ကျွဲမြီးများ ဆွဲနိုင်ကြပါစေ

တခါတုန်းက လူငယ်တဦးဟာ လယ်သမားကြီး တဦးရဲ့ သမီးကို ချစ်ခင် နှစ်သက်နေ ပါသတဲ့။ သူဟာ အဲဒီ အမျိုးသမီးလေးကို ချစ်မြတ်နိုး လှတာကြောင့် သွားလည်း ဒီစိတ်၊ စားလည်း ဒီစိတ် ဆိုသလို နေ့ရောညပါ မအိပ်နိုင် မစားနိုင် ဖြစ်လို့ လာတယ်။

တနေ့ မှာတော့ သူဟာ သူ့ရဲ့ ချစ်စိတ်ကို အောင့်အီးနိုင်စွမ်း မရှိတော့ တာကြောင့် မိန်းကလေးရဲ့ ဖခင်ဖြစ်တဲ့ လယ်သမားကြီးဆီကို သွားပြီး ဒီလို ပြောဆိုတယ်။

"ဦးကြီးခင်ဗျား နားနဲ့မနာ ဖဝါးနဲ့ နာပါခင်ဗျာ။ ကျွန်တော်ဟာ ဦးကြီးရဲ့ သမီးကို အင်မတန် ချစ်မြတ်နိုး မိနေပါတယ်။ တကယ်လို့များ ဦးကြီးဟာ ကျွန်တော့်ကို ဦးကြီးရဲ့သမီးကို လက်ထပ်ခွင့် ပြုမယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ အသက်နဲ့ ရင်းပြီး ဦးကြီးရဲ့ သမီးကို ရှာဖွေ ကျွေးမွေးမှာပါ ခင်ဗျာ"

အဲဒီလို လူငယ်ရဲ့ စကားကို ကြားတဲ့အခါ လယ်သမားကြီးက အချိန် အတော်ကြာအောင် ငြိမ်သက် စဉ်းစားနေတယ်။ သူဟာ စဉ်းစားနေလိုက်၊ လူငယ်ကို ကြည့်ပြီး အကဲခတ်လိုက်နဲ့ အတော်ကြာအောင် ပြုလုပ်နေ ပြန်တယ်။ အဲဒီနောက် မှာတော့ သူက ဒီလို ပြောခဲ့တယ်။

"ကောင်းပြီလေ။ မင်း ငါ့သမီးကို လက်ထပ်ဖို့ ဒီအတိုင်းတော့ ခွင့်ပြု မပေးနိုင်ဘူး။ ယောက်ျားတယောက်ဟာ လိုအပ်တဲ့ ခွန်အားဗလနဲ့ လျှင်မြန် ဖြတ်လတ်မှုတော့ လိုတယ်လို့ ငါထင်တယ်။ အဲဒီအတွက် စမ်းသပ်ချက် တခုကိုတော့ မင်းကို လုပ်မှ ဖြစ်မယ်။

မင်းဟာ ဘယ်လောက် ခွန်အားဗလနဲ့ ပြည့်စုံလဲ၊ လျှင်မြန် ဖြတ်လတ်သလဲ ဆိုတာကို ငါ့အနေနဲ့ စမ်းသပ် ကြည့်ရမယ်။ ဟိုးမှာတွေ့လား ငါ့ရဲ့ လယ်ကွင်း အစပ်က ကန်သင်းရိုး။ မင်း အဲဒီ ကန်သင်းရိုး ပေါ်မှာ သွားပြီး ရပ်စောင့်နေရမယ်။ မင်းဆီကို ငါက ကျွဲရိုင်း သုံးကောင်းကို တကောင်ချင်းစီ လွှတ်လိုက်မယ်။

မင်းဟာ အဲဒီကျွဲ သုံးကောင်ထဲက တကောင်ကောင်ရဲ့ အမြီးကို ပိုင်ပိုင်နိုင်နိုင် ဆွဲနိုင်ရမယ်။ မင်းအောင်မြင်ရင် ငါ့သမီးကို မင်းရမယ်။ မင်း ကျွဲမြီးကို မဆွဲနိုင်ဘူး ဆိုရင်တော့ ငါ့သမီးကို မင်းလက်ထပ်ခွင့် ရမှာမဟုတ်ဘူး။ ဘယ်လိုလဲ ကောင်လေး သဘောတူရဲ့လား"

လူငယ်ဟာ အတန်ကြာ စဉ်းစားနေ ခဲ့တယ်။ အဲဒီနောက် မှာတော့ သူဟာ ဆုံးဖြတ်ပြီးတဲ့နောက် "လုပ်မယ်ဗျာ" လို့ ယောက္ခမလောင်း လယ်သမားကြီးကို စိန်ခေါ်လိုက်တော့တယ်။ အဲဒီလိုနဲ့ လူငယ်ဟာ လယ်ကန်သင်း အစပ်မှာ ခြေထောက် နှစ်ချောင်းကို ခပ်ချဲချဲ ရပ်ရင်း အသင့် အနေအထားနဲ့ စောင့်နေခဲ့တယ်။

