ကြောင်းကျိုး မဆင်ခြင်တတ်သူ

ဟိုးရှေးတုန်းက ကာမဂုဏ်အာရုံ တို့ကို အပြစ်မြင်၍ ရသေ့ရဟန်း ပြုကာ ကောင်းကျိုးချမ်းသာကို ရှုမြင်ရန် တောထွက် လာခဲ့သော ဆရာ ရသေ့ကြီးတဦး တောထဲတွင် ရှိလေ၏။ ကောင်းကျိုးချမ်းသာများ ရရှိရန် အလို့ငှာ ကြိုးပမ်း အားထုတ်မှုကြောင့် ဈာန်သမာပတ် များလည်း ရရှိလာ လေတော့သည်။

ထိုသို့ အေးချမ်းငြိမ်သက် လှသော ရသေ့ကြီးထံ ခိုဝင်လာသော တပည့်ရသေ့များ မှာလည်း မိမိတို့ စည်းစိမ်ဥစ္စာ မှန်သမျှကို စွန့်ခဲ့ကြသူများ ဖြစ်လေသည်။ ရှိသမျှ သံယောဇဉ် တို့ကို ဖြတ်တောက် ခဲ့သော ထိုတပည့်ရသေ့ များတွင် တဦးကတော့ သံယောဇဉ် မဖြတ်နိုင်သော အရာတခု ရှိနေလေသည်။

သီတင်းသုံးဖော် ရသေ့များ ကပင် သူ့ကို မောင်မောင်ဝါး အဖေ ဟု ခေါ်ဝေါ်ရသည် အထိ သားသမီး သဖွယ် ကျွေးမွေးစောင့်ရှောက် ထားသော မြွေတကောင် ထိုတပည့်ရသေ့တွင် ရှိနေ လေတော့သည်။

ဝါးလုံးခေါင်း ထဲမှာ ထည့်၍ မွေးမြူထားသော မြွေကို ဂရုတစိုက် စောင့်ရှောက်ပေးမှု ကြောင့်လည်း ထိုရသေ့မှာ မောင်မောင်ဝါးဟု ခေါ်သော မြွေရဲ့ အဖေ ဖြစ်လာရတော့သည်။

ထိုအကြောင်းကို ဆရာရသေ့ကြီး ကြားသိရသောအခါ တပည့်ရသေ့ကို ခေါ်ယူပြီး ကျိုးကြောင်းကို မေးမြန်း လေတော့သည်။ ထိုအခါ တပည့်ရသေ့ မှာလည်း သူမွေးစား စောင့်ရှောက် ထားသည်မှာ မှန်ကန် ပါကြောင်း ဝန်ခံလေသည်။

ဆရာ ရသေ့ကြီးက "တပည့်၊ မြွေဟောက်နဲ့ လူသားတို့ အကျွမ်းဝင်တယ် ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ နောက်လည်း ရှိမှာ မဟုတ်ဘူး။ တပည့်က ဘယ်လောက် ပြုစု ယုယ ထားပေမယ့် တနေ့ကျတော့ တပည့်ကို ရန်ပြုမှာ အမှန်ပဲ။ ဒါကြောင့် အခုလို ဘေးမသီ ရန်မခ ရှိစဉ်တုန်းက လွတ်ရာ ကျွတ်ရာ သွားလွှတ်လိုက်ပါ" ဟု ဆုံးမ ပြောဆိုလေသည်။

တပည့်ရသေ့က "တင်ပါ့၊ မြွေဟောက်နဲ့ လူသား မျိုးမတူ ဇာတ်ခြား နေပေမယ့် တပည့်တော် အတွက်တော့ သားကလေးသာ ဖြစ်နေပါတယ်။ သားကလေးကို စွန့်ပစ်ဖို့ ခက်လှပါတယ် ဘုရား" ဟု ပြန်လည် လျှောက်ထားပြီး မောင်မောင်ဝါး ကိုတော့ မွေးစားမြဲ မွေးစားထား လေတော့သည်။

တနေ့သော် တပည့်ရသေ့ များသည် သစ်သီးရှာဖွေရန် တောထဲသို့ အလာ မောင်မောင်ဝါး အဖေလည်း သူတို့နှင့် အတူ လိုက်ပါလာ၏။ သူထွက်သွားချိန်တွင် သူ့သား မောင်မောင်ဝါး ပျောက်သွားမည်ကို စိုးရိမ်ပြီး ဝါးလုံးခေါင်း အဝကို သစ်ကိုင်းစ များဖြင့် ဆို့ပိတ် ထားခဲ့၏။

သစ်သီးများ ရှာဖွေရင်း အချိန် ကြာသွားကာ ညနေ တော်တော် စောင်းသွား၏။ ထိုကြောင့် ကျောင်းသို့ မပြန်တော့ပဲ ရသေ့များက ထိုတောထဲ တွင်ပဲ ညအိပ်လိုက် ကြသည်။ နောက်နေ့တွင်လည်း ထိုတောထဲမှ သစ်သီးများက စားကောင်း လွန်း၍ တောထဲမှာပင် ဆက်နေကြ ပြန်သည်။

ဤသို့ဖြင့် (၂) ရက် ကြာသွားကာ ပိတ်ဆို့ ခံထားရသော မောင်မောင်ဝါးမှာ ဆာလောင်မှုနှင့် အတူ ဒေါသ ထွက်နေ တော့သည်။ မောင်မောင်ဝါး အဖေ ရသေ့ကြီး သည်လည်း စားကောင်း သောက်ဖွယ်ရာ ဖြစ်သော သစ်သီးများကို သူ့သား မောင်မောင်ဝါးအတွက် သတိတရ ယူလာပေး သော်လည်း စိတ်ဆိုး ဒေါသထွက်နေသော မောင်မောင်ဝါးမှာ ချော့မြှူလို့ပင် မရတော့ပဲ ရသေ့၏ လက်ဝါးကို ကိုက်လိုက် ပါတော့သည်။

ရသေ့လည်း ထိုနေရာမှာပင် လဲကျ သေဆုံးရ တော့သည်။ ဆရာ ရသေ့ကြီးသည် မောင်မောင်ဝါး အဖေ၏ အလောင်းကို တပည့်များနှင့် အတူ ဖုတ်ကြည်း သင်္ဂြိုဟ်ပြီးလျှင် ဤသို့ ဆုံးမစကား ဆို၏။

"ဆရာသမားက အကျိုးစီးပွား ဖြစ်စေချင်လို့ ကြိုတင်ဆုံးမ တာကို မလိုက်နာသူ ကျိုးကြောင်း မဆင်ခြင် တတ်သူဟာ မောင်မောင်ဝါးရဲ့ အဖေလိုပဲ အကျိုးမဲ့ ပျက်စီးရ ပေလိမ့်မယ်" ဟု ဆုံးမစကား မြွက်ကြားလိုက် လေသည်။

ဒီပုံပြင်လေးကတော့ ဆရာ့စကားကို ကြောင်းကျိုးသုံးသပ်ကာ နားထောင်လိုက်နာခြင်း မရှိပဲ မဆင်ခြင်တတ်သော သူမှာ အကျိုးမဲ့ ပျက်စီးရတတ်တယ် ဆိုတဲ့ အကြောင်းကို သင်ခန်းစာ ပေးထားတာ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments