လိမ်၍မရနိုင်သူ

တနေ့တွင် ဟစ်တလာသည် စိတ်ဓာတ် အကြီးအကျယ် ကျကာ မှိုင်နေတော့သည်။ စိတ်ဖိစီးမှုတွေ များလွန်း နေသောကြောင့် သူ့ဗိုလ်ချုပ်တွေက သူ့အားဆရာဝန်နှင့် ပြသရန် အကြံပြု ကြသည်။

ဤသို့ဖြင့် ဂျာမန် စိတ်ရောဂါ အထူးကု ဆရာဝန်ကြီး များကို လျှို့ဝှက်စွာ ခေါ်ပြီး တိတ်တဆိတ် ကုသခြင်းကို လုပ်ကြသည်။ သို့သော် ဟစ်တလာမှာ အခြေအနေ ပိုပြီး ဆိုးလာသည်။

ဂျာမန် စိတ်ရောဂါ အထူးကု ဆရာဝန်ကြီးက အလွန်တော်သော စိတ်ရောဂါကု ဆရာဝန်ကြီး တယောက် ရှိကြောင်း သို့သော် ထိုဆရာဝန်မှာ ဂျူး ဖြစ်နေသောကြောင့် ခေါင်းဆောင်ကြီးနှင့် ခေါ်ပြီး ပြသရန် မဖြစ်နိုင်ကြောင်း ပြောလေသည်။

သူ့ဗိုလ်ချုပ်တွေ ကလည်း နောက်ဆုံးတွင် ဂျူးဆရာဝန်ကြီးအား ခေါ်ယူပြီး ပြသကာ ကုသနိုင်သည့် လမ်းကိုသာ ရွေးချယ်ရန် ဝိုင်းဝန်း ထောက်ပြ ကြသည်။ ဤသို့ဖြင့် ဂျူးဆရာဝန်ကြီးကို ပင့်ကြရ လေတော့သည်။

ဂျူးဆရာဝန်ကြီးက ရောက်လာပြီး ဟစ်တလာကို စစ်ဆေးသည်။ ဟစ်တလာ ကလည်း ဂျူးဆရာဝန်၏ မေးမြန်းချက် များကို သည်းခံကာ ဖြေနေရ လေသည်။ နောက်ဆုံး ဂျူးဆရာဝန်ကြီးက အဖြေထုတ်သည်။

"ဘာမှ မဟုတ်ပါဘူး။ ကျုပ်ပြောတဲ့အတိုင်း ထပ်ခါ ထပ်ခါ ရွတ်လိုက်ရင် ပျောက်သွား ပါလိမ့်မယ်" ဟု ပြောလိုက်လေသည်။ "ဘာကို ရွတ်ရမှာလဲဗျ"

"ငါဟာ အရေးအပါဆုံး၊ ငါဟာ အကြီးမြတ်ဆုံး၊ ငါဟာ မရှိမဖြစ် ဆိုတဲ့ မန္တန်ကို နေ့ရော ညပါ သတိရတိုင်း ရွတ်လိုက်ပါ။ ပျောက်သွားပါလိမ့်မယ်"

ဟစ်တလာက ဒေါသထွက်ကာ အော်လေတော့သည်။ "ခင်ဗျား ကျုပ်ကို အဓိပ္ပာယ် မရှိတာတွေ လာလုပ်ခိုင်း နေတာပဲ" ဂျူးဆရာဝန်က နားမလည်နိုင်စွာဖြင့် သူ့ကို ကြည့်ကာ "ဘာပြောတာလဲ။ ဒါဆို ဘာဖြစ်လို့ ကျုပ်ကို လာခေါ်ကြသလဲ" ဟု ပြန်မေးလေသည်။

ဟစ်တလာက "ကျုပ်ဘာပြောပြော ကျုပ်ကို လူလိမ်လို့ ထင်နေကြတယ်။ ကျုပ်ကလည်း ဘာပြောပြော ယုံကြည်လို့ ပြောနေတာတွေ မဟုတ်ဘူး။ ကျုပ် မယုံကြည်တာတွေ ပြောနေလို့ ကျုပ်ကို လူလိမ်လို့ ထင်နေကြတာ။ အဲဒါ ကျုပ်က ငါဟာ အရေးအပါဆုံး၊ ငါဟာ အကြီးမြတ်ဆုံး၊ ငါဟာ မရှိမဖြစ်လို့ ကိုယ့်ကိုယ်ကို ထပ်လိမ်ရဦး မှာလား"

ဟစ်တလာက ဆိုဖူးသည် "If you tell a big enough lie and tell it frequently enough, it will be believed" လိမ်မယ် ဆိုလည်း ကြီးကြီးကျယ်ကျယ် လိမ်၊ မကြာခဏ လိမ်၊ ယုံသွားကြလိမ့်မယ် ဆိုသည့် သဘော ဖြစ်သည်။

သို့သော် သူကိုယ်တိုင်က လိမ်ညာမှု တွေကို ထပ်ကာထပ်ကာ လုပ်တိုင်းလည်း အမှန်တရား မဟုတ်ကြောင်း ကောင်းစွာ သိထားသည်။ လူတိုင်းသည် လိမ်သာလိမ်ရ ကိုယ်တိုင်ကတော့ သိကြသည်။

လောကတွင် ဘယ်လိုမှ လိမ်၍ မရသူမှာ မိမိကိုယ်တိုင်သာ ဖြစ်သည်။ (Ref: A Bird on the Wing, Osho) တင်ညွန့် ၁၈.၄.၂၀၂၂

Post a Comment

0 Comments