ခဏအကြာမှာတော့ လယ်သမားကြီးရဲ့ နွားတင်းကုပ် တံခါးဟာ ပွင့်လာခဲ့တယ်။ အဲဒီလို နွား တင်းကုတ်တံခါး ပွင့်လျင် ပွင့်ခြင်းပဲ လူငယ်ရဲ့ တသက်တာမှာ အကြီးဆုံးလို့ မြင်ခဲ့ဘူးတဲ့ ကျွဲထက် ပိုမိုကြီးမားတဲ့ ကျွဲရိုင်းကြီး တကောင်ဟာ လူငယ့် ဆီကို ဦးတည် ပြေးလွှားလာ ခဲ့တယ်။

"အောင်မလေး နည်းတဲ့ ကောင်ကြီး မဟုတ်ဘူးဟ အမြန် ရှောင်မှပဲ။ နောက်ထပ် ကျွဲနှစ်ကောင် ရှိပါသေးတယ်။ ဒီကောင်ကြီးရဲ့ အမြီးကို ဆွဲဖို့ဆိုတာ လွယ်မှာမဟုတ်ဘူး"

လူငယ်ဟာ အဲဒီလို တွေးပြီး ကျွဲကြီးကို ရှောင်ရှားလိုက်တယ်။ အဲဒီနောက် မှာလည်း သူဟာ ပြန်လည် အသင့်ပြင် လိုက်ပြီး ဒုတိယမြောက် ကျွဲကို စောင့်စားနေ ပြန်တယ်။

ဒီတကြိမ်မှာလည်း ပထမကျွဲလောက် နီးနီး ကြီးမားတဲ့ ကျွဲကြီးတကောင် ထွက်လာပြန်တယ်။ လူငယ်ဟာ "ဒီကောင်ကြီးလည်း မလွယ်လောက် ဘူးဟ၊ ငါရှောင်ဦးမှပါ၊ နောက်ဆုံးတကောင် ကျန်သေးတာပဲ" လို့ တွေးပြီး နောက်ဆုံးသော ကျွဲကို စောင့်ခဲ့ပြန်တယ်။ အဲဒီလိုနဲ့ လူငယ်ဟာ အသင့် အနေအထားနဲ့ စောင့်ဆိုင်းပြန်တယ်။

"ဒီတကြိမ်မှာတော့ ဆင်လောက်ပဲ ကြီးတဲ့အကောင်လာစမ်းပါစေ၊ ငါ့လက်က မလွတ်စေရဘူး" လို့ ပြောပြီး လက်ခမောင်းကို တဖြောင်းဖြောင်း မည်အောင် ခတ်လိုက်တယ်။ သူစောင့်ဆိုင်း နေစဉ်မှာပဲ လယ်သမားကြီးဟာ နောက်ထပ် ကျွဲတကောင်ကို လွှတ်လိုက်တယ်။

ဒီတကြိမ်မှာတော့ လူငယ်အတွက် ဝမ်းသာစရာတွေ ဖြစ်လာခဲ့တယ်။ အဲဒါကတော့ လယ်သမားကြီးလွှတ်လိုက်တဲ့ ကျွဲဟာ ဆိတ်ကြီးကြီး တကောင်သာသာ အရွယ်သာ ရှိတဲ့ ကျွဲပိန်ကလေး ဖြစ်လို့ နေတာပဲ ဖြစ်တယ်။

"ဟား ဟား။ ယောက္ခမကြီးရေ ကျေးဇူးပဲဗျာ" လို့ လူငယ်က ခပ်ပြုံးပြုံးနဲ့ ရေရွတ် ပြောဆိုတယ်။ လူငယ်ဟာ လျင်မြန်စွာ နဲ့ပဲ ကျွဲပေါ်ကို ခုန်တက်ကာ ကျွဲမြီးကို ဆွဲလိုက်တယ်။ ဒါပေမယ့်လည်း ဒီတကြိမ်မှာလည်း သူ ကံမကောင်း အကြောင်းမလှ ဖြစ်ခဲ့ပြန်တယ်။ အကြောင်းကတော့ တတိယမြောက် ကျွဲမှာ အမြီး မပါလို့ပဲ ဖြစ်တယ်။

ဒီအကြောင်းအရာလေးက ကျွန်တော်တို့ကို ပြောပြထားတာတွေ ရှိပါတယ်။ ကျွန်တော်တို့ဟာ ပုံပြင်ထဲက လူငယ်လေးနဲ့ တူတယ်လို့ဆိုမယ်။ လယ်သမားရဲ့ သမီးချောနဲ့ တူတဲ့ အောင်မြင်ကြီးပွားခြင်းကို မက်မက်မောမော အရ ယူလိုသူများ ဖြစ်တယ်လို့ဆိုချင်ပါတယ်။ ဘဝရဲ့ လယ်ကန်သင်းပေါ်မှာ အကြိမ်ကြိမ် အသင့်ပြင်ရင်း အခွင့်အရေး ကျွဲမြီးတွေကို ဆွဲဖို့ ကြိုးစားသူများ ဖြစ်ပါတယ်။

