အင်အားကြီးတိုင်း အနိုင်မရနိုင်

တခါက ကိုင်းတောထဲတွင် ငုံးမိသားစုလေးသည် အသိုက်အမြုံ ဖွဲ့၍ ငုံးသားပေါက်လေး များဖြင့် ပျော်ရွှင်စွာ နေထိုင်ကြ လေသတဲ့။

တရက်မှာတော့ ဆင်ကြီးတကောင်ဟာ ရေသောက် ဆင်းဘို့ လာရာလမ်းကြောင်းတွင် ငုံးမိသားစု၏ အသိုက် ရှိရာသို့ဦးတည် နေသဖြင့် ငုံးမလေးမှာ သူ၏ သားသမီးများ အတွက် စိုးရိမ်စိတ် လွန်ကဲကာ ဆင်ကြီးအား

"အို အသင်မိတ်ဆွေ ကျေးဇူးပြု၍ ဤလမ်းမှ မသွားပါနှင့် တခြား လမ်းလွှဲမှ သွားပေး ပါရန် မေတ္တာရပ်ခံ တောင်းပန်ပါတယ်ရှင်" ဟု အသနားခံ ပြောဆိုရာ ဆင်ကြီးမှ ရှူးရှူးရှဲရှဲဖြင့် ဒေါသတကြီး မှုန်ယိုကာ

"အောင်မယ် ရာရာစစ ငါ့ကို မလေးမစား ငုံးစုပ်မ ကများ ငါ့လို ခွန်အားကြီးတဲ့ သူကို နင်က ဘာကြောင့် လာတားနေ ရတာလဲ။ ငါသွားချင်တဲ့ နေရာကနေ သွားမှာပေါ့ဟ ..ရှေ့က ဖယ်စမ်းပါ သေသွားချင်လား" ဟု မောက်မာ ရိုင်းပြစွာ ဆိုလေသည်။

ငုံးမလေးမှ "မဟုတ်ရပါဘူး ဆင်ကြီးရယ်။ အသင်သွားမယ့် လမ်းမှာ ငှက်မမယ် ကျမ သားငယ်လေး တွေဟာ မပျံနိုင် သေးတဲ့အရွယ်မို့ ယခုလို တောင်းပန် တားမြစ်ရခြင်း ဖြစ်ပါတယ်။ ကျမရဲ့ ရင်သွေးငယ်လေးတွေ အတွက်မို့ ပါရှင်"

ငုံးမလေးမှ တောင်းပန်စကား ဆိုလိုက်သော်လည်း ဆင်ကြီးမှာ သူ့လမ်းကိုသူ တည့်တည့် လျှောက်သွားလေရာ ငုံးပေါက်လေးများ ရှိနေသည့် အသိုက်အမြုံကို သူ၏ ခြေဖြင့် နင်းခြေ သတ်ဖြတ် လိုက်သည့်နှယ် ဖြစ်သွားလေ တော့သည်။

ငုံးမလေးခင်မျာ ရင်ကွဲမတတ် သောကပရိဒေဝ မီးများ တောက်လောင်ပြီး ဆင်ကြီးအား ယခုလို ကျုံးဝါး စိန်ခေါ် လိုက်လေသည်။ "ဒီမှာ ဆင်ယုတ်မာ တနေ့ကြရင် ကျမ အကြောင်း ရှင် ကောင်းကောင်းကြီး သိစေရမယ်။ ရှင့်အလှည့် ကျရင် ဒီထက်နာကျင် ခံစားစေရမယ်လို့ မှတ်ပါ" ဟု ကြိမ်းဝါး လိုက်လေ၏။

ထိုအခါ ဆင်ကြီးက "ဟားဟားဟားဟား လက်တောက်လောက်တောင် မရှိတဲ့ မင်းလို ပမွှားမလေး ကများ ငါလို စူပါပါဝါ အကောင်ကြီးကို ဘာများ လုပ်နိုင်မှာလဲကွာ။ ဒီလောကမှာ ငါ့ကို ဘယ်ကောင်မှ မယှဉ်နိုင်ကြ ပါဘူးကွာ။ ငါကပဲ အားလုံးကို အနိုင်ရယူ ခဲ့တာကွ ဟားဟားဟားဟား" ဟု ရယ်မေ ာဟားတိုက်ကာ ထွက်သွား ပါတော့သည်။

ငုံးမလေးသည် ဆင်ကြီးကို ဘယ်လိုပြန်ပြီး ဂလဲ့စား ချေရမည် ဆိုတာကို အကြိမ်ကြိမ် စဉ်းစားရင်း မှိုင်ငေးနေစဉ် သူ၏ မိတ်ဆွေ ကျီးကန်းမှ ငုံးမလေးကို မြင်တော့ စိတ်မကောင်းစွာဖြင့် "အို မိတ်ဆွေ ဘယ်လို အကြောင်းကြောင့် ယခုလို ပူဆွေးသောက ရောက်နေရတာလဲ။ အကျွန်ုပ် ဘာများ ကူညီပေးရမလဲ ပြောပြပါ" ဟု မေးမြန်းရာ

ငုံးမလေးက ဖြစ်ကြောင်း ကုန်စင် ပြောပြပြီး "အသင်ကျီးကန်ရှင်၊ ကျမကို တခုတော့ ကူညီပေးပါ။ ဆင်ကြီးရဲ့ မျက်လုံးနှစ်လုံးကို သင့်ရဲ့ ချွန်ထက်တဲ့ နှုတ်သီးနဲ့ ထိုးဖောက်ပေးပါရှင်" "အို ဒီလောက်ကတော့ ကူညီ ပေးပါ့မယ်"

ထို့နောက် မိတ်ဆွေ ယင်ကောင်နှင့် ငုံးမလေးတို့ ဆုံတွေ့ချိန် အထက်ပါအတိုင်း ပြောပြပြီး ငုံးမလေးမှ ယင်ကောင်အား "အသင်ယင်ကောင်ရှင့် ဆင်ကြီးရဲ့ မျက်လုံးနှစ်လုံးက ဒဏ်ရာ အနာပေါ်ကို ယင်ဥများ ဥချပေးစေ လိုပါတယ်" ဟု အကူအညီ တောင်းခံလိုက်ပါသည်။

ထပ်မံ၍ အနီးရှိ ရေအိုင်ထဲမှ ဖားလေးထံ သွားပြီး သူ၏ ဖြစ်ကြောင်း ကုန်စင်ကို ပြောပြပြီး အကူအညီ ထပ်တောင်းပြန်သည်။ "မိတ်ဆွေဖားလေးရှင့် အသင်ကတော့ ချောက်ကမ်းပါးထိပ်မှ နေပြီး အုံးအွမ် အုံးအွမ် လို့ ဖားသံ ပေး၍သာ အော်ပေးပါ ရှင်ရယ်" ဟု အကူအညီ တောင်းခဲ့လေသည်။

ထို့နောက် ကျီး၊ ယင်၊ ဖား တို့သည် သူတို့ ဆောင်ရွက်ရမည့် တာဝန်များကို အကောင်အထည် ဖော်ကြတော့သည်။ ပထမဆုံးကျီးကန်းမှ ဆင်ကြီး ရေဆင်းသောက်ချိန်တွင် မျက်လုံးနှစ်လုံးအား တိုက်ခိုက် ထိုးဖောက် ပစ်လိုက်ပါတော့သည်။

ဆင်ကြီးသည် နာကျင်လွန်းပြီး မမြင်မစမ်းဖြင့် ဆင်ကန်းတောတိုးသဖွယ် အော်မြည်ကာ ဦးတည်ရာ ထွက်ပြေးနေ ပါတော့သည်။

ယင်ကောင်သည် ဆင်ကြီး၏ ဒဏ်ရာပေါ်သို့ ဥများ ဥချပစ်ခဲ့ ပြန်သည်။ ရက်အနည်းငယ် အကြာတွင် ပိုးလောက် တွယ်ပြီးဒဏ်ရာကို ထိုးဆွသည့် ဒဏ်ကြောင့် ဆင်ကြီးမှာ နာကျင် ကိုက်ခဲပြီး ရင်တွေ ပူလောင်ကာ ရေဆာသဖြင့် စမ်းတဝါးဝါးဖြင့်ရေအိုင် ရှိနိုင်မည့် နေရာကို မှန်းဆ၍ သွားနေချိန် ဖားလေးသည် "အုံးအွမ် အုံးအွမ်" ဟု ချောက်ကမ်းပါးမှ နေ၍ အသံပေးနေလေသည်။

ဆင်ကြီးက ရေအိုင်ရှိသည် အထင်ဖြင့် အားရပါးရ ပြေးလွှားလိုက်ချိန်တွင် ဆင်ကြီးသည် ချောက်ကမ်းပါးထက်မှ အောက်သို့ပြတ်ကျကာ ဘဝနိဂုံး ချုပ်ငြိမ်းသွား လေတော့သည်။

မိမိထက် အဆပေါင်း များစွာ ကြီးမားတဲ့ ဆင်ကြီးကို ကျီး၊ ယင်၊ ဖားတို့မှစည်းစည်းလုံးလုံးဖြင့် အကွက်ကျကျ စီမံ တိုက်ခိုက်ခြင်းကြောင့် အနိုင်ရရှိ လိုက်ကြပါသည်။

အင်အားကြီးမားတိုင်း မိမိထက် ဂုဏ်ပါဝါ နဲသူများကို နိုင်လိုမင်းထက် ပြုမူ ဆောင်ရွက်တတ်တဲ့ အကျင့်ရှိသူ တို့သည် ယခုလို ကျီး ယင် ဖားနဲ့ တွေ့တဲ့အခါ မျိုးမှား ရှုံးနိမ့်ခြင်းနဲ့ ရင်ဆိုင်ရနိုင်သည်။

ကိုယ်ချင်းစာတရား ကင်းမဲ့ပြီး မောက်မာ ထောင်လွှား မာန တရားတွေနဲ့ သူတပါး အသိုက်အမြုံကို ပြိုကွဲစေမည့် အပြုအမူတွေကို ရှောင်ကျဉ် တတ်ရပါမည်။ လောကမှာ အင်အားကြီးမားတိုင်း အနိုင်ကျင့်လို့ မရနိုင်ပါဘူး။ Crd

Post a Comment

0 Comments