ထိုင်းပါများရင် ကန်းသွားတတ်တယ်

ရွာတရွာမှာ နားထိုင်းတဲ့ လူတယောက် ရှိတယ်။ သူများပြောတာကို သေချာ မကြားတော့ သူထင်ရာမြင်ရာ စွတ်ပြောတတ်တယ်။ ဒါကြောင့် သူ့ကို လူတွေက နားထိုင်း၊ နားပင်း ဆိုပြီး စနောက် ကြတယ်။

နားထိုင်းကို နားထိုင်းလို့ ခေါ်တာ မကြိုက်ဘူး။ လူ့သဘာဝ ကိုး။ လူတွေနဲ့ ပြောဆိုရတာ အပေါက်လမ်း မတည့်လို့ အိမ်ပြင်ကို မထွက်တော့ဘူး။ နားထိုင်းတာ ကလည်း အတော် အခြေနေ ဆိုးလာတယ်။

တရက်တော့ ငယ်သူချင်း တယောက် အသဲအသန် ဖြစ်နေတယ်လို့ သိရတယ်။ လူမှုရေး အရ သတင်း သွားမေးရမယ်။ ခက်ပြီ။ သူ့နား အခြေနေနဲ့ ဘယ်လို လုပ်ရပါ့။ သူစဉ်းစားတယ်။ တယောက်တည်း စည်းဝါး ရိုက်ကြည့်တယ်။

ဟုတ်ပြီ။ လူနာကို သတင်းမေးတယ် ဆိုရင် ထုံးစံအတိုင်း "သက်သာလားလို့" မေးမယ်။ လူနာတို့ အများသဘာဝ "သက်သာပါတယ် ကွ" လို့ ဖြေမှာပဲ။ ဒီတော့ ငါက ဒီစကားကြားရတာ ဝမ်းသာတယ် ကွာ" လို့ ပြန်ပြောမယ်။

နောက်ပြီး "ဘယ်ဆေးတွေ သောက်နေလဲလို့" မေးမယ်။ လူနာက "ဘယ်ဆေး ဘယ်ဆေး သောက်နေတယ်" လို့ ဖြေမှာပဲ။ ဒီကျရင် "ဒီဆေးစွမ်းတယ် ကွာ၊ ဆက်သောက် သူငယ်ချင်းလို့ " အားပေးမယ်။

အဲ၊ ပြီးရင် "ဘယ်သမားတော်နဲ့ ကုနေလဲ သူငယ်ချင်း" လို့ မေးမယ်။ လူနာက "ဘယ်သူနဲ့ ကုနေတယ်လို့" ဖြေမှာပဲ။ ငါက "ဒီသမားတော် နာမည်ကြီး သူငယ်ချင်း၊ ဆက်ကု ဆက်ကု" လို့ အားပေးစကား ပြောရမယ်။

ဒီလို တယောက်တည်း စည်းဝါး ကိုက်ကြည့်ပြီး လူနာအိမ်ကို ချီတက်လာတယ်။ လူနာအိမ်မှာ သတင်းမေးတဲ့လူတွေ ဆွေမျိုးတွေ ရောက်နေကြတယ်။ နထိုင်းက ခပ်တည်တည်နဲ့ လူနာဘေးနား ဝင်ထိုင်ပြီး သူစီစဉ်ထားတဲ့ အတိုင်း စမေးတယ်။ "သူငယ်ချင်း သက်သာရဲ့လားကွ"

လူနာက ညှိုးငယ်ပြီး အားနဲနေတဲ့ လေသံနဲ့ ယဲ့ယဲ့လေး ပြန်ဖြေရှာတယ်။ "ငါ ဒီတောင်ကို ကျော်နိုင်မယ် မထင်တော့ပါဘူးကွာ" တဲ့။ သူစီစဉ်ထားတဲ့ အတိုင်း "ဟာ သူငယ်ချင်း၊ ဒီစကားကြားရတာ သိပ်ဝမ်းသာတာပဲကွာ" လို့ နထိုင်းက အားရဝမ်းသာ လေသံနဲ့ ပြောလိုက်တယ်။

