ငရဲကြီးမှာကြောက်လို့

တခါတုန်းက တောမြို့လေးမှာ ညီကို ၂ ယောက် ရှိကြသတဲ့။ ပွဲရုံလုပ်ငန်း အတူ လုပ်ကြရင်းနဲ့ အကို လုပ်သူက စီးပွား ဖြစ်လာတော့ လုပ်ငန်း ခွဲပြီး မြို့တက် အလုပ် လုပ်တာပေါ့။

မကြာဘူး စီးပွားလည်း တက်လာခဲ့ ပါတယ်။ ပိုက်ဆံ ရှိလာတော့ နဲနဲ ထင်ပေါ် လာတာပေါ့။ သိပ်မကြာပါဘူး။ ပိုက်ဆံ ရှိတဲ့သူ ဆိုတော့ မြို့ပေါ်က ဘုရား တဆူမှာ ဂေါပက သွားဖြစ် တာပေါ့။

တနေ့တော့ အကိုလုပ်သူက တိုက်ဆောက်ပြီး တိုက်တက် လုပ်တော့ နယ်မှာ ကျန်နေခဲ့တဲ့ သူ့ညီကို သူတိုက်တက်ကို လာဖိတ်လိုက်ရာ ညီဖြစ်သူက ရောက်လာခဲ့ ပါတယ်။

တိုက်ကြီး ကလည်း အသစ်ကြီး ဝင်းအပြည့်၊ ကြွေပြားတွေ ခင်းထား လိုက်တာလည်း လွန်ပါရောတဲ့။ ညီလုပ်သူက အကို့တိုက် ရောက်ပါပြီ ဆိုကတည်းက ဝင်းပေါက် အဝင် တံခါးမကြီးက စလည်း ဝင်ရော ဖိနပ် ကလေးကို ချွတ်ပြီး ဝင်လာခဲ့ပါတယ်။

ညီလုပ်သူ ဝင်းအပေါက် ကတည်းက ဖိနပ် လေးချွတ်ပြီး လက်နဲ့ ကိုင်ကာ ဝင်လာ နေတာကို အကိုလုပ်သူက တွေ့တော့ သူ့ညီ ဒီကြွေပြားပေါ်မှာ ဖိနပ် မစီးရဘူး ထင်လို့များလား ဆိုပြီး အော်ပြောသတဲ့။

"ညီလေး ဖိနပ်စီးလို့ ရပါတယ်ကွ စီး စီး" လို့ ပြောပါသတဲ့။ ဒါလည်း ညီလုပ်သူက ဖိနပ် မစီးဘဲ ဖိနပ်ကို လက်ကလေးနဲ့ ကိုင်ပြီး ဝင်လာခဲ့ရာ တိုက်ပေါက်မှာ ရပ်နေတဲ့ သူ့အကိုနား ရောက်သွားတော့ အကိုလုပ် သူက "ညီလေး ဖိနပ်စီးလို့ ရတယ်လေ" ဆိုပြီး ထပ်ပြောတယ်။

ညီလုပ်သူက "မလုပ်ပါနဲ့ အကိုရာ ကျနော် မစီးရဲဘူး" လို့ ပြန်ပြောတော့ အကိုလုပ်သူက "ဟ ဘာ့ကြောင့် မစီးရဲတာလဲ" ဆို ပြီးမေးတယ်။ ညီလုပ်သူက "ငရဲကြီးမှာ ကြောက်လို့ပါ" ဆိုပြီး ပြန်ပြောသတဲ့။

ညီဖြစ်သူရဲ့ စကားကို အကိုက နားမလည် သလို ဖြစ်သွားပြီး "ဒါ ငါ့တိုက်လေကွ၊ ငရဲက ဘာကြောင့် ကြီးရမှာလဲ" ဆိုပြီး ပြော လာတဲ့ စကားကို ညီလုပ်သူက ပြန်ဖြေ ပါသတဲ့။

"အကိုက ဘုရားဂေါပ ဆိုတော့ ဒီဆောက်ထားတဲ့ တိုက်ထဲမှာ သူများ လှူထားတဲ့ ငွေတွေနဲ့ ဘုရားငွေတွေ မပါဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။

ဒါကြောင့် ကျနော်က ဖိနပ် မစီးတာက ငရဲကြီးမှာ ကြောက်လို့ပါ" ဆိုပြီး ပြန်ပြောပါသတဲ့။ ဦးဦးလူ

Post a Comment

0 Comments