အပြန်အလှန် ကျေးဇူးပြုခြင်း

လင်မယားစုံတွဲ တတွဲဟာ အဖိုးအို တယောက်ဆီမှာ အလုပ် လုပ်ကြပါတယ်။ အဖိုးအိုက အဲ့လင်မယားကို တယောက် ၁ သိန်းခွဲ လစာပေးထားပြီး ၂ ယောက်ပေါင်း ၃ သိန်း မှန်မှန် ပေးပါတယ်။ နေစရာလည်း ပေးတယ်။ ဆန် တအိတ်၊ ဆီ၁ ပုံးနဲ့ ငါးခြောက်တွေ ဘာတွေ ပါထောက်ပံ့ ပေးပြီး စရိတ်ငြိမ်း ထားပေးတာပါ။

သူတို့လင်မယား နှစ်ယောက်ရဲ့ တာဝန်က တရက်ကို ၂ ခါ မနက်တခေါက် ညနေ တခေါက် အဘိုးကြီးရဲ့ ငါးကန်ထဲက ငါးတွေကို ငါးစာကျွေးပေးယုံ ပါပဲ။ အဲ့အလုပ် ပြီးတာနဲ့ သူတို့လင်မယာ စုံတွဲ လုပ်ချင်ရာ လုပ်လို့ ရပါတယ်။ သူတို့အနေနဲ့ ဘာမှ လုပ်စရာ မလိုပါဘူး။ သူတို့နေတဲ့ ခြံပေါင်းတွေ မြက်တွေ ထူလာရင် နဲနဲပါးပါး ရှင်းယုံက လွဲလို့ပေါ့။

အဖိုးကြီးက သူ့အလုပ်သမား တွေကို ဘာလုပ်ရမယ် ဘယ်လိုနေရမယ်လို့ မသတ်မှတ်ထားပါဘူး။ သူကိုယ်တိုင်လည်း တလ နေမှ ၂ ခေါက် ၃ ခေါက်လောက်ပဲ ခြံထဲကို လာတတ်တာပါ။ အဲ့တာကလည်း ငါးစာ လာပို့တဲ့အခါ ရိက္ခာနဲ့ လစာ လာထုတ်ပေးတဲ့ အခါတွေ မှသာ ရောက်လာတတ်တာပါ။

ဒီလိုနဲ့ ၂ နှစ်ကျော် ကြာလာတော့ အဖိုးကြီးဟာ ငါးကန်ထဲက ငါးတွေ ထုတ်ရောင်းပါတယ်။ အဖိုးအိုဟာ ငါးတွေ ရောင်းလို့ရတာ အမြတ် သိန်း ၃၀၀ လောက် ရလိုက်ပါတယ်။ သူဟာ သူ့အလုပ်သမား လင်မယား၂ ယောက်ကို ဘောက်ဆူး အဖြစ် ပိုက်ဆံ ၁၀ သိန်း ပေးပါတယ်။

ပြီးတော့ သူတို့လင်မယားကို မွေးရပ်မြေနဲ့ ဆွေမျိုးတွေဆီ အလည်သွားလို့ရအောင် နားရက် ခွင့်ရက်ရှည် ၁ လလောက် ပေးလိုက်ပါတယ်။ ဒီအပြင် လမ်းစရိတ်လည်း ထပ်ထုတ်ပေးလိုက် ပါသေးတယ်။

ဒီအကြောင်းတွေကို အဖိုးကြီးရဲ့ ဇနီး အဖွားကြီးက သိသွားတော့ အဖိုးကြီးကို ဆူပါရော။ "ဘာလို့ သူ့ကို မတိုင်ပင်ရတာလဲ၊ ဘာကြောင့်အလုပ်သမားတွေကို အဲ့လောက် အခွင့်အရေးတွေပေး ရက်ရောရတာလဲ၊ စရိတ်ငြိမ်း နေစရာပေးထား တင်ကျွေးထားတယ်၊ လစာလည်း လောက်ငှအောင် ပေးထားတယ်။

ဒီကြားထဲ ဘောက်ဆူး က ၁၀ သိန်းတောင် ပေးစရာလား။ လမ်းစရိတ်ကပါ ထပ်ထုတ်ပေးလိုက်သေးတယ် ဆိုတော့ ရှင် ဦးနှောက်တွေ ချောင်ကုန်တာလား ဘာလို့ ကျွန်မကို မတိုင်ပင်ရတာလဲ" လို့ အဖိုးကြီးကို ပြောပါလေရော။

အဖိုးကြီးက အဖွားကြီး ဆူနေတာကို ကြည့်ပြီး ရီနေတယ်။ ပြီးတော့ သူ့ရဲ့ ဇနီးကို "နင်ပြောလို့ ပြီးရင်ငါပြောပြမယ်။ ငါငယ်ငယ်တုန်းက ငါနေတဲ့ရွာက ရွာသားတွေဟာ တယ်သီးတွေ စိုက်ပျိုးရောင်းချ ကြတဲ့ အလုပ် လုပ်ကြတယ်။ တရွာလုံး တယ်ပင်ပဲ စိုက်စားကြတယ်။

ဆောင်းတွင်း တတွင်းမှာ တယ်သီးတွေ တအား ဈေးကောင်းတာနဲ့ ရွာသားတွေ သူ့ထက်ငါ အပြိုင် တယ်သီးတွေ ခူးရောင်းကြတာ အပင်ပေါ်မှာ တယ်သီး တလုံးတလေတောင် မကျန်ဘူး။

ဖြစ်ချင်တော့ အဲ့ဒီနှစ် ဆောင်းတွင်းက ခါတိုင်းနှစ်တွေထက် ပိုကြာတယ်။ ပြီးတော့ အချမ်းပိုတာတအားပဲ နှင်းတွေဆို ဖွေးနေအောင် ကျတာ။ တယ်ပင်ကို မှီခိုပြီး ရှင်သန်နေ ကြတာက ရွာသားတွေချည်းပဲ မဟုတ်ဘူး။ သာလိကာ တအုပ်ကြီးလည်း ရှိတယ်။ သူတို့တွေက အကောင် ရာနဲချီပြီး ရှိတာ။ တပင်ကို မိသားစု တစု နှစ်စု စသဖြင့် စုပြီး နေကြတာ။

အဲ့ဒီနှစ် တယ်သီးတွေကလည်း မကျန်၊ ရာသီဥတုကလည်း တအား အေးတော့ သာလိကာတွေ အစာငတ်ပြီ အကုန် သေကြကုန်ရော။ ရွာသားတချို့ ပြောတာကတော့ အေးတာပဲ တဲ့ နားညဉ်း သက်တာတာပေါ့ တဲ့။

မိုးဦးကျလို့ တယ်ပင်တွေ အညွန့်ထွက်တဲ့ အချိန်လည်း ရောက်ရော ဘယ်က ရောက်လာမှန်း မသိတဲ့ ပိုးကောင်တွေ ဘောက်ဖတ်တွေ အများကြီးပဲ။ တယ်ပင်ရဲ့ အရွက်တွေ အညွန့်တွေ အကုန်စားပစ်တာ။ တယ်သီး အကင်းတောင် မသီးလိုက်ရဘူး၊ အဖူးအငုံ အကုန် စားတာ။ ရွာသားတွေ ဘာမှ မတတ်နိုင်ကြဘူး။ အဲ့လိုနဲ့ အဲ့ဒီနှစ် ရွာသားတွေ တယ်သီးတလုံးတောင် မရလိုက်ဘူး တဲ့။

အကြောင်းရင်းကို စစ်လိုက်တော့ ခါတိုင်းဆို သာလိကာတွေက ဆောင်းတွင်းမှာ တယ်သီးစားပြီး မိုးတွင်းကျ တယ်ပင်က ပိုးကောင်မွားကောင်တွေ ရှာစားကြတော့ တယ်သီးတွေ အန္တရာယ်ကင်းကင်းနဲ့ သီးနိုင်ခဲ့တယ်။ ခုတော့ သာလိကာတွေ မရှိကြတော့ ပိုးကောင်တွေကိုနှိမ်နင်းပေးမဲ့သူ မရှိတော့တဲ့ အခါမှ ရွာသားတွေဟာ သာလိကာတွေရဲ့ ကျေးဇူးကို သိကြရတော့တယ်။

ဒီလိုနဲ့ နောက်နှစ်တွေမှာ ရွာသားတွေဟာ သာလိကာပေါက်လေးတွေ သွားရှာလာပြီး တယ်ပင်တွေမှာ ကျွေးမွေးထားပြီး တယ်သီးတွေ ချန်ထားပေး ကြတော့တယ်။ သာလိကာတွေကလည်း ကျေးဇူးသိတတ်စွာနဲ့ တနှစ်ပတ်လုံး ဘယ်ကိုမှ မသွားတော့ပဲ တယ်ပင်တွေကို စောင့်လျှောက်ပေးရင်း အပြန်အလှန် အကျိုးပြုလာခဲ့ ကြတော့တယ်။ ငါသာလိကာတွေ စားဖို့ တယ်သီးလေးတွေ ချန်ထားတာ ငါ အ တယ်လို့ နင်က ပြောချင်သေးသလား" လို့ အဖိုးကြီးက ပြောပြတဲ့အခါ အဖွားကြီးလည်း သဘောပေါက် သွားတော့တယ်။

လက်အောက်ငယ်သားတွေရဲ့ ဘဝကောင်းကျိုးအတွက် ကြည့်ရှု စောင်မ ပေးခြင်းဟာ လက်အောက်ငယ်သားတွေကလည်း အဖိုးအို အပေါ် ကျေးဇူးပြန်လည် သိတတ်စေခဲ့ ပါတော့တယ်။ တကယ်တော့ အဖိုးအိုဟာ အမြတ်များများ ရတဲ့အတွက် ဘောက်ဆူးများများ ပေးလိုက်တာဆိုပေမဲ့ တကယ်တမ်းတော့ သူ့အတွက်သူ ပြန်ပေးလိုက်တာနဲ့ အတူတူပါပဲ။

ကိုယ့်လက်အောက်ငယ်သားတွေ၊ ကိုယ့်အလုပ်သမားတွေ အပေါ်မှာ စောင်မကြည့်ရှု နိုင်ကြပါစေ။ Crd

Post a Comment

0 Comments