လူနာ မျက်လုံးပြူးသွားတယ်။ သတင်းလာမေးတဲ့ လူတွေလည်း အံ့သြတဲ့ မျက်နှာတွေနဲ့ နထိုင်းကို ဝိုင်းကြည့်ကြတယ်။ ဒါကိုပဲ နထိုင်းက "သူ့နား ပြန်ကြားသွားပြီလို့ ဒီလူတွေ ထင်နေကြပြီ" ဆိုပြီး အားလုံးကို မိန့်မိန့်ကြီး ပြုံးပြနေ လိုက်သေးတယ်။ သူ့အစီစဉ် အတိုင်း ဆက်မေးတယ်။ "သူငယ်ချင်း ဘယ်ဆေးတွေ သောက်နေလဲကွ"

နေမကောင်းရတဲ့ အထဲ ပေါက်တတ်ကရ လာပြောနေတဲ့ နထိုင်းကို လူနာ ဒေါသထွက်နေပြီ။ ဒါနဲ့ ရွဲ့ပြောလိုက်တယ်။ "အဆိပ် သောက်နေတယ်ဟေ့ အဆိပ်" ဒါကိုပဲ နားထိုင်းက "ဒီဆေး သိပ်ကောင်းတာ သူငယ်ချင်း စွဲစွဲမြဲမြဲသာ သောက်ကွာ" ဆိုပြီး လုပ်ပြန်ရော။ သူဟာသူလည်း "ငါကွ" ဆိုပြီး ပြုံးနေသေးတယ်။ နောက်ဆုံးတခု ထပ်မေးတယ်။ "သူငယ်ချင်း၊ ဘယ်သမားတော်နဲ့ ကုနေသလဲကွ"

လူနာ ပေါက်ကွဲသွားပြီ။ ထရိုက်ချင်စိတ်တောင် ပေါက်နေပြီ ။ မျက်လုံးပြူး ပြီး ဒေါသ ထွက်နေတဲ့ မျက်နှာနဲ့ အော်ပြောလိုက်တယ်။ "သေမင်းဟေ့ သေမင်း သေမင်း"

"အို၊ ဒီမားတော် သိပ်စွမ်း ဆိုပဲ။ ကောင်းတယ် သူငယ်ချင်း ကောင်းတယ် ကောင်းတယ်" ဆိုပြီး အလိုက်ကန်းဆိုး မသိ၊ မျက်နှာရိပ် မျက်နှာကဲ နားမလည်ရှာပဲ အားပေးလိုက်သေး သတဲ့။

လောကမှာ နားထိုင်းတွေ ပေါပါတယ်။ နယ်ပယ် အစုံမှာပဲ။ တဘက် ပြောစကားကို အသေချာ နားမထောင်ပဲ ကိုယ့်စိတ်ထဲထင်ရာ မြင်ရာတွေ ပြောတတ်ကြတယ်။ ထားပါလေ။ တခြား နေရာတွေ မှာတော့ ကျွန်ုပ်တို့က ကိုယ့်ခန္ဓာက ပြောတာကို ကိုယ် အသေအချာ မကြာဘူး။ ကြားရင်လည်း တလွဲတွေ ကြားတတ်တယ်။ နားထိုင်းကမှ လူမှုရေးအရ သတင်းမေးဖော် ရသေးတယ်။ ကျွန်ုပ်တို့က ကိုယ့်ခန္ဓာကို သတင်းမေးဖူးကြပါရဲ့လား။

