ဥယျာဉ်စောင့်သမီးနှင့် ပုဏ္ဏားငါးယောက်

တခါတုန်းက ဘုရင့်ဥယျာဉ်ကို စောင့်ရှောက်ရတဲ့ ဥယျာဉ်စောင့်ကြီး တယောက်မှာ သမီးလေးတယောက် ရှိတယ်။ သူမရဲ့နာမည် ကတော့ မာလာဝတီ လို့ ခေါ်တယ်။

တနေ့မှာတော့ သူတို့ ဥယျာဉ်ဆီကို ပုဏ္ဏား ငါးယောက်ဟာ ခရီးတထောက် နားရင်း ရောက်လာ ကြပါတယ်။ သူတို့တွေဟာ အနယ်နယ် အရပ်ရပ်က အလှူခံပြီး ပြန်လာတာ ဖြစ်တယ်။ ဥယျာဉ်မှာ ခဏနားပြီး ခရီးဆက်မယ် လုပ်တော့ ခေါင်းဆောင် ပုဏ္ဏားက

"အမောင်ဥယျာဉ်စောင့်ဟာ ရိုးသားပုံ ရတယ်။ အလှူခံ ငွေတွေကို အပ်ထား ချင်တယ်။ တနှစ် ပြည့်လို့ ပြန်လာရင် ငါတို့ ငါးယောက်စလုံး ဆုံမှ ပြန်ပေးပါ" လို့ ပြောပြီး ငွေတွေကို အားလုံး သဘောတူ အပ်ထားခဲ့ ကြတယ်။ ပြီးတော့ အားလုံး ခရီးဆက် သွားကြတယ်။

သူတို့ အတန်ငယ်ဝေးတဲ့ နေရာ ရောက်တော့ ကောက်ကျစ်စဉ်းလဲတဲ့ ပုဏ္ဏားငယ် တယောက်က သူရဲ့ ခရုသင်း မေ့ကျန် နေခဲ့တယ် ဆိုပြီး ဥယျာဉ်စောင့် ဆီကို ပြန်လာတယ်။

ဥယျာဉ်စောင့်ဆီ ရောက်တော့ ငွေတွေကို ပြန်ယူခိုင်း လိုက်လို့ လာယူကြောင်း လိမ်ပြောတယ်။ ရိုးသားတဲ့ ဥယျာဉ်စောင့် ကလည်း ယုံကြည်ပြီး အပ်နှံထားတဲ့ ငွေတွေကို ပြန်ပေးလိုက် ပါတယ်။ ပုဏ္ဏားငယ်လည်း ငွေတွေကို ယူပြီး ထွက်ပြေးသွား တာပေါ့။

တနှစ်ပြည့်လို့ ပုဏ္ဏားတွေဟာ ဥယျာဉ်စောင့်ဆီ ပြန်လာပြီး ငွေတွေကို တောင်းကြ ပါတယ်။ ပုဏ္ဏားငယ်လေး ကတော့ ပါမလာတော့ပါဘူး။ ဥယျာဉ်စောင့် ကလည်း အဲဒီနေ့ကတည်းက ပုဏ္ဏားငယ် တယောက် ပြန်လာယူ သွားကြောင်း ရှင်းပြပါတယ်။

ပုဏ္ဏားတွေက စိတ်ဆိုးပြီး လူငါးယောက်စလုံး မျက်နှာ စုံညီဖြစ်မှ ပေးရမယ် ဆိုတာ ပြောထားရက်နဲ့ အခုလို ပေးလိုက်တာဟာ မရိုးမသား လိမ်လည်တာပဲ ဆိုပြီး အလျော် တောင်းတယ်။ ဆင်းရဲတဲ့ ဥယျာဉ်စောင့်က မလျော်နိုင်ဘူးပေါ့။

ဒီတော့ ပုဏ္ဏားတွေက ဘုရင့်ကို တိုင်ကြတာပေါ့။ ဘုရင်က စစ်ဆေးပြီး ပေးလျော်စေ၊ မလျော်နိုင်က တသက်လုံး ကျွန်ခံစေလို့အမိန့်ချ လိုက်တာပေါ့။ ဥယျာဉ်စောင့်က ကျွန်ဖြစ်သွားတော့ စိတ်ဆင်းရဲ နေတာပေါ့။

ဒီတော့ ဉာဏ်ပညာ ရှိတဲ့ သမီးလေးက အဖေ့ကို အားပေးစကား ပြောပြီး ဘုရင်ကြီးဆီကို ရဲရဲဝင့်ဝင့် သွားပြီး သံတော်ဦး တင်ပါတယ်။ "အရှင်မင်းကြီး ပုဏ္ဏားတွေရဲ့ ငွေတွေကို ကျွန်တော်မျိုးမ ပေးဆပ်ပါ့မယ် ဘုရား" "အေး ပေးဆပ်စေ"

"ဒါပေမယ့် ဖခင်ထံ ငွေတွေ လာအပ်စဉ် တုန်းက သူတို့ ငါးယောက် ဖြစ်ပါတယ် အရှင်မင်းကြီး" "အိမ်း မှန်ပေတယ်" "နောက်ပြီး အဲဒီ ငါးယောက်စလုံး စုံညီမှ ပြန်ပေးအပ် ရန်လည်း ကတိကဝတ် ပြုသွားပါတယ် အရှင်မင်းကြီး" "ဒါလည်း မှန်ပေတယ်"

"အဲဒါကြောင့် သူတို့ ငါးယောက်စလုံး စုံမှ ပြန်ပေးပါ့မယ် အရှင်ဘုရား" လို့ လျှောက်ထားတော့ ဘုရင်ကြီးဟာ သူမရဲ့လျှောက်ထားချက်ကို သဘောကျပြီး "ငါးယောက် ဆုံမှ ပေးဆပ်စေ" လို့ အမိန့်ချမှတ် လိုက်ပါတယ်။

လိမ်လည်သွားတဲ့ ပုဏ္ဏားငယ်ကို ရှာမတွေ့တာနဲ့ ပုဏ္ဏားတွေဟာ အမှု ရှုံးသွား ပါတော့တယ်။ ဒီတော့မှ ဥယျာဉ်စောင့် မိသားစုလည်း ကျွန်အဖြစ်က လွတ်မြောက် သွားကြ ပါတော့တယ်။

မာလာဝတီဟာ ငယ်ရွယ်ပေမယ့် ကျန်လူတွေ သတိမထားမိတဲ့ "ငါးယောက်စလုံး စုံညီမှ" ဆိုတဲ့ စကားကို သတိထား မိတယ်။ ပြီးတော့ ပြဿနာကို ဖြေရှင်းနိုင်တဲ့ ဉာဏ်ပညာလည်း ရှိသူ ဖြစ်တယ်။ ဒီတော့ ဖခင်ရဲ့ ဒုက္ခကို ကယ်တင်နိုင် ခဲ့ပါတယ်။

သတိ၊ ပညာနဲ့ ပြည့်စုံသူဟာ မိမိကိုယ်ကိုယ်လည်း စောင့်ရှောက် နိုင်သလို တပါးသူကိုလည်း ကယ်တင် နိုင်ကြောင်း ထင်ရှားစေတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ လူငယ်တိုင်း သတိ၊ ပညာနဲ့ ပြည့်စုံသူများ ဖြစ်ကြပါစေ။ Crd

Post a Comment

0 Comments