အရင်းနှီးဆုံးလူနဲ့တောင် မျှဝေမသုံးစွဲသင့်တဲ့ ပစ္စည်း (၈) မျိုး

တစ်ကိုယ်ရေသုံးပစ္စည်း ဆိုတဲ့အတိုင်း တစ်ယောက်တည်းပဲ သီးသန့်သုံးတာ အကောင်းဆုံးပါပဲ။ တစ်ကိုယ်ရေသုံး ပစ္စည်းတွေကို အခြားသူတွေနဲ့ မျှဝေသုံးစွဲရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်လာစေမှာပါ။ အဲဒါကြောင့် ဘယ်လောက်ပဲ ရင်းနှီးတဲ့သူနဲ့ပဲဖြစ်ဖြစ် မျှဝေမသုံးစွဲသင့်တဲ့ ပစ္စည်းတွေအကြောင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ နှုတ်ခမ်းနီ

သင့်သူငယ်ချင်းက မိတ်ကပ်ပစ္စည်းတွေက အိမ်မှာကျန်ခဲ့လို့ သင့်ဆီက နှုတ်ခမ်းနီကို ယူပြီးဆိုးတာကို ကြုံဖူးမှာပါ။ နှုတ်ခမ်းနီကို အခြားသူတွေနဲ့ မျှဝေသုံးစွဲရင် ရေယုန်လိုရောဂါတွေ အလွယ်တကူ ကူးစက်သွားနိုင်ပါတယ်။ နှုတ်ခမ်းနဲ့ပတ်သက်တဲ့ အချို့ဘက်တီးရီးယားတွေက နှုတ်ခမ်းနီမှာ ကျန်ရစ်နေတတ်ပါတယ်။ အဲဒါကြောင့် သင့်နှုတ်ခမ်းနီကို အခြားသူ ဆိုးပြီးသွားရင် နှုတ်ခမ်းနီအပေါ်ယံလွှာကို တစ်ရှူးကို အသုံးပြုပြီး သန့်ရှင်းရေးလုပ်ပါ။

၂။ နားကြပ်

နားကြပ်တစ်ခုကို တစ်ဖက်စီတပ်ပြီး သီချင်းနားထောင်တဲ့ အတွဲတွေဆိုရင်တော့ ဒီအချက်ကို သတိထားသင့်ပါတယ်။ လူတိုင်းလူတိုင်းရဲ့ နားထဲမှာ မတူညီတဲ့ဘက်တီးရီးယားတွေ ရှိကြပါတယ်။ နားကြပ်ကို မျှသုံးရင် နားထဲက အနာတွေ၊ ရောဂါတွေက အလွယ်တကူ ကူးစက်သွားမှာပါ။ နားကြပ်ကို သုံးပြီးတိုင်း အမြဲတမ်းသန့်ရှင်းရေးလုပ်ဖို့လည်း မမေ့ပါနဲ့နော်။

၃။ ဆံညှပ်ကလစ်

လူအများစုကတော့ ခေါင်းဖြီးကို မျှမသုံးကြပါဘူး။ ခေါင်းဖြီးကို မျှဝေပြီး မသုံးသင့်သလို ဆံပင်အလှဆင်ပစ္စည်းတွေကိုလည်း မျှဝေပြီး မသုံးစွဲသင့်ပါဘူး။ ဆံညှပ်ကလစ်တွေကို မျှသုံးရင် မှို၊ သန်းနဲ့ ဦးရေပြားမှာဖြစ်နေတဲ့အနာတွေပါ ကူးလာနိုင်ပါတယ်။ ဒါ့အပြင် မိမိတစ်ယောက်တည်း သုံးတယ်ဆိုရင်တောင် ခေါင်းစည်းကြိုးလေးတွေကို ၂ ပတ်တစ်ခါခန့် လျှော်ပေးသင့်ပါတယ်။ သင့်ရဲ့ဆံညှပ်ကလစ်လေးကို အခြားသူက သုံးပြီးသွားပြီဆိုရင် ဆပ်ပြာနဲ့ သေချာ‌ဆေးကြောပေးပါ။

