စုံတွဲတွေကြားမှာ နားလည်မှုလွဲမှားတာက လမ်းခွဲရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလွဲတာကြောင့် နွေးထွေးမှုတွေ ပျောက်ကွယ်ပြီး ဝမ်းနည်းမှုတွေပဲ ရှိနေမှာပါ။
အဲဒါကြောင့် စုံတွဲကြားထဲက နားလည်မှုလွဲမှားတယ်ဆိုတာ ဘယ်တော့မှ ရှိမလာစေဖို့ နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
သင့်ရဲ့ဆန္ဒတွေကို ပြောတဲ့အခါ "မလုပ်နဲ့" ဆိုတဲ့စကားကို ရှောင်လိုက်ပါ။
မလုပ်နဲ့၊ မလုပ်ရဘူးဆိုပြီး သင်က တားမြစ်ချင်တဲ့အခါ အဆိုးမြင်တဲ့သဘောကို သက်ရောက်တယ်လို့ တစ်ဖက်သားက ထင်သွားတတ်ပါတယ်။ အဲဒီကနေ သင့်ရဲ့ဆန္ဒကို တစ်ဖက်က နားလည်မှုလွဲမှားပြီး စကားများကြရပါတယ်။ နောက်ဆုံးမှာတော့ ငြင်းခုံပြီး စကားမပြောတာပဲ ကျန်ရစ်ပါတယ်။
အဓိပ္ပါယ်တူပေမယ့် အသုံးအနှုန်းလွဲမှားတဲ့အခါ မလိုအပ်တဲ့ရန်ပွဲတွေ ဖြစ်လာမှာပါ။ "ငါ့ကို လာချုပ်ချယ်တာ မကြိုက်ဘူး" လို့ ပြောမယ့်အစား "မင်း ကိုယ့်ကို ယုံကြည်စေချင်တယ်လို့" ပြောတဲ့နည်းလမ်းက နှစ်ယောက်ကြားက ချစ်ခင်မှုတွေကို ပိုပြီး တိုးလာစေဦးမှာပါ။
"ဒါပေမယ့်" ဆိုတဲ့ စကားကို ရှောင်ပါ။
အမြဲလိုလို သုံးလာခဲ့တဲ့ "ဒါပေမယ့်" ဆိုတဲ့စကားလုံးကို ရှောင်ဖို့က အစပိုင်းမှာတော့ ခက်ခဲပါလိမ့်မယ်။ ဒီစကားလေးကို ရှောင်လိုက်တာနဲ့ နားလည်မှုလွဲတာတော်တော်များများကို ဖြေရှင်းနိုင်သွားပါတယ်။
"ငါမင်းကို နားလည်ပါတယ်။ ဒါပေမယ့် မင်းလည်း ငါ့ကို နားလည်စေချင်တယ်" ဆိုတဲ့စကားနေရာမှာ "ငါမင်းကို နားလည်တယ်။ ပြီးတော့ မင်းလည်း ငါ့ကို နားလည်မှုပေးစေချင်တယ်" စကားကို ရွေးချယ်လိုက်ပါ။ "ဒါပေမယ့်" ဆိုတဲ့စကားလုံးက အငြင်းသဘောကို ဆွဲခေါ်တဲ့အခြေအနေကို ရောက်သွားစေပါတယ်။
"ဒါပေမယ့်" ဆိုတဲ့စကားနေရာမှာ "ပြီးတော့" ဆိုတဲ့စကားလုံးကို ပြောင်းလဲအသုံးပြုလိုက်ပါ။ သင်တို့နှစ်ယောက်ကြား မလိုအပ်တဲ့ စကားများမှုတွေကို ရှောင်ပြီးသား ဖြစ်သွားမှာပါ။
ချီးကျူးစကားကို ပြောဆိုပါ။
ချီးကျူးစကားကို ပြောရမယ့်အခြေအနေမှန်း သိပေမယ့် သင်က မပြောချင်တဲ့ အခိုက်အတန့်တွေ ရှိမှာပါ။ တစ်ဖက်သားကို ချီးကျူးစကားပြောပေးတာ သူ့ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုရာ၊ အလေးထားရာရောက်သလို ပိုပြီး ရင်းနှီးသွားစေပါတယ်။
"ညစာက မနေ့ညကနဲ့ မတူဘူး။ စားလို့ကောင်းတယ်" လို့ပြောမယ့်အစား "ညစာက စားလို့သိပ်ကောင်း.. ကျေးဇူးတင်လိုက်တာ" လို့ ပြောင်းလဲပြောလိုက်ပါ။ စကားလုံးတွေကပဲ နှစ်ဦးကြားက ပြဿနာတွေကို ပြေလည်စေသလို ပြဿနာတွေကိုလည်း ပိုဆိုးလာစေပါတယ်။
စကားလုံးတွေမှာရှိတဲ့ စွမ်းအင်တွေက တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး။ အကောင်းမြင်တဲ့ စကားလုံးတွေ၊ ချိုသာတဲ့ စကားလုံးတွေ၊ နွေးထွေးတဲ့ စကားလုံးတွေက သင်တို့နှစ်ယောက်ကြားက နားလည်မှုလွဲမှားတာတွေကို ကင်းဝေးသွားစေမှာပါ။
zombie (lovemedia)
0 Comments