ဖိုးသူတော်နှင့် ပြောင်းဖူး

တခါတုန်းက ရွာတရွာမှာ တောရ ဆောက်တည်နေတဲ့ ဆရာတော်ကြီးကို လုပ်ကျွေး ပြုစုနေတဲ့ ဖိုးသူတော် တပါး ရှိခဲ့ဖူးတယ်။ ဖိုးသူတော် ဆိုတာ ရဟန်း သာမဏေ ဘဝနဲ့ ရှင်ရဟန်း ကျင့်ဝတ်တွေကို မကျင့်ကြံ နိုင်တာကြောင့် (၈) ပါးသီလ စောင့်ပြီး ဝတ်ဖြူစင် ကြယ်နေတဲ့သူကို ခေါ်တာပါ။

ရှေးတုန်း ကတော့ ဘုန်းကြီးကျောင်းတိုင်းမှာ ဖိုးသူတော် ဆိုတာ ရှိတတ်တယ်။ အခုအချိန် မှာတော့ ကျောင်းသား ကပ္ပိယပဲ ရှိတော့တယ်။ တရက် မှာတော့ ဖိုးသူတော်ဟာ တောရကျောင်း သို့ အပြန်လမ်း တခုမှာ ပြောင်းဖူးခင်း တခုကို ဝင်ကာ ပိုင်ရှင် မရှိဘူး အထင်နဲ့ ပြောင်းဖူးတွေကို ခိုးယူ ချိုးယူ ပါတယ်။

ပြောင်းဖူး မချိုးခင် အတွင်းက အစေ့အဆန် အောင် မအောင် သိရအောင် အပေါ်ယံ အကာ အရွက်ကို နွှာလှန်ကြည့်တဲ့ အခါ အဆန်မပါ အစေ့ မအောင်တဲ့ ပြောင်းဖူးတွေ ကိုသာ တွေ့ရတာမို့ စိတ်ညစ်ညစ်နဲ့ ဖိုးသူတော်က

"ဒီပြောင်းဖူး အခင်း ပိုင်ရှင်ဟာ ညံ့လှချည်လား၊ အလကား လူဖျင်းပဲ။ တောသူတောင်သား ပီပီ ကိုယ့်လုပ်ငန်းကိုမှ မကျွမ်းကျင် ပြောင်းဖူးတခင်း ကိုတောင် ပီပီ ပြင်ပြင် မလုပ်တတ်။ အစေ့အဆံ မအောင်တဲ့ ပြောင်းဖူးခင်းနဲ့ ဘာလုပ်စားလို့ ရမှာလဲ။ သူတော်တို့ လုပ်ပြစမ်း ချင်တယ်" လို့ ကဲ့ရဲ့ ပြောဆို ပါတယ်။

အဲဒီအခါ ပြောင်းဖူးခင်းထဲကို ဝင်လာတဲ့ ပြောင်းဖူးခင်း ပိုင်ရှင်က ကြားတော့ မခံချင်တာနဲ့ "အလို ဦးသူတော်ရယ် သူတပါးကို အရမ်း အပြစ်တင် မစောလိုက်ပါနဲ့။ တပည့်တော် အလုပ်အကိုင် ညံ့ဖျင်းလို့ ပြောင်ဖူး မကောင်းတာ မဟုတ်ရပါဘူး။

အခင်းထဲက မြေကိုလည်း နည်းနည်းလောက် ငုံ့ကြည့်စမ်း ပါဦး။ ဒီလောက် ပတ်ကြားအက်တွေ ကွဲထနေတဲ့ မြေပေါ်မှာ ဘယ်လိုပြောင်းဖူးက ကောင်းနိုင်ဦးမှာလဲ" လို့ ပြန်လည် ပြောဆိုပါတယ်။

အဲဒီအခါ ဖိုးသူတော်က အောက်ကို ငုံ့ကြည့်လိုက်ပြီး "ဟုတ်ပါ့ကွာ၊ ဒကာ ပြောမယ်ဆိုလည်း ပြောစရာပဲ။ ပတ်ကြားတွေအက်ကွဲနေတာ ကလည်း ဧရာဝတီမြစ်ရဲ့ ဟိုးဘက်ကမ်းနဲ့ ဒီဘက်ကမ်းလောက် ကျယ်တယ်။ မြေကလည်း ဒီလောက် ညံ့ရသလား" လို့ မြေကြီးကို အပြစ်တင်တဲ့ အခါ မဟာပထဝီ မြေကြီးက ထပြီး

"ဒီမှာ ဖိုးသူတော် မတရား မပြောပါနဲ့။ မြေကွဲတာ ကိုပဲ အပြစ်တင် နေတယ်။ မိုး မရွာတာ ကိုတော့ မပြောဘူး။ ဒီနှစ်မိုးက သင်္ကြန်မိုးလောက် တောင်မှ သဲသဲမဲမဲ ရွာတာ မဟုတ်ဘူး" လို့ ပြန်ပြောပါတယ်။

အဲ့ဒါနဲ့ ဖိုးသူတော်လည်း မိုးကို မော့ကြည့်ကာ "အင်း မြေကြီး ပြောမယ်ဆိုလည်း ပြောစရာပဲ။ မိုးကလည်း ဟန်မကျ အလုပ် မဖြစ်အောင် ရွာဖို့ နေနေသာသာ ကောင်းကင်မှာ မိုးတိမ် ဆိုတာတောင် တတောင် တထွာလောက် မှမမြင်ရ။ ဒီလောက် မိုးခေါင်နေမှတော့ မြေ ကြီးလည်း ပတ်ကြား ကွဲအက်မှာပဲ။ မိုးကိုက မဟုတ်တာပါ" လို့ အပြစ်တင် လိုက်တယ်။

