ဖန်တန်တန် မိဖုရား

တခါတုန်းက ပုဏ္ဏားကြီးက ရှင်ဘုရင်နဲ့ တွေ့ဖို့ နန်းတော်ထဲ အခစားဝင်ရင်း အတွင်းဆောင်ထဲကို ဝင်လာခဲ့တယ်။ ရှင်ဘုရင်နဲ့ မတွေ့ပဲ မိဖုရား စက်တော်ခေါ် နေတာ တွေ့လိုက် ရတယ်။ လုံချည်က လျှော့တော့တော့နဲ့ ဆိုတော့ တပ်မက်ဖွယ် အာရုံကို မြင်တွေ့သွားတယ်။

ပုဏ္ဏားကြီးလည်း ဆက်နေလို့ မသင့်တော်တာနဲ့ ပြန်ထွက် သွားခဲ့တယ်။ မိဖုရားကြီးကလည်း ခြေသံကြားလို့ လန့်နိုးလာပြီး တံခါးပေါက်ကို လှမ်းကြည့်လိုက်တော့ ပုဏ္ဏားကြီးရဲ့ ကျောပြင်ကို တွေ့လိုက်ရတယ်။ အဝတ်အစားကို ပြန်ပြင်ဝတ်ရင်း စိတ်ထဲမလုံမလဲ ဖြစ်ရင်း မိဖုရားကြီး ကျန်နေခဲ့တယ်။

နောက်ရက်တွေ ကျတော့ ပုဏ္ဏားကြီး နေမကောင်းလို့ အခစား မဝင်နိုင်ကြောင်း ရှင်ဘုရင်ကို လျှောက်တင် ထားကြောင်းလည်း သတင်းစကား ကြားလိုက်ရတော့ မိဖုရားကြီးက စဉ်းစားတယ်။ ဟိုတနေ့က ကိစ္စနဲ့ ပက်သက် နေသလားပေါ့။ ပုဏ္ဏားကြီးက ပညာတော်တယ်။ အတွေ့အကြုံ များလို့ ဘုရင်ကြီးကလည်း တိုင်းပြည်အတွက် အားထား နေရတယ်။

ပုဏ္ဏားကြီးကလည်း ဟိုတနေ့က မြင်ခဲ့ရတဲ့ မိဖုရားရဲ့ လျှို့ဝှက်သော အလှကို မျက်စိထဲကကို မထွက်ဘူး။ ရင်ထဲမှာ ခံစား နေရတယ်။ စားလို့လည်း မရ အိပ်လို့လည်း မရ။

နန်းတွင်း အစေခံ တယောက်က မိဖုရားက ပုဏ္ဏားကို အခစား ဝင်စေရန် အမိန့်တော် ချွေလိုက်တယ်။ မိဖုရားကို မြင်ချင် စိတ်နဲ့ မစားနိုင် မသောက်နိုင်နဲ့ အိပ်ယာထဲလဲနေတဲ့ ပုဏ္ဏား ငေါက်ကနဲထ နန်းတော်ကို ကြွပါတော့တယ်။

နန်းတော်လည်း ရောက်ရော မိဖုရားကြီးက အပြုံးလေးနဲ့ ကြိုဆိုရင်း ပုဏ္ဏာကြီးကို "နေမကောင်းဘူးဆို" လို့ မေးလိုက်တော့ "မှန်လှပါဘုရား၊ အိပ်လို့လည်း မပျော် စားလို့လည်း မရ၊ ရင်ထဲမှာ တမ်းတနေတာက ဘာလိုလို ညာလိုလိုနဲ့ ဘာကိုမှ အလိုမကျ ဖြစ်နေရပါတယ်ဘုရား" လို့ စကားလမ်းခင်း သံလေးနဲ့ လျှောက်တင်လိုက်တယ်။

မိဖုရားကြီးကလည်း "သြော် ပုဏ္ဏားကြီးရယ် ကျမကလည်း ဒါကို သိလို့ ပုဏ္ဏားကြီးအတွက် ဆေးကောင်းသုံးခွက် ဖော်စပ် ပေးထားပါတယ်" လို့ အပြုံးလေးနဲ့ ပြောရင်း ရှေ့မှာ တင်ထားတဲ့ ဆေးခွက်ကို လက်ကမ်းပေး လိုက်တော့ ကိုရွှေပုဏ္ဏားက ဘာပြောကောင်းမလဲ တကျိုက်တည်းပေါ့ မော့ချလိုက်တယ်။ ဘာမှ မေးမနေတော့ဘူး။ ချစ်သူတိုက်တဲ့ ဆေးလေ။ ကောင်းမှ ကောင်းပေါ့။