မနက်အိပ်ရာထတာနဲ့ ခန္ဓာကို မေးကြည့် မင်းနေကောင်းလားလို့။ ခန္ဓာက ဖြေပါတယ်။ "ငါက ဒုက္ခရောက်နေ တာကွ။ ဘယ်ကလာ ကောင်းရမှာလဲ။ ခုပဲကြည့်လေ မင်းသွားတိုက်ပေး မျက်နှာသစ်ပေး၊ အညစ်ကြေး စွန့်ပေး လုပ်ရပြီ မဟုတ်လား။ ငါ့ဆီက ထွက်သမျှ အပုပ်တွေ ချည်းပဲကွာ"

ခန္ဓာက အမှန်အတိုင် ဖြေတာကို ကျုပ်တို့က တလွဲ ကြားတယ်။ "ငါ့မျက်နှာလေးက ဝင်းနေတာပဲ၊ သွားလေးတွေလည်း ညီလို့။ ဘောဒီလေး ဆိုရင်လည်း ကျော့ရှင်းလို့" ဆိုပြီး ခန္ဓာက အသုဘလို့ ပြောတာက ကျုပ်တို့က သုဘ လို့ကြားတယ်။ ကြားမှာပေါ့။ ဘဝ ဆက်ဆက်က အမှတ် မှားလာခဲ့တဲ့ သညာက ကြိုတင် အဖြေထုတ်ထား တာကို။

ခန္ဓာက "ငါ့မှာကွာ အမြဲလည်း မနေရ၊ ကံ၊ စိတ်၊ ဥတု၊ အဟာရက ထောက်ပံ့ထား လို့သာ အနိုင်နိုင် ရပ်တည်နေရတာ။ သူတို့သာ ပျက်ရင် ငါ့ဘဝတော့ သွားပြီ" ဆိုပြီး ငြီးပြပါတယ်။ ဒါကို ကျုပ်တို့က တလွဲ ကြားတယ်။ "ကံလေးကောင်းလို့ ငါ ဒီရာထူး ဒီစည်းစိမ် ရနေတာ၊ ငါကွ" လို့ မာန ထောင်တယ်။

ရာသီဥတုလေးများ ပါရင် အဲယားကွန်း လေးနဲ့ ဇိမ်ပဲ။ စားချင်တာ ဆိုရင်လည်း ပြင်သစ်စာ၊ တရုတ်စာ၊ ကိုရီးယားစာ၊ ဘူဖေးစားမလား။ ကြက်သား ကာလသားချက် ကလေး စားမလား၊ ငရုတ်သီးထောင်းနဲ့ တို့စရာ နဲ့ စားမလား ငါ့သဘောပဲ ဆိုပြီး အဟာရ အထောက်ပံ့ ရည်ရွယ်ချက် ကို မသိကြတော့ဘူး။

ကောင်းတယ်၊ မြဲတယ်လို့ တဏှာ၊ ဒိဋ္ဌိနဲ့ သိမ်းပိုက်တယ်။ ဒီတော့ ခန္ဓာက ကျုပ်တို့ကို အမြင်ကပ်ပြီပေါ့။ ကဲကွာဆိုပြီး လေလေးဖြတ်ပြ၊ ကင်ဆာလေး ဖြစ်ပြတော့မှ ပူဆွေး ငိုကြွေး ပြကြတယ်။ "ပူတာတောင် နဲသေးတယ်" ဆိုပြီး ခန္ဓာက ဆဲလေ မလားပဲ။

ကဲဗျာ။ အဆဲမခံချင်ရင် နားမထိုင်း ပါစေနဲ့။ ခန္ဓာကို နေ့တိုင်း သတိဉာဏ်နဲ့ သတင်းမေးပေးပါ။ သူပြောပြတာလေးကို အသာတကြည် လက်ခံပေးပါ။ ဒါဆို ကျုပ်တို့ ငိုစရာ မလိုတော့ပါဘူး။ ထိုင်းပါများရင် ကန်းသွား တတ်တယ်နော်။ အရှင်ပညာသီရိ (ရမ္မာကျွန်း)

Post a Comment

0 Comments