သင်သာ သူ့ကို တကယ်ချစ်တယ်ဆိုရင်

တခါတုန်းက ကောင်လေး တယောက်နဲ့ ကောင်မလေး တယောက်ဟာ ချစ်သူတွေ ဖြစ်ခဲ့ကြတယ်။ ကောင်လေးက ဆင်းရဲတဲ့မိသားစုက လာတဲ့အတွက် ကောင်မလေး မိဘတွေက သဘောမတူပါဘူး။ ဒါနဲ့ ကောင်လေးက ကောင်မလေးတင် မကဘူး သူ့မိဘတွေ သဘောကျ အောင်ပါ ကြိုးစားရ ပါတော့တယ်။

တချိန်တည်းမှာပဲ ကောင်မလေး မိဘတွေက ဒီကောင်လေးဟာ လူကောင်းတယောက် ဖြစ်ကြောင်းနဲ့ သူတို့သမီး လက်ကို ထာဝရ ဆုပ်ကိုင်ထား နိုင်မယ့်သူ တယောက် ဖြစ်ကြောင်း သိသွားခဲ့ ကြတယ်။ ဒါပေမယ့် ပြဿနာတခု ရှိနေပါ သေးတယ်။

အဲဒါကတော့ ကောင်လေးဟာ စစ်သားတယောက် ဖြစ်ပြီး မကြာခင် အချိန်အတွင်းမှာ သူတို့နိုင်ငံမှာ စစ်ပွဲကြီး ဖြစ်တော့မှာ ဖြစ်တဲ့အတွက် စစ်တိုက်ရာ ဒေသကို တနှစ် ပို့ဆောင်ခြင်း ခံခဲ့ရတယ်။

ကောင်လေး တာဝန်ကျရာ ဒေသကို မထွက်ခွာခင် တပတ် အလိုမှာ ကောင်လေးက ကောင်မလေး ရှေ့မှာ ဒူးထောက်ပြီး ပြောခဲ့တယ်။ "နင်ငါ့ကို လက်ထပ် မလားဟင်"

ကောင်မလေး မျက်ဝန်း ကနေ မျက်ရည်တွေ ကျလာပြီး "အင်း" လို့ ပြန်ဖြေ ခဲ့တယ်။ ပြီးတော့ သူတို့ စေ့စပ်ခဲ့ ကြတယ်။ ကောင်လေး တနှစ်ပြည့်ပြီး ပြန်လာတဲ့အခါ လက်ထပ်ကြမယ်လို့ သူတို့ ကတိထားခဲ့ ကြတယ်။ ဒါပေမယ့် မထင်မှတ်ပဲ ကံဆိုးမိုးမှောင် ကျတဲ့ ဖြစ်ရပ်တွေက သူတို့ကြားမှာ ပေါ်ပေါက်လာ ခဲ့ရတယ်။

ကောင်လေး ထွက်ခွာသွားပြီး ရက်အနည်းငယ် မှာပဲ ကောင်မလေးဟာ မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တယ်။ ဦးခေါင်းပိုင်းမှာ ဒါဏ်ရာ အပြင်းအထန် ရခဲ့ရတယ်။

သူမ ဆေးရုံပေါ်မှာ ပြန်သတိရ လာတဲ့အခါ သူမ အဖေနဲ့ အမေက ဘေးနားမှာ ငိုကြွေးနေတာကို တွေ့ခဲ့ရတဲ့ အတွက် တခုခုတော့ မှားနေပြီ ဆိုတာ ကောင်မလေး နားလည် လိုက်တယ်။

နောက်ပိုင်းမှာ သူမ သိခဲ့တာက ဦးနှောက်ပိုင်းဆိုင်ရာ တချို့ပါ ထိခိုက်ခဲ့ရတယ် ဆိုတာ ပါပဲ။ သူမ မျက်နှာက ကြွက်သားတွေ ကို ထိမ်းချုပ်ထားတဲ့ တချို့သော ဦးနှောက် အစိတ်အပိုင်းတွေဟာ ပျက်ဆီးခဲ့ ရတယ်။

သူမရဲ့ လှပချောမောတဲ့ မျက်နှာလေးဟာလည်း ရုပ်ဆိုး အကျည်းတန် ခဲ့ရတယ်။ သူမဟာ မှန်မှာ ကိုယ့်ကိုယ်ကို ကြည့်ပြီး ရှိုက်ကြီးတငင် ငိုကြွေးခဲ့တယ်။

"မနေ့က ငါဟာ ချောမောတဲ့ မိန်းကလေး တဦးပါပဲ။ ဒီနေ့တော့ ငါဟာ သရဲတစ္တေတကောင် ဖြစ်သွားခဲ့ ရတယ်" လို့ ပြောပြီး တချိန်လုံး ငိုကြွေးနေ ခဲ့တယ်။ သူမရဲ့ ခန္ဓာကိုယ်မှာ မြင်မကောင်း လောက်အောင် ဒါဏ်ရာတွေ ကလည်း ပြည့်နှက်နေ ခဲ့တယ်။ အဲဒီနောက်မှာတော့ ကောင်မလေးဟာ သူနဲ့ ကောင်လေး ထားရှိခဲ့တဲ့ ကတိကို ချိုးဖျက်ဖို့ အတွက် ဆုံးဖြတ်ချက် ချခဲ့တယ်။

