စေတနာ အသေးဖွဲလေး ဆိုပေမယ့်

တခါတုန်းက လှေပိုင်ရှင် တယောက်ဟာ ဆေးသုတ်သမား တယောက်ကို သူ့လှေကို ဆေးသုတ်ပေးဖို့ အလုပ် အပ်တယ်။ ဆေးသုတ်သမားဟာ စုတ်တံနဲ့ ဆေးဘူး ဝယ်ပြီး လှေပိုင်ရှင် လိုချင်တဲ့ အတိုင်း အနီရောင် တောက်တောက်လေး သုတ်ပေး လိုက်တယ်။

ဆေးသုတ်သမားဟာ ဆေးသုတ်နေရင်းနဲ့ လှေဝမ်းဗိုက်မှာ အပေါက်လေး တပေါက် ပေါက်နေတာကို သတိထားမိ တာနဲ့ အပေါက်လေး ကိုပါ ဖာပေးလိုက်တယ်။ လှေတစီးလုံး ဆေးသုတ်ပြီး သွားတော့ လက်ခငွေ ယူပြီး သူ ပြန်လာခဲ့တာပေါ့။

နောက်တနေ့ကျတော့ လှေပိုင်ရှင်က သူ့ဆီလာပြီး ချက်လက်မှတ် တစောင် ပေးတယ်။ ချက်လက်မှတ် ထဲမှာ ရေးထားတဲ့ ငွေပမာဏက တော်တော် များတယ်။ ဒီတော့ ဆေးသုတ်သမားလည်း အံ့အားသင့် နေတာပေါ့။

"ကျွန်တော့်ကို မနေ့က ဆေးသုတ်ခ ပေးပြီးသွားပါပြီ ခင်ဗျာ" လို့ ပြောတော့ "ဒါက ဆေးသုတ်ခ ပေးတာ မဟုတ်ပါဘူး။ လှေအပေါက်ကို ဖာပေးလို့ ပေးတာပါ" လို့ လှေပိုင်ရှင်က ပြန်ပြောသတဲ့။

"အော် ရပါတယ် ဆရာ။ ကျွန်တော် လုပ်ပေးတာ အသေးအဖွဲ လေးပါ။ ဒီလောက် အများကြီး ပေးစရာ မလိုပါဘူး" ဆိုတော့မှ လှေပိုင်ရှင်က ဖြစ်ကြောင်း ကုန်စင် ရှင်းပြတယ်။

"ဖြစ်ပျက်ခဲ့တာ တွေကို မိတ်ဆွေကြီးက မသိသေးဘူး ဆိုတော့ ကျွန်တော် ရှင်းပြပါ့မယ်။ မိတ်ဆွေကို လှေကို ဆေးသုတ်ခိုင်းတုန်းက လှေဝမ်းဗိုက်မှာ အပေါက် ရှိနေတာကို မပြောလိုက် မိဘူး။

ဆေးခြောက် သွားတာနဲ့ ကျွန်တော့် ကလေးတွေက လှေကို ယူပြီး ငါးမျှား ထွက်ကြ တယ်လေ။ သူတို့ကလည်း လှေဝမ်းဗိုက်မှာ အပေါက် ရှိနေမှန်း မသိကြဘူး။ အဲဒီအချိန်မှာ ကျွန်တော်ကလည်း အိမ်မှာ မရှိဘူးလေ။

ကျွန်တော် အိမ်ပြန်ရောက်တော့ ကလေးတွေ လှေယူသွားမှန်း သိလိုက်ရတာနဲ့ ထိတ်ခနဲ ဖြစ်သွားတော့ တာပေါ့။ လှေဝမ်းဗိုက် ပေါက်နေတာကို ကျွန်တော် သတိရ သွားတယ်လေ။

သူတို့တွေ ငါးမျှား ထွက်ရာကနေ ဘေးမသီ ရန်မခဘဲ ပြန်လာတာ မြင်လိုက်ရတော့ ကျွန်တော် ဘယ်လောက်တောင် ပျော်သွားလဲဆိုတာ မိတ်ဆွေကြီး တွေးကြည့်လိုက် ပေါ့ဗျာ။ လှေကို ပြေးကြည့်လိုက် တော့မှ မိတ်ဆွေကြီးက အပေါက် ဖာပေးထားမှန်း သိတာ။

အခုတော့ မိတ်ဆွေကြီးလည်း ဖြစ်ကြောင်း ကုန်စင် သိရပါပြီ။ ကျွန်တော့် ကလေးတွေ အသက်ကို မိတ်ဆွေကြီး ကယ်ပေးလိုက် တာပါပဲ။ မိတ်ဆွေကြီး ပြောတဲ့ စေတနာ အသေးအဖွဲလေး အတွက် ကျွန်တော်ပေးတဲ့ ငွေပမာဏက အများကြီး နည်းပါသေးတယ်။

အဲဒီစေတနာကို ထိုက်ထိုက် တန်တန် ပြန်ပေးဆပ်ဖို့ ဆိုရင် ကျွန်တော့် ပိုင်ဆိုင်မှု နဲ့တောင် မလောက်ပါဘူး" လို့ လှေပိုင်ရှင်က ပြောလိုက်ပါတော့တယ်။

သင်ခန်းစာ။ ။ ဘယ်သူ့ကို မဆို ဘယ်အချိန်မှာ ဘယ်လို ပုံစံမျိုးနဲ့ပဲ ဖြစ်ဖြစ် ကိုယ်တတ်နိုင်တဲ့ ဘက်က ကူညီပေး လိုက်ပါ။ ကိုယ်တွေ့တဲ့ အပြစ် အနာအဆာ၊ ချွတ်ယွင်းချက် တွေကို ပြုပြင် ဖာထေးပေးလိုက် တာဟာ တခြားသူတွေ အတွက် ဘဝတသက်တာ မေ့မရနိုင်တဲ့ ကူညီမှု ဖြစ်သွားနိုင်ပါတယ်။

ကိုယ်စွမ်းသလောက် အကောင်းဆုံး လုပ်ပေးခြင်းဟာ ကြီးမားတဲ့ အပြောင်းအလဲ တွေကို ဖြစ်စေလို့ ပါပဲ။ တချိန်မှာ ကိုယ့်ရဲ့စေတနာ ကလည်း အံ့အားသင့်ဖွယ် ရောင်ပြန်ဟပ် လာပါလိမ့်မယ်။ Crd

Post a Comment

0 Comments