သေဆုံးသွားသော လျှို့ဝှက်ချက်

တခါတုန်းကပေါ့။ ဘိုခါရာ ဆိုတဲ့ မြို့မှာ ကုန်သည်ကြီး တယောက် ရှိတယ်။ သူ့ခေတ်ကာလ အလျောက် ကြွယ်ဝ ချမ်းသာ ပါတယ်။ သူ့မှာ အလှမွေးထားတဲ့ ကြက်တူရွေး တကောင် ရှိတယ်။ ကြွားဝါတတ်တဲ့ ကုန်သည်ကြီးဟာ အဲဒီ ကြက်တူရွေးကို ရွှေလှောင်အိမ်နဲ့ ထည့်ထားတယ်။

တနေ့တော့ ကုန်သည်ကြီးဟာ ခရီးထွက်ဖို့ ကိစ္စ ကြုံလာတယ်။ အဲဒီတော့ သူ့အိမ်သား တွေကို "ကဲ ဘယ်သူ ဘာမှာကြ မလဲ" လို့ မေးတာပေါ့။ အိမ်သူ အိမ်သားတွေက တယောက်တပေါက် ဝိုင်းမှာကြတယ်။ ပိုးထည်ဝတ်ရုံ၊ ကြိုးဆွဲပုတီး၊ ဖန်လက်ကောက် စသည်ဖြင့်ပေါ့။

ခရီးထွက်ခါနီးမှာ သူဌေးက အနောက်အပြောင် သဘောနဲ့ ကြက်တူရွေးကိုပါ ထပ်မေးတယ်။ "မင်းရော ငါ့ကို ဘာမှာဦးမလဲ" ဆိုတော့ ကြက်တူရွေးက တော်တော် စဉ်းစားပြီးမှ ပြန်ဖြေတယ်။

"ကျွန်တော့်အတွက် ဘာမှ မလိုအပ်ပါဘူး" "အေးလေ မင်းကို ဘာမှ မလိုအပ်အောင် ငါ ထားတာပဲ" "တခုပဲ အမှာစကား ပါးချင်ပါတယ်" "ပြော ဘာလဲ"

"သူဌေးမင်းရဲ့ လက်ရှိ ခရီးဟာ တောအုပ်တခုကို ဖြတ်သွားရမှာ ဖြစ်ပါတယ်" "ငါသိတယ် ဘာဖြစ်လဲ ဆက်ပြော"

"အဲဒီမှာ ကျွန်တော့်ရဲ့ မျိုးတူ ကြက်တူရွေးတွေကို တွေ့ရင် ကျွန်တော်က နှုတ်ဆက်လိုက်ကြောင်း ပြောပေးပါ" ဆိုတော့ ကုန်သည်ကြီးက "တဟားဟား" ရယ်ပါတယ်။ "စိတ်ချ စိတ်ချ ငါ ပြောလိုက်မယ်" လို့လည်း ဆိုပါတယ်။

နောက်တော့ သူ့ခရီးကို စထွက်တယ်။ ခရီးက ချောချောမောမော ပါပဲ။ အိမ်သားတွေ မှာလိုက်တဲ့ ပစ္စည်းတွေ ကိုလည်း စုံစုံလင်လင် ဝယ်ယူခဲ့ ပါတယ်။ ကြက်တူရွေးကလေး မှာလိုက်တဲ့ ကိစ္စကိုတော့ အပြန်ခရီးကြမှ သတိရ တော့တယ်။

အဲဒါနဲ့ပဲ အဲဒီတောအုပ်ကို ပြန်အဖြတ်မှာ "ဟေး ကြက်တူရွေးကလေးတို့" ဆိုပြီး ကြက်တူရွေးတွေ စုစည်း နားခိုနေတဲ့ သစ်ပင်ကြီး တပင်အောက်မှာ သူ အော်ဟစ် စကားစလိုက်တယ်။ "မင်းတို့ အားလုံးကို ရွှေဂဲက သတိရ ပါတယ်"

ကြက်တူရွေးတကောင်က ပြန်မေးတယ်။ "ဘယ်က ရွှေဂဲလဲ" "ဘိုခါရာမြို့က ရွှေဂဲလေ" "သူက ဘယ်ရောက် နေလို့လဲ" "ဘိုခါရာ မှာပဲပေါ့။ ငါ့အိမ်က ရွှေလှောင်ချိုင့် ထဲမှာ ရှိတယ်"

"အို" အဲဒီစကား ကိုလည်း ကြားရော အဲဒီ ကြက်တူရွေးလေးဟာ တဆတ်ဆတ် တုန်ယင်လာတယ်။ ပြီးတော့ သစ်ကိုင်းပေါ်ကနေ ဘုတ်ခနဲ ပြုတ်ကျပြီး သေဆုံးသွား တော့တယ်။

ကုန်သည်ကြီးဟာ အဲဒီ မြင်ကွင်းကို တွေ့ပြီး စိတ်မကောင်းဘူး။ မိတ်ဆွေအပေါ် အတော်ချစ်ရှာတဲ့ ကြက်တူရွေးကလေးလို့ သတ်မှတ်မိတယ်။ စိတ်မချမ်းမသာနဲ့ပဲ သူ့ခရီးဆက်လို့ အိမ်ပြန်လာခဲ့ ရတာပေါ့လေ။

အိမ်ရောက်တော့ ကျန်တဲ့သူတွေကို လက်ဆောင်ပစ္စည်း ဝေငှပေးတယ်။ နောက်ဆုံးကျမှပဲ ရွှေလှောင်ချိုင့်ထဲက ကြက်တူရွေးလေးဆီ သူ လေးတိလေးကန် ရောက်သွားတယ်။

"ရွှေဂဲရေ မင်း မှာတာကို ငါ ပြောခဲ့ပါတယ်" "သူတို့က ဘာပြန်ပြောလဲ သူဌေးကြီး" "အေးကွာ သူ့တို့ထဲက တကောင်က မင်းအကြောင်းတွေ ပြန်မေးရင်း သစ်ပင်ပေါ် ကနေ ပြုတ်ကျ သေသွားတာပါပဲ"

"ဗျာ" ရွှေဂဲကလည်း တဆတ်ဆတ် တုန်ယင်လာတယ်။ သူကိုယ်တိုင်လည်း ခြေကုပ် မမြဲတော့ဘဲ လှောင်အိမ်ထဲမှာ "ဘုတ်" ခနဲ ပြုတ်ကျ သေဆုံးသွား တော့တယ်။

"ဟာ ဖြစ်ပြန်ပြီ" သူဌေးကြီး ဆိုတဲ့ ကုန်သည်ကြီးဟာ အတော့်ကို တုန်လှုပ် ချောက်ချား သွားတယ်။ "ဪ တော်တော် ချစ်ကြတဲ့ သူငယ်ချင်းတွေ ပဲကိုး" ဆိုပြီး သူဌေးကြီးဟာ ကြက်တူရွေးလေး ရွှေဂဲကို လှောင်ချိုင့်ထဲက ထုတ်ပြီး စားပွဲပေါ် တင်ထားလိုက်တယ်။ အဲဒီအချိန်မှာပဲ သေနေပြီလို့ ထင်ထားရတဲ့ ရွှေဂဲက တဖျပ်ဖျပ်နဲ့ အားယူ ထပျံပြီး

"အိုး သူဌေးကြီး၊ သင် တွေ့ခဲ့ရသော ကြက်တူရွေးသည် အမှန်တကယ် သေဆုံးခြင်း မဟုတ်။ နည်းနာပေးခြင်း ပါပဲ။ သူ့လို လုပ်ရင် လှောင်ချိုင့်ထဲက လွတ်မယ်လို့ အမူအရာနဲ့ သွန်သင် ပြလိုက်ခြင်း ပါပဲ။ အခုတော့ ကျွန်တော် လွတ်မြောက်သွားပြီ။ ကျေးဇူးတင် ပါတယ် သူဌေးကြီး။ ဟား ဟား ဟား" ဆိုပြီး အားယူ ပျံတယ်။ ကြမ်းပြင်ပေါ် ဘုတ်ခနဲ ပြန်ကျလာတယ်။

ခုနက စကားကို ထပ်ပြောပြီး အားယူ ပျံတယ်။ ဘုတ်ခနဲ ပြန်ပြုတ်ကျ တယ်။ "အခုတော့ ကျွန်တော် လွတ်မြောက်သွားပြီ။ ကျေးဇူးတင်ပါတယ်။ သူဌေးကြီး ဟား ဟား ဟား" အားယူပျံတယ် ဘုတ်ခနဲ ပြန်ပြုတ်ကျ လာတယ်။ ဒီတခါတော့ ပြန်တောင် မထနိုင် တော့ဘူး။

ကုန်သည်ကြီးကတော့ အူကြောင်ကြောင်ပါပဲ။ သူ ပျံတက်သွားရင် လိုက်မော့ကြည့်လိုက်၊ သူပြန်ပြုတ်ကျ လာရင် လိုက်ငုံ့ကြည့် လိုက်နဲ့ ဘာမှန်းတောင် နားလည်ပုံ မရဘူး။ ရွှေဂဲ မှာလည်း ကြုံးဝါးရုံ သက်သက်က လွဲပြီး အကောင်အထည် မဖော်ပြနိုင်တဲ့ အနေအထားလေ။ မပျံရတာ ကြာလို့ သူ့ရုပ်ခန္ဓာကို စိတ်က မလိုက်နိုင်တော့ဘူး။ ပြီးတော့ သူ့အတောင်ပံက အညှပ် ခံထားရတယ်လေ။

ခပ်ကြွားကြွား ကြုံးဝါး လိုက်တာက လွဲပြီး ကျန်တာကို သူ မတတ်နိုင်ဘူး။ နောက်ဆုံးအကြိမ် ပြုတ်ကျတာမှာ တော်တော် နာသွားပြီး ပြန်တောင် မထနိုင် တော့ဘူး။ အဲဒီတော့ သူ့ကို မျက်လုံးပြူးနဲ့ ငုံ့ကြည့်နေတဲ့ ကုန်သည်ကြီးကို သွားပဲ ဖြဲပြရတော့တာပေါ့။

"ကျွန်တော်က နောက်တာပါ သူဌေးကြီးရဲ့။ သူဌေးကြီးရော ဘယ်လိုလဲ၊ ဟဲ ဟဲ နေကောင်းတယ်နော်" တဲ့။ တာရာမင်းဝေ၊ phoomyatchal

Post a Comment

0 Comments