အတုမြင် အတတ်သင်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီး အုပ်စိုးစဉ် အခါက ဖြစ်သည်။ ထိုမင်း၌ မဟိဋ္ဌာမုခ အမည်ရှိသော မင်္ဂလာဆင်တော် တစီး ရှိလေသည်။ မဟိဋ္ဌာမုခ မင်္ဂလာ ဆင်တော်သည် လိမ္မာ ယဉ်ကျေး၍ နူးညံ့ သိမ့်မွေ့၏။ လူသားများကို ရန်မပြုတတ် သလို ဆင်အချင်းချင်းလည်း ရန်မပြုတတ်ပေ။

မဟိဋ္ဌာမုခ မင်္ဂလာဆင်တော် ထားရှိသော ဆင်တင်းကုပ် အနီးတွင် တခါတရံ လူဆိုးဓားမြ သူခိုးသူဝှက် များသည် ဆင်တင်းကုပ် အနီး၌ ညအခါ လာရောက် စုဝေးတတ် ကြလေသည်။ ထိုသို့ လာရောက် စုဝေးကြပြီး ဝါရင့် သူခိုးကြီးများက ဝါနုသူခိုးများအား သူတပါး၏ ပစ္စည်းကို မည်သို့ မည်ပုံ ခိုးယူ လုယက်ရပုံ ပစ္စည်းရှင်ကို မည်သို့မည်ပုံ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ရပုံ စသည်ဖြင့် ကြမ်းတမ်းသော မိုက်ရိုင်းသော စကားများဖြင့် သူခိုး အချင်းချင်း သွန်သင် ကြလေ၏။

မဟိဋ္ဌာမုခ မင်္ဂလာဆင်တော်သည် သူခိုးတို့၏ စကားကို နေ့စဉ် ရက်ဆက် ကြားရဖန် များလာသောအခါ သူခိုးတို့က သူ့ကို သွန်သင်နေကြသည်ဟု ထင်မှတ်မိ လာလေသည်။ ထို့နောက် ဆင်ကြီးဟာ မှတ်မိလာ သလိုလည်း ကျင့်သုံးလာလေတော့သည်။ မဟိဋ္ဌာမုခ မင်္ဂလာဆင်တော်သည် လိမ္မာယဉ်ကျေးရာမှ တဖြည်းဖြည်း မိုက်မဲ ရိုင်းစိုင်း လာလေသည်။ နူးညံ့သိမ်မွေ့ရာမှ ကြမ်းကြုတ် ခတ်ထန်လာသည်။ အကျင့်ကောင်းရာမှ အကျင့် ပျက်လာသည်။

မဟိဋ္ဌာမုခ မင်္ဂလာဆင်တော်သည် ဆင်ထိန်းကို နှာမောင်းဖြင့် ပွေ့ယူကာ မြှောက်တင်၍ ပစ်ပေါက်ကာ သတ်ပစ်လေ၏။ အသစ် ရောက်လာသော ဆင်ထိန်း ကိုလည်း ခြေဖြင့် နင်းကာ သတ်ပစ် ပြန်သည်။ အသစ် အသစ် ဖြစ်သော ဆင်ထိန်း တိုင်းကို ရှေးနည်းတူ သို့မဟုတ် တနည်းနည်းဖြင့် သတ်ပစ် နေလေသည်။

ဗြဟ္မဒတ်မင်းကြီးသည် မဟိဋ္ဌာမုခ မင်္ဂလာဆင်တော်၏ အကြောင်းကို ကြားသိရသောအခါ ပညာရှိ အမတ်ကြီးအား စုံစမ်းစစ်ဆေး စေသည်။ ပညာရှိ အမတ်ကြီးလည်း ဆင်တင်းကုပ်သို့ သွား၍ စူးစမ်း စစ်ဆေးသော် မဟိဋ္ဌာမုခ မင်္ဂလာဆင်တော်၌ ရောပါဝေဒနာ တစုံတရာ စွဲကပ်ခြင်း မရှိကြောင်းကို သိရလေသည်။

ပညာရှိ အမတ်ကြီးသည် ဤမင်္ဂလာ ဆင်တော် ကြမ်းကြုတ်၍ မိုက်ရိုင်း ခတ်ထန် ရသည်မှာ တခြားအကြောင်း ကြောင့်ပဲ ဖြစ်ရမည် ဟူ၍ ဆင်ခြင်မိ သောကြောင့် ဆင်ထိန်းအား မေးမြန်းကြည့် လေသည်။ "အမောင် ဆင်တော်ထိန်း၊ မင်္ဂလာ ဆင်တင်းကုပ် တွင် ထူးခြားသော အခြေအနေ တစုံတရာ ရှိခဲ့ဖူး ပါသလား"

"မှန်လှပါ့ ပညာရှိအမတ်ကြီး၊ မင်္ဂလာ ဆင်တင်းကုပ် အနီးတွင် ညအချိန် လူဆိုးသူခိုးတို့ လာရောက် စုဝေးကြပြီး ခိုးဝှက် လုယက် သတ်ဖြတ်သော အကြောင်းတို့ကိုတော့ ပြောဆို ကြပါသည်" ဟု ဆင်ထိန်းက လျှောက်တင်လေသည်။ ပညာရှိအမတ်ကြီးလည်း ပညာရှိပီပီ မင်္ဂလာ ဆင်တော် ကြမ်းတမ်း လာရခြင်း အကြောင်းကို နားလည် သွားလေတော့သည်။