မိဖုရားက နောက်တခွက် ကမ်းပေးလိုက် ပြန်တယ် ပုဏ္ဏားကလည်း ထပ်မော့ချ ပြန်တယ်။ ဒီတခွက် ကျတော့ ဆေးအရသာကို နည်းနည်း ခံစားမိ သွားတယ်။ ဒုတိယခွက် ကုန်သွားတော့ မိဖုရားက တတိယမြောက် ဆေးခွက်ကို ကမ်းပေးပြန်တယ်။

ပုဏ္ဏားက နည်းနည်း တွန့်လာပြီး ဆေးခွက်ကို သေချာ ကြည့်မိတယ်။ မိဖုရားက "သောက်လိုက်ပါ ပုဏ္ဏားကြီးရယ် အားရှိသွားပြီး ရောဂါ ပျောက် တာပေါ့" လို့ ချိုချိုလေး ပြောလိုက်တော့ မော့ချ လိုက်ပြန်တယ်။

ဒီတခါတော့ ပုဏ္ဏားက မိဖုရားကို သေချာ ပြန်ကြည့်တယ်။ နောက် စဉ်းစားနေတယ်။ မိဖုရား ကလည်း ဒါကို ရိပ်မိတော့ ပုဏ္ဏားကြီးကို ၁။ ပထမ ခွက်က ဘာခွက်လဲ လို့ မေးလိုက်တော့ ကြေးခွက်ပါဘုရား တဲ့။ ဘာအရသာရှိလဲ ဆိုတော့ ဖန်တန်တန်နဲ့ပါ ဘုရားတဲ့။

၂။ ဒုတိယခွက်က ဘာခွက်လဲ ပုဏ္ဏားကြီးဆိုတော ငွေခွက်ပါဘုရား တဲ့။ ဘာအရသာ ရှိပါသလဲ ဆိုတော့ ဖန်တန်တန် ပါပဲ ဘုရား တဲ့။ ၃။ တတိယခွက် ကကော ဘာခွက်လဲ ပုဏ္ဏားကြီး ဆိုတော့ ရွှေခွက်ပါ ဘုရားတဲ့။ ဘာအရသာများ ရှိသလဲ ဆိုတော့ ဖန်တန်တန် ပါပဲ ဘုရား တဲ့။

ပုဏ္ဏားကြီးက မိဖုရားရဲ့ အမေးကို ဖြေနေရင်းနဲ့ စဉ်းစားမိ လာတယ်။ သြော် အပေါ်ယံ ခွက်ကသာ ပြောင်းပေမယ့် အထဲက အရသာက မပြောင်းဘူး ဆိုတာ မိဖုရားက ပြောချင်နေတာပဲ။ ဘာကြောင့် ပြောချင်နေတာလဲလို့ ထပ်စဉ်းစားတော့ မိဖုရားကို စွဲလမ်း နှစ်သက်မိတဲ့ အတွက်ကြောင့်ပဲ။

မိဖုရားအဆောင် အယောင်တွေနဲ့ ဆိုတော့ ရွှေခွက်နဲ့ တူတယ်။ အိမ်က ပုဏ္ဏားမက ပုဏ္ဏား အဆောင်အယောင်နဲ့ ဆိုတော့ ငွေခွက်နဲ့ တူတယ်။ အရသာ ကတော့ ဖန်တန်တန်ကြီး ပါပဲပေါ့။ ဒါကို မိဖုရားက ပြောချင်တာပဲ ဆိုပြီး သဘောပေါက်သွားတယ်။

"မှန်လှပါ သဘောပေါက်ပါပြီ မိဖုရားကြီး။ မိဖုရားကြီးက ပညာရှိပါပေတယ်" လို့ ချီးမွှမ်းလိုက်တယ်။ မိဖုရားကြီးကလည်း "ပုဏ္ဏားကြီးကလည်း ပညာရှိပါပေတယ်" လို့ ပြန်ပြော လိုက်တယ်။ ဒီတော့မှ ပုဏ္ဏားကြီးလည်း စိတ်ရောဂါတွေ ပျောက်ပြီး ပုံမှန်အတိုင်းပဲ စားနိုင် အိပ်နိုင် အလုပ် လုပ်နိုင် သွားပါတော့တယ်။

ဒီလို နားလည်မယ် ဆိုရင်တော့ အိမ်ထောင်ဖက် အပေါ် သစ္စာဖောက်စရာ မလိုတော့ဘူးပေါ့။ အားလုံးက ဖန်တန်တန် ပဲလေ။ {မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ အခြေပြုပဌာန်းတရားတော် စာအုပ်မှ)

Post a Comment

1 Comments

  1. သတ်ပုံလည်း မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။ ပဋ္ဌာန်းလို့လည်း ရေးကြတာ တွေ့တယ်။

    ReplyDelete