၄။ ချွေးနံ့ပျောက်ဆေး

ချွေးနံ့ပျောက်ဆေးတွေမှာ ဘက်တီးရီးယားတွေကို ရှင်းပေးတဲ့အစွမ်းရှိပေမယ့် သူ့ရဲ့မျက်နှာပြင်က အသားအရေနဲ့ ထိပြီးရင် ဘက်တီးရီးယားတွေ ကပ်ပါလာမှာပါ။ ဘက်တီးရီးယားတွေကပဲ ချွေးနံ့ဆိုးတွေကို ဖြစ်စေတာပါ။ ချွေးနံ့ပျောက်ဆေးကို အသုံးပြုဖို့ အကောင်းဆုံးအချိန်ကတော့ ရေချိုးပြီးကာစ အချိန်ပါပဲ။ ကြားအချိန်တွေမှာ သုံးမယ်ဆိုရင် ချိုင်းကို စိုစွတ်တဲ့အဝတ်နဲ့ သန့်ရှင်းရေးလုပ်ပြီးမှ ‌ချွေးနံ့ပျောက်ဆေးကို အသုံးပြုပါ။ ချွေးနံ့ပျောက်ဆေးကလည်း အများနဲ့ မျှဝေမသုံးသင့်တဲ့တစ်ကိုယ်ရေသုံးပစ္စည်းပါပဲ။

၅။ တဘက်

တဘက်တွေကို ရေချိုးခန်းထဲမှာပဲ ထားရင် အစိုဓာတ်တွေ ရှိနေတာကြောင့် ဘက်တီးရီးယားတွေ ပွားလာဖို့ အကောင်းဆုံးနေရာပါ။ တဘက်ကိုလည်း လူအများနဲ့ မျှပြီးမသုံးသင့်ပါဘူး။ တဘက်ကို တစ်ယောက်တည်း သီးသန့်မသုံးရင် ဘက်တီးရီးယားတွေ၊ အရေပြားရောဂါတွေ၊ ဝက်ခြံတွေပါ ကူးစက်လာနိုင်ပါတယ်။ တစ်ယောက်တည်း အသုံးပြုတဲ့ တဘက်ကိုတောင် ၃-၄ ရက်တစ်ခါ လျှော်သင့်ပါတယ်။

၆။ လက်သည်းညှပ်

ဇာဂနာ၊ လက်သည်းညှပ်၊ မုတ်ဆိတ်ရိတ်စက်စတဲ့ ပစ္စည်းတွေကို တစ်ယောက်တည်းသီးသန့်ပဲ အသုံးပြုသင့်ပါတယ်။ အခြားသူတွေကိုလည်း ပေးမငှားသင့်ပါဘူး။ အဲဒီလိုပစ္စည်းတွေမှာ မမြင်ရတဲ့ ဘက်တီးရီးယားတွေ ရှိနေပြီးသားပါ။ တစ်ခါအသုံးပြုပြီးတိုင်း အရက်ပြန်နဲ့ သန့်ရှင်းရေးလုပ်ပေးပါ။

၇။ Skin care ပစ္စည်းများ

မျက်နှာသစ်တဲ့ ဘရက်ရှ်၊ roller နဲ့ မိတ်ကပ်ဖော့ စတဲ့ skin care ပစ္စည်းတွေကို တစ်ဦးတည်းပဲ အသုံးပြုပါ။ တစ်ဦးတည်း အသုံးပြုနေရင်တောင် အဲဒီပစ္စည်းတွေကို သန့်ရှင်းရေး မလုပ်ပေးရင် ဝက်ခြံနဲ့အခြားအရေပြား ပြဿနာတွေကို ဖြစ်စေပါတယ်။

၈။ အိမ်တွင်းစီးဖိနပ်

သင့်အိမ်မှာ အိမ်တွင်းစီးတဲ့ ဖိနပ်ထားရင် ဧည့်သည်စီးဖို့အတွက် သီးသန့်ဖိနပ်ထားပါ။ ခြေထောက်ကနေ ထွက်တဲ့ချွေးတွေနဲ့ ဖိနပ်က ဘက်တီးရီးယားတွေ ပေါင်းပြီး မှိုတွေ ဖြစ်လာစေပါတယ်။ ဒါ့အပြင် အိမ်တွင်းစီးဖိနပ်ကိုလည်း ကြာရှည်မစီးသင့်ပါဘူး။ ၆ လတစ်ကြိမ် လဲလှယ်ပေးသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments