တချက်ခုတ်ရင် ဆယ်ချက်ပြတ်အောင်

တခါတုန်းက ထင်းခုတ်သမား လူငယ်တဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ ထင်းခုတ်သမား အဘိုးအို တဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း ညနေစောင်းချိန်တွင် အဘိုးအို ခုတ်ပြီးသော ထင်းအရေအတွက်မှာ လူငယ်ထက် ပိုများနေခဲ့သည်။

အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက် ထင်းပိုများ နေသည်ကို သတိပြုမိသော လူငယ်က နောက်ရက်တွင် စောစောထပြီး ထင်းခုတ် ထွက်ရန် ဆုံးဖြတ် လိုက်သည်။ နောက်တနေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။ စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည် ဟုလည်း တွေးနေမိသည်။

သို့သော် အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများ နေသည်ကို တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက် ဆက်တိုက် တောင်ပေါ်သို့ စောစီးစွာ ရောက်နှင့် နေပြီး မိုးချုပ်နေဝင်မှ အိမ်ပြန်ခဲ့ သော်လည်း သူ၏ ထင်းမှာ အဘိုးအိုထက် အမြဲတမ်းလိုလိုပင် နည်းနေခဲ့သည်။

ခြောက်ရက်မြောက် နေ့တွင် သူသည် မအောင့်နိုင် တော့သည့် အဆုံး အဘိုးအိုအား မေးမြန်းခဲ့သည်။ "အဘိုး ကျွန်တော်က အဘိုးထက် အားသန်တယ်။ အဘိုးထက် စောပြီး တောင်ပေါ် ရောက်အောင် လာခဲ့တယ်။ နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့် ကျွန်တော် ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ် ဘာကြောင့်လဲ"

ထိုအခါ အဘိုးအိုက "ဒီလို လူလေးရဲ့ အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့ ပုဆိန်ကို အမြဲ သွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ ထင်းခုတ်ပြီး ဒီအတိုင်း ပစ်ထားခဲ့တယ်။ အဘိုးက အသက်ကြီးပြီ။ နောက်ကျမှ တောင်ပေါ် ရောက်သလို လူလေးထက် စောပြီး အလုပ် သိမ်းခဲ့တယ်။

ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက် ထက်မြက်နေတဲ့ အတွက် အဘိုး လေးငါးချက် ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက ဆယ်ချက်လောက် ခုတ်ယူ ရတယ်။ ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေရတာပါ" လို့ ပြန်ပြောလိုက် ပါတော့တယ်။

ပုံပြင်လေး ကတော့ ဒါပါပဲ။ ထင်းပဲ ခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး ရလာဒ်တဝက်ပဲ ခံစားရမယ် ဆိုတာကို တချိန်ချိန် ကျရင် သိလာ ပါလိမ့်မယ်။ လူ့ဘဝ လမ်းတလျှောက်မှာ ရှင်သန် ကြီးပြင်းဖို့ ကြိုးစားနေသလို တဖက်ကလည်း ကိုယ့်ပညာ ဗဟုသုတတွေကို မြှင့်တင်ယူရမှာ ဖြစ်ပါတယ်။

အရင်ခေတ် တုန်းကတော့ ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ ထင်းပဲ ခုတ်နေလို့ မလုံလောက် တော့ပါဘူး။ တဖက်က ထင်းခုတ်ရင်း တဖက်ကလည်း ပုဆိန်ကို သွေးနေသင့် ပါတယ်။ မဟုတ်ရင် ခေတ်နောက် မလိုက်နိုင်တဲ့ ကိုယ့်ကို အဲဒီခေတ်ကပဲ ပယ်ထုတ် ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။

မိမိကိုယ်ကို အမြဲလိုလို သွေးသစ်လောင်း နေမှ ဘဝတတ်လမ်း အခွင့်အလမ်းတွေက မိမိကို ကြိုဆိုနေမှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ သစ်ခုတ်သမား လူငယ်လေးလိုပဲ ကြိုးစားသလောက် အရာမထင်ပဲ ဖြစ်နေပါလိမ့်မယ်။

ကိုယ့်ကိုယ်ကို တတ်လှပြီ ထင်ရင်တော့ သူများက တချက်တည်းနဲ့ ခုတ်လို့ ပြီးသွားတဲ့ သစ်ပင်ကို ကိုယ့်ကျမှ နဖူးကချွေး ခြေမထိ ကျအောင် အချက်ပေါင်း လေး ငါးဆယ် မက ခုတ်မှရမယ် ဆိုရင်တော့ ထူးအိမ်သင် သီချင်းထဲကလို နည်းနည်းလေးတော့ လွဲနေပြီ ပေါ့ဗျာ။

ဒီတော့ သင်တန်းချည်း တက်ပြီး တက်သမျှ မလေ့ကျင့်ဘဲ၊ ပြန်မေ့နေမယ် ဆိုရင်တော့ အဲဒါ ကိုယ့်သမိုင်း ဖြစ်သွားပြီလို့ပဲ ဆိုပါရစေ။ ဒီနေရာမှာ တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်စ်ရဲ့ စကားတခွန်း လက်ဆောင် ပါးချင်ပါတယ်။ "လက်တွေ့ မပါတဲ့ ပညာဟာအသုံးမဝင်သလို၊ ပညာ မပါတဲ့ လက်တွေ့ဟာလည်း အန္တရာယ်များတယ်" တဲ့။

အဲဒီလိုပဲ။ ကျွန်တော်တို့ဟာ ကိုယ်သိသလောက်၊ အတွေ့အကြုံ လေးနဲ့ပဲ ပြဿနာတိုင်းကို ဖြေရှင်းလို့ မရနိုင်ပါဘူး။ လိုအပ်ရင် သင်တန်းတွေတက် ပညာယူ လေ့လာရတော့မှာ ဖြစ်ပါတယ်။

ဒီတော့ နေ့တိုင်းနေ့တိုင်း ဒီအလုပ်တွေ ကုန်းရုန်းလုပ်ရင်း ဒီနေရာမှာပဲ ရပ်တန့်နေတော့ မှာလား၊ ကိုယ့်ဘဝကို ဒီထက် မြင့်မြင့် ပျံသန်းနိုင်ဖို့ အချိန်လေး အခွင့်အရေးလေး မပေးနိုင်ဘူးလား။

တချက်တည်း ခုတ်လို့ ပြတ်မယ့် နေရာမှာ အချက်ပေါင်း များစွာ ခုတ်ရင်း အချိန်ကုန် လူပန်းနဲ့ ဘဝကို အောက်ကျ နောက်ကျ ဖြတ်သန်း သွားတော့မှာလား။ တချက်ခုတ် ဆယ်ချက် ပြတ်ဖို့ရာ အချိန်တွေ ရှိတုန်း ကျွန်တော်တို့ တတွေ ပုဆိန်တွေ သွေးကြပါစို့လားဗျာ။ Crd

Post a Comment

0 Comments