အိုမင်းလာရင် ဘာတွေပြင်ဆင်ထားရမလဲ

ကျွန်တော်တို့ အားလုံး အိုရမဲ့ လူတွေပါ။ အခု မအိုသေးပေမဲ့ ဖတ်ထားရင် ကိုယ့်အတွက် ကာကွယ်ဖို့ ပြင်ဆင်ချိန် ရသလို၊ ကိုယ့်မိဘတွေ အတွက် ဆန်းစစ် ဆင်ခြင်လို့ ရနိုင်ပါတယ်။ အကြံလည်း ပေးလို့ရတာပေါ့။

အိုလာရင် ဘာတွေ ပြင်ဆင်ထားသင့်သလဲ၊ ဘာသာရေး ရှုဒေါင့်ကနေ မဟုတ်ပဲ လက်တွေ့ ဘဝ ရှုဒေါင့်ကနေ ဆွေးနွေး ကြည့်ရအောင်။

၁။ အိုဖေါ် (လင်မယားအို)

လင်အို မယားအို မေတ္တာ ကောင်းမွန်နေဖို့ လိုပါတယ်။ အရင်တုန်းက ချစ်ခဲ့ကြပေမဲ့ အသက်ကြီး လာတော့ တယောက်မျက်နှာ တယောက် ကြည့်မရတာမျိုး မဖြစ်သင့်ဘူး။

ယောက်ျားက သားဘက်၊ မိန်းမက သမီးဘက် ပိုရပ်တည်တာမျိုး မဖြစ်ရဘူး။ ငယ်ရွယ်တုန်းက လင်မယား ဆိုပေမဲ့ အိုလာရင် အဖေါ်မွန် ဖြစ်ဖို့၊ ရပ်တည်ချက် တူညီဖို့ အလွန် အရေးကြီး ပါတယ်။

ငယ်ငယ်တုန်း ကတော့ ယောက်ျား ပိုက်ဆံရှာ၊ ယောက်ျားက အင်အား ကောင်းတော့ အပြင်မှာ ပွေချင်တိုင်းပွေ၊ သောက်စားချင်တိုင်း သောက်စား၊ အိမ်က မိန်းမကို ခိုင်းဖတ်လို သဘောထားပြီး အော်လိုက် ငေါက်လိုက် လုပ်တဲ့ တချို့ ယောက်ျားမျိုးတွေရှိပါတယ်။

အဲဒီလို ယောက်ျားမျိုးတွေဟာ အိမ်ထောင်သက် အနှစ် (၂၀) နောက်ပိုင်းမှာ သားသမီးတွေ ကြီးလာရင် သားသမီးများက အမေဘက်က ရပ်တည်တာ ခပ်များများ ဆိုတော့ အရင်က ခံခဲ့သမျှ ရန်ညိုး ပြန်ဆပ် တတ်တယ်။

ဒါကြောင့် ကိုယ်အသက်ကြီးတဲ့ အခါ ကိုယ့်မိန်းမ ကိုယ့်ကို တကယ် ကောင်းစေချင်ရင် ကိုယ်က သူတို့အပေါ် အရင် ကောင်းထားရပါမယ်။

၂။ အိုသိုက် (နေအိမ်)

နေဖို့ထိုင်ဖို့ အိမ်တလုံး ရှိထားဖို့ လိုပါတယ်။ အဲဒီအိမ် ကိုလည်း မသေမချင်း ထိန်းထားဖို့ လိုပါလိမ့်မယ်။ ကိုယ်က မကြာမီ သေတော့မယ် ဆိုပြီး စောစောစီးစီး ထုခွဲပြီး အမွေ ခွဲပေးလိုက်နဲ့။

ကိုယ်နေဖို့ ပျောက်သွား နိုင်တယ်။ မပျောက်သွားတာ တောင်မှ သားသမီးမျက်နှာ (သို့) ချွေးမနဲ့ သမက် မျက်နှာ ကြည့်ပြီး အသက်ရှင် ရတာ မတန်ဘူး။

၃။ အိုစာ (ငွေကြေး)