ထို့ကြောင့် ပညာရှိ အမတ်ကြီးသည် မင်းကြီးထံ အခစား ဝင်ပြီး လျှောက်တင် လေသည်။ "အရှင်မင်းကြီး ဆင်၏ ခန္ဓာကိုယ်၌ တစုံတရာသော ရောဂါဝေဒနာ စွဲကပ်ခြင်း မရှိပါ ဘုရား။ ခိုးသူတို့၏ စကားကို ကြားရဖန် များ၍သာ မိုက်ရိုင်း ကြမ်းတမ်းကာ ပျက်စီးခြင်းသာ ဖြစ်ပါသည် ဘုရား" ဟု လျှောက်တင်လေသည်။

မင်းကြီးလည်း မင်္ဂလာ ဆင်တော် ပြန်ပြီး လိမ္မာ ယဉ်ကျေးလာစေရန် မည်သို့ ပြုလုပ်ရမည်ကို ပညာရှိ အမတ်ကြီးအား မေးလေသည်။ "အရှင်မင်းကြီး သီလ ရှိသော ရဟန်း ပုဏ္ဏား တို့ကို ဆင်တင်းကုပ် အနီး၍ နေစေ၍ သီလ ရှိစေသော အကျင့် ကောင်းစေသော စကားတို့ကိုသာ ပြောဆိုပေးပါ ဘုရား" ဟု လျှောက်ထားရာ "ပညာရှိအမတ်ကြီး ပြောသည့် အတိုင်းသာ ပြုပါလော့" ဟု မင်းကြီးလည်း ခွင့်ပြုပေး လေသည်။

ပညာရှိ အမတ်ကြီးသည် အကျင့်သီလ ကောင်းသော ရဟန်း ပုဏ္ဏား ပညာရှိ များအား မင်္ဂလာ ဆင်တင်းကုပ် အနီးသို့ ပင့်ဖိတ်၍ သူတပါးအား မညှင်းဆဲ မနှိပ်စက် မသတ်ဖြတ် အပ်ကြောင်း သည်းခံခြင်း တရားကို လက်ကိုင် ထားသင့်ကြောင်း မေတ္တာ ကရုဏာ ပွားအပ်ကြောင်း စသည့်ဖြင့် မင်္ဂလာ ရှိသော စကားတို့ကိုသာ နေ့စဉ် ပြောဆိုစေသည်။

အကျင့် ဖြူစင်သော ပညာရှိ သူတော်ကောင်းတို့၏ စကားကို ကြားရဖန် များလာသော် မဟိဋ္ဌာမုခ မင်္ဂလာ ဆင်တော်သည် မိုက်မဲ ရိုင်းစိုင်းရာမှ နူးညံ့ သိမ့်မွေ့ လာလေသည်။ အကျင့်ပျက် ရာမှ ပြန်လည် အကျင့်ကောင်း လာလေသည်။ မဟိဋ္ဌာမုခ မင်္ဂလာ ဆင်တော်ကြီး အရင်လို ပြန်လည် ကောင်းမွန်လာသည် ဖြစ်၍ ဗြဟ္မဒတ်မင်းကြီးနှင့် တကွ ပြည်သူအများလည်း ဝမ်းပန်းတသာ ရှိကြလေတော့သည်။ (ဧကနိပါတ်မှာ ပါသော မဟိဋ္ဌာမုခ ဇာတ်တော်)

ပုံပြင်လေးကနေ ပြောပြချင်တာ ကတော့ မင်္ဂလာဆင်တော် ကဲ့သို့ တခြား တိရစ္ဆာန်များ အပေါ် ဆက်ဆံတဲ့ အခါ နူးညံ့ပါ၊ အပြောအဆို ယဉ်ကျေးပါ။ အဲဒီလိုမျိုးပဲ ကလေးသူငယ်များ ရှေ့မှာလည်း အပြောအဆို အနေအထိုင် ယဉ်ကျေးပါ။ ငယ်ရွယ်သူများက အကြီးများ ထံကနေ အမြဲလိုလို သင်ယူနေ ကြတာပါ။ "အတုမြင် အတတ်သင်" ဆိုတဲ့ စကားလိုပါပဲ။

ဒါကြောင့် အခုကစပြီး ကောင်းသော စကားကိုသာ ပြောပါ၊ ကောင်းသော အကျင့်သာ ကျင့်ပါ လို့ ပုံပြင်လေး ကနေ တဆင့် ပြောပြလိုက် ပါတယ်။ အစအဆုံး ဖတ်ပေးတဲ့ စာဖတ်သူ တယောက်ချင်းကို ကျေးဇူးတင် ပါတယ်။ နောက်ထပ်ပုံပြင်လေးတွေကိုလည်း ဖန်တီးပါဦးမည် အားပေးကြပါဦးနော်။ ကြိုးစားပါဦးမည်။ လွမ်းဝါဆို

Post a Comment

0 Comments