ဆင်းရဲတယ် ဆိုတာ ဘာလဲ

တခါက အင်မတန် ချမ်းသာတဲ့ မိသားစုက ဖခင်ဖြစ်သူဟာ သားဖြစ်သူကို ခေါ်ပြီး ဆင်းရဲတဲ့ သူတွေဟာ ဘယ်လိုလဲ ဆိုတာကို သားဖြစ်သူကို သိစေချင်စိတ် ပြင်းပြစွာနဲ့ ပြသဖို့ရာ ကျေးလက်ဒေသ တခုကို ခရီးထွက်ခဲ့ ကြပါတယ်။

သားအဖနှစ်ယောက်ဟာ အင်မတန် ဆင်းရဲရှာတဲ့ မိသားစု တခုရဲ့ စိုက်ပျိုး မွေးမြူရေး ခြံတခုမှာ နှစ်ရက် နှစ်ည တိုင်တိုင် နေပြီး ဆင်းရဲတယ် ဆိုတာ ဘာလဲ သိအောင် နေခဲ့ကြ ပါတယ်။

အပြန်ခရီး မှာတော့ ဖခင်ဖြစ်သူက သားဖြစ်သူကို မေးပါတယ်။ "ခရီးထွက်လာခဲ့ရတာ ဘယ်လိုနေသလဲ" လို့ မေးတဲ့ အခါ သားဖြစ်သူက "သိပ်ကောင်းတာပဲ ဖေဖေ" လို့ ဖြေပါတယ်။

"ဆင်းရဲသားတွေကို သားတွေ့ခဲ့ရတယ် မဟုတ်လား” လို့ မေးတော့ "အိုး တွေ့တာပေါ့ဖေဖေ"လို့ သားဖြစ်သူက ပြန်ဖြေပါတယ်။ "ဒါဆိုရင် ဒီခရီး ကနေ သား ဘာတွေကို မြင်တွေ့ သင်ယူလာ ခဲ့သလဲ" လို့ မေးတော့ သားဖြစ်သူက အခုလို ပြန်ဖြေ ပါတယ်။

"သားတို့မှာ ခွေးတကောင် ရှိတယ်။ သူတို့မှာ ခွေးလေးကောင် ရှိတယ်။ သားတို့ ပိုင်တဲ့ ရေကန်က သားတို့ ဥယျာဉ် အလယ်ထိအောင် ရှည်တယ်။ သူတို့ချောင်းက အဆုံးမရှိဘူး။ သားတို့မှာ ဝယ်တပ်ထားတဲ့ မီးအိမ်တွေ ရှိတယ်။ သူတို့မှာ ညဆိုရင် ကြယ်တွေ ရှိတယ်။

သားတို့ အိမ်ရှေ့ ဝရံတာက အိမ်အရှေ့ မျက်နှာဘက်ထိ ရောက်တယ်။ သူတို့အိမ်ရှေ့ မျက်နှာစာက မိုးကုပ်စက်ဝိုင်း ထိအောင်ရောက်တယ်။ သားတို့ ပိုင်တဲ့ မြေကွက်က သေးတယ်။ သူတို့ ပိုင်တဲ့ လယ်ကွင်းတွေက မျက်စိ တဆုံး မကဘူး။

သားတို့မှာ လုပ်ကိုင်ပေးမယ့် အလုပ်သမားတွေ ငှားရတယ်။ သူတို့ကတော့ တယောက်ကို တယောက် လုပ်ကိုင် ဆောင်ရွက် ပေးကြတယ်။ သားတို့က အစားအစာကို ဝယ်စားရတယ်။ သူတို့က သူတို့ဘာသာ စိုက်ပျိုး စားသောက်တယ်။

သားတို့ပိုင်တဲ့ ပစ္စည်းတွေကို လေးဘက်လေးတန် နံရံတွေနဲ့ ကာကွယ် ထားရတယ်။ သူတို့ကို ကျတော့ သူတို့မိတ်ဆွေ တွေက ကာကွယ် ပေးကြတယ် ဖေဖေ"

သားဖြစ်သူရဲ့ အဖြေကို ကြားလိုက်ရတဲ့ အခါမှာတော့ ဖခင်ဖြစ်သူဟာ စကားမပြောနိုင် ဖြစ်သွား ပါတော့တယ်။ သားက ထပ်ပြီး ပြောလိုက်သေးတယ်။ "သားတို့တွေ ဘယ်လောက် ဆင်းရဲတယ် ဆိုတာ သိအောင် လိုက်ပြပေးတဲ့ ဖေဖေ့ကို ကျေးဇူးတင်ပါတယ် ဖေဖေ" တဲ့။

ပြောရရင်တော့ အကြိမ် တော်တော် များများမှာ ကျွန်တော်တို့ဟာ ကိုယ့်မှာ ရှိနေတာတွေကို မေ့လျော့ပြီး ကိုယ့်မှာ မရှိတာ ကိုပဲ အာရုံပြုနေလေ့ ရှိပါတယ်။ လူတယောက်အတွက် တန်ဖိုးမရှိတဲ့ အရာတခုဟာ ကျန်တဲ့ လူတယောက် အတွက်တော့ တန်ဖိုးဖြတ်ဖို့ ခက်တဲ့ ပိုင်ဆိုင်မှု ဖြစ်နေတတ် ပါတယ်။ ဒါတွေ အားလုံးဟာ လူတယောက်ရဲ့ အမြင်ပေါ်မှာပဲ အခြေပြုလေ့ ရှိပါတယ်။

ဒါကြောင့် ကျွန်တော်တို့ တွေဟာ လိုချင်တာတွေအတွက် ပူပန်နေမယ့် အစား ကိုယ့်မှာ ရှိတာလေးတွေကို ကျေးဇူးတင်ကြည့် လိုက်မယ်ဆိုရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာ တွေးတောပြီး ကိုယ့်ကိုယ်ကို အံ့သြ ကြည့်လိုက် စမ်းပါ။ Crd

Post a Comment

0 Comments