ကောင်မလေးက သူ့ချစ်သူ ကောင်လေးဟာ သူ့ကို လိုချင်တော့မှာ မဟုတ်ဘူးလို့ တွေး ပြီး ကောင်လေးကို တသက်လုံးဘယ်တော့မှ ပြန်မတွေ့တော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။

ဒီလိုနဲ့ တနှစ် အတွင်းမှာ ကောင်လေးက ကောင်မလေးဆီ စာတွေ အများကြီး ရေးခဲ့တယ်။ ဒါပေမယ့် ကောင်မလေးက တစောင်မှ ပြန်စာမရေးခဲ့ဘူး။ ကောင်လေးက ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ကောင်မလေးက ဖုန်းမကိုင် ခဲ့ဘူး။

တစ်နှစ်ပြည့်ပြီးတဲ့ အခါ ကောင်မလေး အမေက ကောင်မလေး အိပ်ခန်းထဲ လာပြီး ပြောခဲ့တယ်။ "သူ စစ်ပွဲ ကနေ ပြန်လာပြီ" ကောင်မလေးက ထိတ်လန့်တကြား အော်ဟစ်ခဲ့တယ်။

"ကျေးဇူးပြုပြီး သူ့ကို သမီးအကြောင်း မပြောပါနဲ့ အမေ။ ဒီမှာ ရှိနေကြောင်းလည်း မပြောပါနဲ့" ဆိုတော့ ကောင်မလေး အမေက ဆက်ပြောတယ်။ "သူ လက်ထပ်ပြီးပြီ" ဆိုပြီး လက်ထပ် ဖိတ်စာလေးကို ကောင်မလေး လက်ထဲ ထည့်ပေးခဲ့တယ် ။

ကောင်မလေးရဲ့ နှလုံးသားဟာ ဟိုးနက်ရှိုင်းတဲ့ သဲပြင် အောက်ခြေထဲထိ နစ်ဝင်သွားခဲ့ သလိုပါပဲ။ ကောင်မလေး သိလိုက်တာ က သူမဟာ ကောင်လေးကို ချစ်နေတုန်းပဲ အခုထိ မေ့လို့ မရသေးဘူး ဆိုတာကို ပါပဲ။

ဝမ်းနည်းမှုတွေ များစွာနဲ့ သူမဟာ လက်ထပ် ဖိတ်စာလေးကို ဖွင့်ခဲ့တယ်။ သူမ ဖိတ်စာပေါ်မှာ မြင်လိုက်ရတာက သူမရဲ့ နာမည်ကို ပါပဲ။ အံ့သြသွားပြီး သူမေးခဲ့တယ်။ "ဟင် ဒါဘာလဲ"

တချိန်တည်းမှာပဲ ကောင်လေးဟာ သူမ အခန်းထဲကို ပန်းစည်းလေး ကိုင်လို့ ဝင်လာခဲ့တယ်။ သူဟာ ကောင်မလေး ရှေ့မှာ ဒူးထောက်လိုက်ပြီး "နင် ငါ့ကို လက်ထပ်မလားဟင်" လို့ မေးခဲ့တယ်။ ကောင်မလေးက မျက်နှာကို လက်နဲ့ အုပ်ပြီး "ငါ ရုပ်ဆိုးသွားပြီ" လို့ ပြောခဲ့တယ်။ ကောင်လေးက ပြောတယ်။

"နင့်ရဲ့ ခွင့်ပြုချက် မရပဲ နင့်အမေက ငါ့ဆီကို နင့်ဓါတ်ပုံတွေ ပို့ခဲ့ပါတယ်။ ငါ နင့်ဓါတ် ပုံတွေ မြင်ပြီးတဲ့အခါ ငါနားလည်လိုက်တာက ဘာမှ မပြောင်းလဲသွားဘူး ဆိုတာပါပဲ။ နင်ဟာ ငါအရမ်း ချစ်တဲ့ သူတယောက် ဖြစ်နေတုန်းပါပဲ။ နင်ဟာ အမြဲ ထာဝရ လှနေတုန်းပါပဲ ဘာလို့လဲ ဆိုတော့ ငါနင့်ကို ချစ်နေခဲ့လို့လေ"

အချစ်ဆိုတာ ကမ္ဘာပေါ်မှာ ဘယ်တော့မှ မပြောင်းလဲတဲ့ ထာဝရ တည်တံ့တဲ့ အရာတခုပါပဲ။ သင်သာ သူ့ကို ချစ်နေမယ် ဆိုရင် သူဟာ အမြဲတမ်း လှနေလိမ့်မယ် သူဟာ အမြဲတမ်း မပြောင်းလဲပဲ ရှိနေပါလိမ့်မယ်။ သက်တန့်ချို၊ phoomyatchal

Post a Comment

0 Comments