အသုံးမဝင်တဲ့ သစ်ပင်ကြီး

တခါတုန်းက သူငယ်ချင်းနှစ်ယောက် အတူတူ ခရီးတခု ထွက်လာခဲ့ ရာမှာ ပူပြင်းလှတဲ့ ရာသီဥတုကြောင့် ပင်ပန်း နွမ်းလျလို့ နေပါတယ်။

ဒီလိုနဲ့ တရွေ့ရွေ့ ခရီးဆက် လာကြရင်း တနေရာ အရောက် မှာတော့ သစ်ပင်အိုကြီး တပင်ကို တွေ့လိုက်ရ ပါတယ်။ သူငယ်ချင်းနှစ်ယောက်လည်း ဝမ်းသာအားရနဲ့ သစ်ပင်ကြီးရဲ့ အောက်မှာ ခြေပစ်လက်ပစ် ထိုင်ချ လိုက်ပြီး အနားယူလိုက် ပါတယ်။

ဒီလိုနဲ့ သစ်ပင်ကြီးရဲ့ အရိပ်အောက်မှာ လဲလျောင်း အနားယူ နေရင်း တယောက်သော သူငယ်ချင်းက သစ်ပင်ကြီးရဲ့ အကိုင်းအလက် တွေကို ကြည့်ပြီး အခုလိုပဲ သူ့ရဲ့ သူငယ်ချင်း ဖြစ်သူကို ပြောလိုက် ပါတယ်။

"ဒီသစ်ပင်ကြီးကို ကြည့်ပါဦး။ အိုမင်း နေပြီနော်။ ပြီးတော့ စားစရာ ဘာသစ်သီး သစ်ဖု မှလည်း မရှိဘူး။ ပင်စည်က လွဲပြီး ဘာမှ အသုံး မဝင်ဘူး" လို့ ပြောလိုက် ပါတယ်။

ဒါကို ကြားသွားတဲ့ သစ်ပင်ကြီးက "မိတ်ဆွေတို့ရေ ကျွန်ုပ်ဟာ လူသူ အရောက် အပေါက် နည်းတဲ့ နေရာဒေသမှာ တဦးတည်း ရပ်တည် နေရ တာပါ။

ဘယ်သူမှလည်း ရေ လာမလောင်း ပေးသလို ဘယ်သူ မှလည်း မြေသြဇာ ကောင်းကောင်း မကျွေးပါဘူး။ မိတ်ဆွေတို့ ပြောသလို ကျွန်ုပ်မှာ မိတ်ဆွေတို့ အဆာပြေ၊ ရေငတ်ပြေ စားသုံး နိုင်တဲ့ သစ်သီး တွေတော့ မရှိပါဘူး။

ဒါပေမဲ့ မိတ်ဆွေတို့ ပြောသလို ပင်စည်က လွဲပြီး အသုံးမဝင် တာတော့ မဟုတ်ပါဘူးဗျာ။ အခု မိတ်ဆွေတို့ ခိုနားနေတဲ့ အရိပ် အာဝါသက ကျွန်ုပ်ဆီက ရတာပါ။

ကျွန်ုပ် ပေးနိုင်တဲ့ အရိပ် အာဝါသက အခုချိန်မှာ မိတ်ဆွေတို့ ခရီးဆက်ဖို့ အတွက် အလွန် အသုံးဝင် ပါတယ်။ ဒီအတွက်ကြောင့် ကျွန်ုပ်ကို ပင်စည်က လွဲပြီး ဘာမှ အသုံးမဝင်ဘူး လို့တော့ မသတ်မှတ် စေချင်ပါဘူး" လို့ စိတ်မကောင်းစွာနဲ့ ပြောလိုက် ပါတော့တယ်။

ကျွန်တော်တို့လည်း အလားတူပါပဲ။ တခါတလေ သူငယ်ချင်း အချင်းချင်း ယှဉ်ပြုင်မိ၊ အားကျမိတဲ့ အခါ မဆီမဆိုင် မိဘတွေကို အပြစ်တင်ခဲ့ မိပါတယ်။ အမေ ကသာ ချောချော လှလှလေး မွေးလာခဲ့ရင်၊ အသား ဖြူဖြူလေး မွေးလာခဲ့ရင် ဆိုပြီး ပြစ်တင် နေခဲ့သလို

အဖေသာ သူဌေးကြီး တယောက် ဖြစ်ပြီး ငါလိုချင်တာ မှန်သမျှ ဝယ်ပေးနိုင်မယ် ဆိုရင် ဘယ်လောက် ကောင်းမလဲ ဆိုပြီး အား မလို အားမရ ဖြစ်ခဲ့ဖူး ကြပါတယ်။

အမှန်တကယ်က အခုလိုမျိုး ကိုယ်လက်အင်္ဂါ စုံစုံနဲ့ လူတန်းစေ့ နေနိုင် စားနိုင်အောင် မိဘနှစ်ပါးရဲ့ ပြုစု စောင့်ရှောက် ပေးခဲ့တာတွေကို မေ့လျော့ နေခဲ့လို့ပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာ လေးကနေ လက်ဆောင် ပေးချင်တဲ့ စကားလေး တခွန်းကတော့ "လိုချင် တပ်မက်မှုတွေ များလာတဲ့ အခါ သင်ပိုင်ဆိုင်ထားတဲ့ အကောင်းဆုံးသော အရာတွေကို မေ့လျော့ သွားတတ် ပါတယ်။

ဒါကြောင့် ကိုယ်ပိုင်ဆိုင် ထားတဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ အရာတွေကို မမေ့မလျော့ဘဲ အမြဲတမ်း အောက်မေ့ သတိရနေ သင့်ပါတယ်" YoYarLay

Post a Comment

0 Comments