ထိုအခါ ကိုရွှေမိုးက "အလို၊ ဦးသူတော်က မိုးမရွာတာ ကိုသာ မြင်တယ်။ တိုင်းပြည်ရှင် တရား မစောင့်တာ ကိုတော့ ဘာကြောင့် ထည့်မပြောတာလဲ။ မိုးလေဝသ ဆိုတာ ပြည့်ရှင်မင်းနှင့် တကွ လူအများ တရားစောင့်မှ မှန်နိုင်တော့ မှာပေါ့" လို့ စိတ်ဆိုးမာန်ဆိုး ပြန်ပြောသတဲ့။

ဖိုးသူတော်လည်း "အင်း ဟုတ်ရှာမှာ ဟုတ်ရှာမှာ" လို့ ဆိုပြီး နန်းတော်သို့ ဝင်ကာ ဘုရင်မင်းမြတ်ကို "အိုအရှင်မင်းကြီး တိုင်းပြည်ရဲ့ ဦးစီးနာယက ဘူမိပါလ ရေမြေ့ရှင်ဆိုတာ လောကပါလ တရား (၂) ပါး၊ သတ္တိ (၃) ပါး၊ သင်္ဂဟတရား (၄) ပါး၊ ဗလ (၅) တန်၊ နာယကဂုဏ် (၆) ခု၊ အပရိဟာနိယတရား (၇) ပါး၊ ရာဇဂုဏ် (၈) စုံ၊ နဝရတ် (၉) သွယ်၊ ရာဇဓမ္မ (၁၀) ပါး ဆိုတဲ့ မင်းကျင့် တရားတွေနဲ့ ပြည့်စုံရ ပါတယ်။

ယခုအခါ ဒကာတော် မင်းကြီး တရားမစောင့်တာမို့ နေပြည်တော်မှာ မိုးမရွာတာ ကြာမြင့် လှပါပြီ။ ဒါ့ကြောင့် ဒကာတော်မင်းကြီးအနေနဲ့ ဥပုသ်ဆောင် ဝင်ပြီး တရားကျင့်သုံး သင့်လှပါတယ်" လို့ သံတော်ဦး တင်လျှောက်ထား ပါတယ်။ အဲဒီအခါဘုရင်မင်းကြီးက

"ဦးသူတော် နေပြည်တော်မှာ မိုးမရွာတာကြောင့် ကျွန်ုပ်ကိုပဲ အဆိုး မပြောပါနဲ့။ အခု ဦးသူတော်ရဲ့ ကံလုပ်ရပ်ကိုပဲ ပြန်ကြည့် ပါဦး။ သူတော်ဆိုတာ သူတော်အလုပ် လုပ်ရမှာပေါ့။ မိုးမရွာတာကိုပဲ အပြစ် ပြောတယ်။ ကိုယ်မသမာတာ ကိုတော့ ထည့်မပြောပါလား" လို့ ပြန်လည် လျှောက်ထားတယ်။

ထိုအခါမှာတော့ ဖိုးသူတော်လည်း ရှက်သွားကာ "သြော် ဒကာတော် ရေမြေ့ရှင် ပြောတာလည်း မှန်တာပဲ။ ငါ့ကိုယ်က မသမာတော့ ဘယ်မှာလာပြီး မိုးရွာတော့မှာလဲ။ နောက်ဆုံးတော့ ငါ့ကံ လုပ်ရပ် မကောင်းလို့ ပြောင်းဖူးဆိုးနဲ့ တွေ့ရတာပဲ။ ဒီနေ့က စပြီး သူတော်ပီပီ နေတော့မယ်။ ဘယ်တော့မှ သူများဥစ္စာ မခိုးတော့ဘူး" လို့ ပြန်ပြောသတဲ့။

ဒီဓမ္မပဒ ပုံပြင်ကလေးဟာ ရိုးရိုး ကျဉ်းကျဉ်းကလေး ဖြစ်ပေမယ့် ကိုယ့်ဘာသာကိုယ် ဆန်းဆန်း ကြယ်ကြယ် အတွေးနယ်ချဲ့ နိုင်ပါတယ်။ ဒီနေရာမှာ ဒီပုံပြင်ကလေးက အဓိက ပေးလိုတဲ့ သတင်းစကားတွေ ကတော့ (၁) သတ္တလောကနဲ့ သြကာသလောက (တနည်း) လူနဲ့ သဘာဝ ပတ်ဝန်းကျင်ဟာ အချင်းချင်း အညမည အပြန်အလှန် မှီခိုကြရတယ် ဆိုတာရယ်။

(၂) မိမိမှီခိုရာ လောက ဝန်းကျင်ကြီး တခုလုံး သာယာလှပ ကောင်းမွန်ဖို့ရာ လူတိုင်းမှာ ကိုယ်စီကိုယ်ငှ တာဝန် ရှိကြတယ် ဆိုတာရယ်။ (၃) နောက်ဆုံးမှာတော့ ကိုယ့်ဘဝ ကိုယ့်လောကဆိုတာ ကိုယ့်စိတ်ထားနဲ့ ထိုက်တန်သလိုသာ ရတယ် ဆိုတာတွေ ပါပဲ။ Crd

Post a Comment

0 Comments