မှန်ကန်သော သစ္စာတရားကြောင့်

ရှေးသရောအခါက ဗာရာဏသီ ပြည်မှာ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် အခါကပေါ့။ မင်းကြီးဟာ ဥယျာဉ်တော်ဖက် မကြာခဏ သွားပြီး သစ်သီးပန်းပင်တွေကို ကြည့်ပြီး ပီတိဖြစ်လေ့ ရှိတယ်။

တနေ့တော့ ဥယျာဉ်တော် အတွင်းမှာ တေးသံသာ ကြားလို့ လိုက်ရှာကြည့်တဲ့အခါ ရုပ်ဆင်းအင်္ဂါ ပြည့်စုံချောမော လှပတဲ့ မိန်းမပျို တဦး ထင်းခွေနေတာကို တွေ့ရသတဲ့။ မင်းကြီးဟာ မိန်းမပျိုကို စွဲလမ်း နှစ်သက်တော် မူပြီး ဥယျာဉ်တော်ထဲမှာ မကြာခဏ တွေ့ကြ သတဲ့ကွယ်။

တခါတော့ မိန်းမပျိုလေးက သန္ဓေသား ရှိနေကြောင်း မင်းကြီးကို ပြောတော့ မင်းကြီးက သူ့လက်စွပ်ကို ချွတ်ပေးလိုက်ပြီး ပြောတယ်။ "နှမငယ်၊ သမီး မွေးခဲ့သော် ဤလက်စွပ်ကို ရောင်းချ၍ စောင့်ရှောက်ပါ။ သားတော် မွေးဖွားခဲ့လျှင် ဤလက်စွပ်ကို ယူ၍ ငါဆီကို လာခဲ့ပါ"

မိန်းမပျိုလေးလည်း သူ့ရဲ့ ရပ်ရွာကို ပြန်လာခဲ့ တော့တယ်။ ကိုယ်ဝန်သန္ဓေသား ရှိနေပြီ ဆိုတော့ ဥယျာဉ်တော်ထဲမှာ ထင်းခွေလုပ်တဲ့ အလုပ်ကို ဆက်မလုပ်နိုင် တော့ဘူးပေါ့။ မကြာမီမှာ လစေ့လို့ သားယောက်ျားလေး မွေးဖွားခဲ့သတဲ့။

ထင်းခွေ အမျိုးသမီးဟာ သားမွေးပြီး ချက်ခြင်း ဘုရင်ကြီး ဆီကို မသွားသေးဘဲ ရပ်ရွာမှာ ကလေး ကြီးပြင်းအောင် ကျွေးမွေးစောင့်ရှောက် သတဲ့ကွယ်။ သားငယ်လေးဟာ အသက် ဆယ်နှစ်ခန့် ရှိတော့ မိခင်ဖြစ်သူကို "အမေ သားအဖေ ဘယ်သူလဲ။ ရပ်ထဲမှာ သားကို အဖေမရှိဘဲ မွေးတဲ့သားလို့ ပြောနေကြ လို့ပါ" မေးတော့တာပေါ့။

ဒါပေမယ့် မိခင်ဖြစ်သူက ဖခင်ကို မပြောဘူးလေ။ "သားမှာ အဖေရှိပါတယ်။ အမေ အချိန်ယူ စဉ်းစားနေလို့ အဖေအမည် မပြောသေးတာပါ။ မကြာခင် ပြောပြပါမယ်" လို့ နှစ်သိမ့်တယ်။ သားဖြစ်သူဟာ အမေက မပြောပေမယ့် အချိန်တိုင်း အဖေကို တနေတယ်။ ဖခင်မရှိဘဲ မွေးတဲ့ သားဆိုတဲ့ ဂုဏ်ငယ်တဲ့ အဖြစ်ကို သူမခံနိုင်ဘူးပေါ့။

နောက်ဆုံးတော့ မိခင်ဖြစ်သူကို ဖခင်အမည်ကို ဖွင့်ပြောဖို့ သားငယ်က တဖွဖွ ငိုကြွေးပြောလေတော့ ထင်းခွေသမလည်း "ဗြဟ္မာဒတ်မင်းသည် သားတော်၏ ဖခမည်းတော်ပါ" ဆိုပြီး အမှန်ကို ဖွင့်ပြောလိုက်ရ တာပေါ့။ "သားကို ခမည်းတော်ထံ လိုက်ပို့ပေးပါ"

