လူသားဆန်တဲ့ ချစ်ခြင်းမေတ္တာ

ဗီယက်နမ်စစ်ပွဲမှာ တိုက်ပွဲဝင်နေတဲ့ အမေရိကန် စစ်သားတယောက်ဟာ အိမ်ပြန်ခွင့်ရလို့ ဆန်ဖရန်စ္စကိုမြို့က သူ့မိဘတွေကို ဖုန်းဆက်ပြီး အခုလို ပြောလိုက်တယ်။

"အဖေနဲ့ အမေတို့ရေ၊ သား အိမ်ကို ပြန်လာခဲ့တော့မယ်။ အဖေတို့ကို သား ခွင့်ပန်စရာတခု ရှိပါတယ်။ အဲ့ဒါက သားရဲ့အခင်ဆုံး သူငယ်ချင်းတယောက်ကို အိမ်ကို ခေါ်လာချင်လို့ပါ"

"ခေါ်ခဲ့လေကွာ။ ငါတို့လည်း သူ့ကို တွေ့ချင်ကြပါတယ်" လို့ သူ့အဖေက ပြန်ဖြေတယ်။ "သား တခုတော့ ကြိုပြောထားပါရစေ။ သူငယ်ချင်းဟာ တိုက်ပွဲတခုမှာ ဒဏ်ရာ အကြီးအကျယ် ရခဲ့တယ်။

သူဟာ မြေမြုပ်မိုင်းဗုံးပေါ် တတ်နင်းမိလို့ သူ့လက်တဖက်နဲ့ ခြေထောက်တဖက် ဆုံးရှုံးသွားခဲ့တယ်။ သူ့မှာ မိဘဆွေမျိုးလည်း မရှိလို့ သားတို့အိမ်မှာ ခေါ်ထားလို့ပါ"

ဒီအခါမှာ တဖက်က ဖုန်းသံဟာ တိတ်သွားတယ်။ မိနစ်အနည်းငယ် ကြာမှ သူ့အဖေရဲ့ အသံပြန်ပေါ်လာတယ်။ "သားရဲ့ သူငယ်ချင်းအကြောင်း ကြားရတာ အဖေ စိတ်မကောင်းပါဘူးကွာ။ သူနေဖို့အတွက် အဖေတို့ နေရာ တနေရာ စီစဉ်ပေးမယ်လေ" "မဟုတ်ဘူး အဖေ။ သားက သူ့ကို သားတို့အိမ်မှာပဲ အတူနေစေချင်ပါတယ်"

"သား မင်းတောင်းဆိုနေတာ ဘာလဲဆိုတာ မင်း သေချာမသိဘူး ထင်တယ်။ ဒုက္ခိတတယောက် အဖေတို့အိမ်မှာ လာနေရင် အဖေတို့အတွက် ဝန်ထုပ်ဝန်ပိုကြီး ဖြစ်နေမှာပေါ့။ အဖေနဲ့ အမေတို့ဟာ အခုချိန်ထိ ဘဝမှာ အေးအေးချမ်းချမ်း နေလာခဲ့ကြတာ။ ဒုက္ခိတတယောက် လာနေလို့ အဖေတို့ရဲ့ အေးချမ်းတဲ့ဘဝလေး မပျက်ပါရစေနဲ့ကွာ။ သားတယောက်တည်း အိမ်ပြန်လာခဲ့ပါ။ သူ နေဖို့စားဖို့ သူဘာသာ စီစဉ်ပါစေ"

သူ့အဖေရဲ့ စကားအဆုံးမှာ စစ်သားလေးဟာ ဖုန်းချသွားပါတယ်။ သူ့ဆီက ဖုန်းထပ်မလာတော့သလို အဆက်သွယ်လည်း မရတော့ဘူး။ သူမိဘတွေလည်း သူ့ကို ဘယ်လိုဆက်သွယ်ရမှန်း မသိလို့ သူ့ဆီက ဖုန်းကိုပဲ စောင့်နေကြတယ်။ ရက်အတော်ကြာမှ ဖုန်းခေါ်သံ ကြားရတယ်။ ဒါပေမဲ့ ဖုန်းဆက်သူက သူတို့နေတဲ့ ဆန်ဖရန်စ္စကိုမြို့ရဲ့ ရဲစခန်းကပါ။

ဖုန်းဆက်သူ ရဲအရာရှိက သူတို့သားဟာ အဆောက်အဦ တခုပေါ်က လိမ့်ကျပြီး ကွယ်လွန်သွားတယ်တဲ့။ သူ့သားဟာ သူ့ကိုယ်သူ သတ်သေတာ ဖြစ်နိုင်တယ်တဲ့။ သူတို့ကို ဆေးရုံက ရင်ခွဲရုံကို အမြန်လာပြီး သူ့သားအလောင်း ဟုတ် မဟုတ်ကို သက်သေခံစေချင်ပါတယ်လို့ ပြောပါတယ်။

မိဘတွေလည်း ဝမ်းနည်းကြေကွဲစွာနဲ့ ဆေးရုံက ရင်ခွဲရုံကို အမြန် လိုက်သွားကြတယ်။ သူတို့ကို ရဲအရာရှိက ရင်ခွဲရုံထဲက သားအလောင်းကို ပြလိုက်တယ်။ အလောင်းကို ဖုံးလွမ်းထားတဲ့ အဝတ်အဖြူကို ဖယ်လိုက်တော့ သူတို့ဟာ သားရဲ့မျက်နှာကို ကောင်းကောင်း မှတ်မိကြတယ်။

ဒါပေမဲ့ သူတို့ဟာ မထင်မှတ်ထားတာ တခုကို တွေ့လိုက်ရလို့ အံသြ ထိတ်လန့် သွားကြတယ်။ အဲဒါက သားမှာ လက်တဖက်နဲ့ ခြေထောက်တဖက် ပြတ်နေတာပါ။

ဒါဟာ တကယ့် အဖြစ်မပျက်လား၊ ပုံပြင်လား ဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ ဒီအဖြစ်ပျက်လေးဟာ ကျွန်တော်တို့ကို အသိတရား တခု ရစေပါတယ်။ အဲဒါက ကျွန်တော်တို့ဟာ မသန်စွမ်းတဲ့ ဒုက္ခိတ တယောက်ကို တွေ့ရင် သနားတယ်။ ဒါပေမဲ့ သနားတာထက် မပိုကြပါဘူး။

တချို့ကျတော့ အဲဒီလိုမျိုးကို တွေ့ရင် မလိုလား မနှစ်သက်ဟန် ပြကြတယ်။ ရွံ့ရှာကြတယ်။ တကယ်လို့ သူဟာ ကိုယ့်သားသမီး တယောက်ဖြစ်နေရင် ဘယ်လို သဘောထားမလဲ ဆိုတာ စဉ်းစားကြည့်စေ ချင်ပါတယ်။ သူတို့ကို မိမိရဲ့သားသမီးလို သဘောထားပြီး အကြွင်းမဲ့ ချစ်တတ်ခြင်းဟာ လူသားဆန်တဲ့ ချစ်ခြင်းမေတ္တာပါ။

BamawTheinPhe

Post a Comment

0 Comments