နောက်တခါအတွက် သိမ်းထားပါ

တနေ့တွင် အားအင် ကုန်ခမ်းပြီး လုံးဝ မလှုပ်နိုင်တဲ့ အနေအထားမှာ အဖိုးအို တယောက်ဟာ ထွန်တုံးကို ဖြုတ်ပြီး သစ်ပင် အရိပ်လေး အောက်မှာ ထိုင်နားနေ သတဲ့။ ညနေရောက်တော့ အိမ်ပြန် ရောက်မလာတဲ့ ဖခင်ကို သားဖြစ်သူက သွားကြည့်တော့ လယ်ကွင်းထဲ ထိုင်နေတာ တွေ့ရတယ်။

အဖိုးအိုကလည်း "နောက်နေ့က စပြီး အဖေ လယ်ထဲ မဆင်းပါရစေနဲ့ တော့ကွယ်။ အဖေ လုံးဝ လုပ်ကိုင်ဖို့ အားမရှိတော့လို့ပါ" လို့ သားဖြစ်သူကို ပြောလိုက်တယ်။

နောက်တနေ့ သားဖြစ်သူက လယ်ထွန်နေရာက အိမ်ပေါက်ဝမှာ သူလယ်ထွန် နေတာကို ငေးကြည့်နေတဲ့ ဖခင်ကို ကြည့်ပြီး ဒေါသတွေ ထွက်လာတယ်။ နေပူလေ ဒေါသ ဆူလေပေါ့။

သူတို့ကို နှစ်ပေါင်း ၇၀ လောက် လယ်ထွန် ကျွေးခဲ့တာ ကိုတော့ မေ့နေတယ်။ ပြီးတော့ အိမ်မှာ လူပိုတွေ ထားရင် ငါ ဒီထက် ပိုပြီး ပင်ပန်းလိမ့်မယ် လို့လည်း တွေးလိုက်တယ်။

နောက်တနေ့မှာ သားဖြစ်သူက လှည်းပေါ်ကို အခေါင်းတလုံး တင်လာပြီး အိမ်ပေါက်မှာ ထိုင်နေတဲ့ သူ့အဖေကို "အဖေ တောင်ပေါ်ကို သွားလည် ကြရအောင်၊ အဖေက ဒီသေတ္တာထဲ ဝင်စီး ကျွန်တော် မြင်းလှည်းမောင်း မယ်" လို့ ပြောလိုက်တယ်။

သူ့ဖခင်ကလည်း ဘာတခွန်းမှ မပြောဘဲ သေတ္တာ အခေါင်းထဲ ဝင်ပေးလိုက်တယ်။ သားဖြစ်သူက အဖုံး ပိတ်ရမယ် ဆိုတော့လည်း လှဲပေးလိုက်တယ်။

ဒီလိုနဲ့ အဖုံး ပိတ်ထားတဲ့ အခေါင်းကို သားဖြစ်သူက တောင်ပေါ်ကို မောင်းခဲ့တယ်။ တောင်ပေါ် အစွန်း တနေရာရောက်တော့ သားက အခေါင်းကို တွန်းချဖို့ ပြင်နေတုန်း အထဲက ခေါက်သံသဲ့သဲ့ ကြားလိုက်တာနဲ့ အခေါင်းကို ဖွင့်ကြည့်လိုက်တယ်။

အဖိုးအိုက သားဖြစ်သူကို ကြည့်ပြီး "သားရယ်၊ မင်း အဖေ့ကို တောင်အောက် တွန်းချတော့မယ် ဆိုတာ သိပါတယ်။ အဖေ တခုလောက်တော့ ပြောချင်တယ်။ ဘာဖြစ်လို့ အခေါင်းနဲ့ အတူ အဖေ့ကို တွန်းချမှာလဲ။ ဒီအတိုင်း အဖေ့ကို တွန်းချ လိုက်ရင်လည်း ရသားပဲ။

အဲဒီ အခေါင်းကို သား သိမ်းထားလိုက်သား။ ဘာကြောင့်လဲ ဆိုတော့ နောက်တခါ သားရဲ့ သား၊ အဖေ့ရဲ့ မြေးလေးက သားကို ဒီလို တွန်းချချင်ရင် အခေါင်းတခါ လုပ်ရတာ သက်သာ သွားတာပေါ့" လို့ ပြော လိုက်တယ်။

ဂျပန် ပုံပြင်လေး တပုဒ်ပါ။ မိဘ ရှိသူတိုင်း မိဘကို လေးစား တန်ဖိုးထားတတ် ကြပါစေ။ တနေ့တချိန်ကျရင် ကိုယ်တိုင်လည်း မိဘနေရာ ရောက်လာ ရမှာပါ။ မိဘတွေ အနားမှာ ရှိတုန်း တန်ဖိုးထား ပြုစုနိုင်ကြပါစေ။ TinNyunt

Post a Comment

0 Comments