မိခင်ဖြစ်သူ ထင်းခွေသူမဟာ နန်းတော်ထဲကို ဝင်ရောက်ပြီး မှူးမတ်တွေက တဆင့် မင်းကြီးကို အဖြစ်မှန် လျှောက်ထားစေသတဲ့။ မင်းကြီးက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အဖြစ်ကို မမှတ် မိတော့ဘူး။ သူ့သား ဆိုလျှင်လည်း မွေးကင်းစမှာ ယူလာကြရမှာပေါ့ ဆိုပြီး တွင်တွင်သာ ငြင်းပယ်နေသတဲ့။

မိန်းမပျိုလေးက ဘုရင် ပေးလိုက်တဲ့ နန်းစဉ်လက်စွပ်ကို ထုတ်ပြပေမယ့် ဘုရင်က အရှက်တော် ရနေလို့ ငြင်းပယ်မြဲ ငြင်းပယ်နေတော့သတဲ့။ အဲဒီအခါမှ ထင်းခွေသမဟာ လက်စွပ်ကို ဘုရင်ကို ပြပြီးတဲ့နောက် သူ့ကိုယ်ကို တည်ငြိမ်အောင် ထားပြီး ရဲဝံ့စွာ လျှောက်ထားလိုက် သတဲ့။

"အရှင်မင်းကြီး ကျွန်တော်မျိုးမမှာ လက်စွပ်က လွဲလို့ သက်သေပြစရာ မရှိပါ ဘုရား။ ကျွန်မတွင် သစ္စာတရားသာ အားကိုးစရာ ရှိပါတယ်၊ အရှင်မင်းကြီး ရှုစားတော်မူပါ။ ကျွန်တော်မျိုးမ သစ္စာတိုင်တယ်ပါအံ့"

ဆိုပြီး မိန်းမပျိုလေးဟာ သားတော်ကို ပွေ့ချီလိုက်ပြီး "ဤသူငယ်သည် အရှင်မင်းကြီးသား မှန်ပါက အရှင်မင်းကြီး စံတော်မူတဲ့ ပလ္လင်ပေါ်ကို ရောက်ပါစေ။

သားစင်စစ် မဟုတ်ပါက မြေသို့ သက်ပါစေသတည်း" ဆိုပြီး မိန်းမပျိုလေးဟာ သားတော်ကို ပွေ့ချီထားရာက လေထဲကို ပစ်တင်လိုက်သတဲ့။ တကယ်ဆို ကလေးငယ်က မိခင်လက်က လွတ်တာနဲ့ မြေပေါ်ကို ဝုန်းကနဲ ကျရမှာလေ။ အခုတော့ မိခင်လက်မှ လွတ်တာနဲ့ လေမှာ ပျံဝဲပြီး ဖခင် ဗြဟ္မဒတ်မင်းကြီးရဲ့ ရင်ခွင်ထဲကို ရောက်သွားပါတော့တယ်။

နန်းတော်တွင်းက မြင်သမျှ လူတွေက လက်ခုတ်တီးပြီး ဝမ်းမြောက် ဝမ်းသာ အံ့သြဘနန်း အော်ဟစ် ကြတော့တယ်။ မင်းကြီးလည်း သည်တော့မှ မိန်းမပျိုရဲ့ သားကို သားတော်အဖြစ် အသိအမှတ် ပြုပြီး နောက်ဆုံး သားငယ်ကို ထီးနန်း ပေးအပ်ခဲ့သတဲ့။ ထင်းခွေသမရဲ့ သားငယ်ဟာ "ကဋ္ဌဝါဟနမင်း" ဆိုပြီး မင်းပြုနိုင်ခဲ့ သတဲ့ကွယ်။

တကယ်တော့ အမှန်တရားကို ဖုံးကွယ်လို့ မရဘူးပါဘူး။ သစ္စာစကားက မှန်ရာကိုသာ အတည်ပြု ပေးတာကိုး။ နောက်ဆုံးတော့ ထင်းခွေသမ သားဟာ ထီးနန်းရိုက်ရာကို သစ္စာတန်ခိုးကြောင့် ရရှိသွားတာပေါ့လေ။

သစ္စာတရားရဲ့ အကျိုးကြီးမားပုံ သာဓကပေါ့ကွယ်။ ကဋ္ဌဝါဟနဇာတ်။ phoomyatchal ဆရာကြည်ဇော်၏ "အာဇာနည်တို့စွမ်းရည်" ပုံပြင်စာအုပ်မှ ရေးသားဖော်ပြခြင်း ဖြစ်သည်။

Post a Comment

0 Comments