောင်းတယ့် ဈေးသည်။

ဘူတာကိုလည်း ရောက်၊ ရထား ပြန်ထွက်ခါနီး ဥသြလည်း ဆွဲရော။ ရထားဘီးတွေ ကလည်း တလိမ့်ချင်း လိမ့်စ ပြုလို့။ ဒီတော့မှ ဈေးသည်က "ထမင်းတွေ ရမယ် ထမင်းတွေ ရမယ် ပူပူနွေးနွေး လေးနော်၊ တထုပ်မှ ၂၀၀ ပဲ ယူကြဦးမလား"

နှစ်ရာတန် အစုတ် ကိုင်ထားတဲ့ ခရီးသည်ကလည်း "လာဦးဗျို့ တထုပ်လောက် ပေးပါ" "ဟုတ်ကဲ့ ရော့ ရော့၊ ပိုက်ဆံ ချပေးလိုက်လေ" "အေး အေး"

ခရီးသည် ကလည်း ပိုက်ဆံ အစုတ်လေး ထွက်သွားပြီး ထမင်း ထုပ်လေး ရလာတော့ သူ့ကိုသူ ဟုတ်လှပြီပေါ့။ ဈေးသည်ကလည်း ထမင်းသိုး တထုပ်က ပိုက်ဆံနှစ်ရာ ပေးတယ် ဆိုတော့ ဝမ်းသာ လို့လေ။

ရထားပေါ်က ပစ်ချလိုက်လို့ လေထဲ ဝဲနေတဲ့ ပိုက်ဆံလေးကို အမိအရ ဖမ်းပြီးတော့မှ "ဟင်"

ခရီးသည်ကလည်း ဈေးသည်ကို လှမ်းအကြည့်။ သနားပါတယ် ဆိုတဲ့ သဘောပေါ့။ ပြီးတော့မှ ထမင်းစားမယ် ဆိုပြီး အိတ်ဖွင့် လိုက်တော့မှ "ဟာ"

မိတ်ဆွေတို့ရေ။ ဒီ "ဟင်" နဲ့ "ဟာ" ကို အနှစ်ချုပ်ရင် "အစုတ် ပေးရင် အပုပ် ရတယ်။ အပုပ်ပေးရင် အစုတ် ရတယ်" ဆိုတဲ့သဘောပါ။

စိတ်ထားလေးတွေ မကောင်းသရွေ့ အကျိုးပေးလည်း ညံ့တတ်တယ် ဆိုတာ သတိရစေ ချင်လို့ပါ။ တန်ရာတန်ရာပေါ့ဗျာ။ လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ Crd

Post a Comment

0 Comments