အိုစာမင်းစာကို ဆိုလိုပါတယ်။ ရွှေဖြစ်ဖြစ်၊ ပိုက်ဆံ ဖြစ်ဖြစ် ကိုယ့်အတွက် ကိုယ်ချန်ထား ရတယ်။ သားသမီး စီးပွားရေး လုပ်ဖို့ အရင်းအနှီး မရှိဘူး ဆိုပြီး အကုန် ထုတ်မပေး လိုက်နဲ့။ အားလုံး ပေးလိုက်ရင် အိမ်က ဆင်းသွားရ နိုင်တယ်။ အချစ်ရဲ့ သဘာဝဟာ နောင်မျိုးဆက် ကိုပဲ ဆင့်ပွားပါတယ်။

သားသမီးကို ချစ်တယ် ဆိုတာ သတ္တဝါတိုင်းရဲ့ မွေးရာပါ သဘာဝ ဖြစ်ပါတယ်။ မိဘကို ရိုသေတယ် ဆိုတာ ဘာသာရေးအဆုံးအမနဲ့ သွန်သင် ယူရတယ်။ မွေးမြူ ယူရပါတယ်။ အဲဒါကြောင့် မသေချာ တတ်ဘူး။

မိဘများဟာ သားသမီး (၁၀) ယောက်ကို အပြုံးမပျက် ကျွေးမွေးနိုင် ပေမဲ့၊ သားသမီး (၁၀) ယောက်ဟာ မိဘ နှစ်ပါးကို ဆူပုတ်လောက်အောင် ကျွေးမွေးရတယ် ဆိုတဲ့ စကားပုံတခုကို ကြားဖူးပါတယ်။ ဒါကြောင့် မအိုသေးခင်မှာ ကိုယ့်အတွက် အိုစာချန်ပါ။

၄။ အိုရေး (ကျန်းမာရေး)

အိုတဲ့အခါမှာ ရှိတဲ့ ကျန်းမာရေးကို အတိုကောက် ရေးလိုက်တာပါ။ အိုလာရင် ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက် ရတယ်။ မနက်တိုင်း လမ်းလျှောက် တာမျိုး၊ အဖွဲ့လိုက် လေ့ကျင့်ခန်း လုပ်တာမျိုး ပါဝင်သင့် ပါတယ်။ ကောင်းကောင်း မလျှောက်နိုင်ရင်လည်း လုပ်ရှားနိုင်သမျှ အတတ်နိုင်ဆုံး ကိုယ်လက်လုပ်ရှား ပေးသင့်ပါတယ်။

ကိုယ့်ရဲ့ ကျန်းမာရေး ကောင်းမွန်ခြင်းဟာ ကိုယ့်အတွက်ပါ မဟုတ် သားသမီးများ အတွက်ပါ လာဘ်တပါး ဖြစ်ပါတယ်။ သူတို့ ကိုယ့်အတွက် သိပ်မပူရရင် သူတို့ အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်လို့ ရတာပေါ့။

၅။ အိုစိတ် (စိတ်နေ စိတ်ထား)

အိုလာရင် စိတ်နေစိတ်ထား မှန်မှန်ကန်ကန် ထားတတ်ဖို့ လိုပါတယ်။ ကိုယ် အသုံးမကျတော့ဘူး ဆိုပြီး မသိမ်ငယ် သင့်ပါဘူး။ သေခြင်းတရားကို တွေးတောပြီး ကြောက်မနေသင့် ပါဘူး။ မေ့မေ့လျော့လျော့ နေထိုင်သင့် ပါတယ်။ တရက် အသက်ရှင်ရင် တရက်အမြတ်ပဲ။ တန်အောင် အသက်ရှင်ရမယ် ဆိုတဲ့ စိတ်မျိုး မွေးမြူ ရပါမယ်။

ကျန်းမာရေး အဆင်ပြေရင် အလှူပွဲတွေ၊ ကူညီမူ လုပ်ရှားမူတွေ၊ ဘာသာရေးပွဲတွေ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ပါဝင် လုပ်ရှားသင့်ပါတယ်။ စိတ်ဓါတ် ရွှင်လန်းပြီး သန့်သန့် ပြန့်ပြန့် နေထိုင် သင့်ပါတယ်။ အသက်ကြီးသူများ အားလုံး ကျန်းမာချမ်းမြေ့ နိုင်ကြပါစေ။ Aung Ko Latt

Post a Comment

0 Comments