အဲဒီလို ကြိုးစားနေပေမယ့်လည်း အခွင့်အရေးကောင်းတွေ ကိုယ့်ရှေ့မှာ ဆိုက်ရောက်လာတဲ့ အခါမှာတော့ "ပင်ပန်းလွန်းတယ်၊ ဒါ့ထက် ကောင်းတာ ရှိဦးမှာပါလေ၊ နောက်တခု စောင့်ဦးမယ်၊ စောသေးတယ်" စတဲ့ ဆင်ခြေတွေနဲ့ အတူ ကျွဲမြီးတွေကို ဆွဲဖို့ တုံ့ဆိုင်း နေတတ်ကြတယ် လို့ ဆိုပါတယ်။ အဲဒီလို တုံ့ဆိုင်းရင်းနဲ့ပဲ ကိုယ့်ရမှာမဲ့ အခွင့်အရေးတွေဟာ တခုပြီး တခု ကိုယ့်အနားက ထွက်ခွာသွားကုန် ကြပါတယ်။

တကယ်တမ်း လူငယ်လို အားအင်အပြည့် လက်ခမောင်းခတ်ခါ "ဒီတခါ အခွင့်အရေး ကိုတော့ လက်လွတ် မခံတော့ဘူး" လို့ ကြွေးကြော် စောင့်ဆိုင်းချိန် မှာတော့ အခွင့်အရေး တစုံတရာမှ ရောက်မလာတော့ဘဲ ဖြစ်နေတတ်တယ် လို့ ဆိုပါတယ်။ ဆိုလိုတာ ကတော့ အခွင့်အရေး ရခိုက်မှာ ရွှေ့ဆိုင်းနေ၊ တုံ့ဆိုင်းတွေေဝေ ကြောက်ရွံ့မနေဘဲ အမိအရ ဆုတ်ကိုင် သင့်ပါတယ်။

လောကမှာ ရှိနေကြတဲ့ လူတိုင်းဟာ အခွင့်အရေး ဆိုတဲ့ လှေခါးထစ် ကျွဲမြီးတွေကို ဆွဲဖို့ ရည်ရွယ် စောင့်ဆိုင်းနေကြ သူချည်းပဲဖြစ်တယ် လို့ ဆိုပါမယ်။ အဲဒီလို အခွင့်အရေးတွေကို အမိအရဆုတ်ကိုင်ပြီး အောင်မြင်မှုကို ကြိုးစားကြသူ များထဲမှာ နှစ်မျိုးနှစ်စားတော့ ကွဲနေကြ ပြန်တယ်။

တမျိုးသော သူတွေဟာ အခြေအနေနဲ့ ကံတရားအပေါ်ကို ယုံကြည်မှု လွန်ကဲနေ၊ တွက်ဆနေတတ်တဲ့ ပုံပြင်ထဲက လူငယ်လို ဖြစ်ကြပြီး၊ နောက်တမျိုးကတော့ အကျိုးအကြောင်း အပေါ်မှာသာ ယုံကြည်ကြသူတွေပဲ ဖြစ်ပါတယ်။

ပထမတမျိုးဖြစ်တဲ့ "ဖြစ်နိုင်ပါ့မလား၊ နောင်အခွင့်အရေး တွေလည်း ရှိနေပါ သေးတယ်လေ၊ ဒါကတော့ ပင်ပန်းလွန်းတယ်ထင်တယ်" လို့ ပြောဆိုလေ့ ရှိပြန်ပါတယ်။ နောက်တမျိုးဖြစ်တဲ့ "ငါ့ရဲ့ ရည်ရွယ်ချက်ဟာ ဒါပဲ ဖြစ်တဲ့အတွက် ဒါကို လုပ်မှသာ အကျိုးရလာမှာ ဖြစ်တဲ့အတွက် အောင်မြင်ခြင်းကို ရနိုင်မယ်" ဆိုတဲ့ လူစားမျိုးပဲ ဖြစ်ပါတယ်။

ပေါ့တန်သော လူတွေဟာ ကံတရားနဲ့ အခြေအနေကိုသာ သုံးသပ်တတ်ပြီး၊ ကြံ့ခိုင်တဲ့ လူတွေကတော့ အကျိုးအကြောင်းကိုသာ ဆင်ခြင်တယ် လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့တတွေ ဟာလည်းပဲ ကံတရားရဲ့ ဖေးမမှုနဲ့ နောင်လာမဲ့ အခွင့်အရေး တွေကို စောင့်မျှော်နေမယ့် အစား လတ်တလော ရောက်လာတဲ့ အခွင့်အရေးတွေ ကိုသာ အမိအရ ဆုတ်ကိုင်သင့် ပါတယ်။

အဲဒီလိုမှ မဟုတ်ရင်တော့ လယ်သမားရဲ့ သမီးချောနဲ့ ဝေးကွာတဲ့ လူငယ်ရဲ့ အဖြစ်မျိုးသာ ဖြစ်မယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ အခွင့်အရေး ကျွဲမြီးများကို အမိအရ ဆွဲနိုင်ကြပါစေ။ Phyothuta

Post a Comment

1 Comments

  1. သင်ခန်းစာလေရလိုက်ပါတယ် ဗျာ

    ReplyDelete