အနီးဆုံးသူ၏ တန်ဖိုး

တခါတုန်းက နယ်စားမင်း တဦးဆီမှာ မောင်နီဆိုတဲ့ လုလင် တယောက်ဟာ နှစ်ပေါင်းများစွာ အမှုထမ်း ခစားနေခဲ့ ပါတယ်။ နှစ်ရှည်လ များစွာ အမှုထမ်း ခစားနေ ပေမယ့် မောင်နီဟာ မထင်မရှား ရာထူးကလေးမှာပဲ တာဝန် ထမ်းဆောင် နေရတာကြောင့် စိတ်ပျက်နေ ခဲ့မိတာပေါ့။

ဒါကြောင့် မောင်နီဟာ သူ့သခင် နယ်စားမင်းကြီးကို "အရှင်နယ်စားမင်းကြီး ကျွန်တော်မျိုးတော့ တောငန်းဖြူကြီးတွေလို ဟိုးအဝေးဆီ ပျံတော့မယ် ခင်ဗျာ" လို့ လျှောက်တင် လိုက်ပါတယ်။

နယ်စားမင်းက "ဟေ၊ ဘာဖြစ်လို့လဲကွ။ ရှင်းရှင်းလင်းလင်း ဆိုစမ်းပါအုံး" လို့ မေးပါတော့တယ်။ "နယ်စားမင်းကြီး ခင်ဗျာ၊ ခြံထဲက ကြက်ဖကို မြင်တယ် မဟုတ်လား" လို့ မောင်နီက ဆိုပါတယ်။

"သူ့ခေါင်းမှာ ဆောင်းထားတဲ့ အမောက်ဟာ ယဉ်ကျေးမှုကို ပြတဲ့ အမှတ်သင်္ကေတ တခု ဖြစ်ပါတယ်။ သူ့ခြေထောက်က မာကြောတဲ့ ခြေသည်းနဲ့ ချွန်ထက်တဲ့ အတက်တွေဟာ သူရဲ့ ခွန်အားတွေကို ပြသနေ ပါတယ်။

ဘယ်ရန်သူကို မဆို ခွတ်ဖို့ ဝန်မလေးခြင်းက သူ့ရဲ့ ရဲဝံ့မှုကို ပြနေပါတယ်။ အစာ ရှာတွေ့တဲ့ အခါတိုင်း အခြားတပါး ကြက်တွေကို တကွပ်ကွပ်နဲ့ ခေါ်ကျွေးတတ်ခြင်း ဟာလည်း သူရဲ့ ရက်ရော သဘော ကောင်းမှုကို ထင်ဟပ် ပြသနေ ပါတယ်။

ညဉ့်ဦးယံ ကနေ မိုးသောက်ယံထိ အချိန်မှန်မှန် တွန်ကျူး တတ်ခြင်းကတော့ အမှန်ကိုသာ ဆိုတတ်တဲ့ သူ့သဘောကို ထင်ရှားအောင် ပြသလို ရှိနေပါတယ်။

အဲဒီလို ဂုဏ် အရည်အသွေးကောင်း ငါးရပ်နဲ့ ပြည်စုံပါလျက် ကြက်ဖတွေဟာ အရှင် နယ်စားမင်းကြီးရဲ့ ပွဲတော် တည်ဖို့ အတွက် နေစဉ်နဲ့ အမျှ သတ်ဖြတ် ခံနေရတယ်။ ဘာကြောင့် သူတို့ကို တန်ဖိုးမထား အလွယ်တကူ သတ်စားနေ ရသလဲ။

အကြောင်းအရင်းက လူနဲ့ လက်လှမ်း တမီမှာ ရှိနေတဲ့ အတွက်ကြောင့်ပဲ။ သူဟာ လူနဲ့ နီးစပ်လွန်းတယ် သူ့ကို အမြဲ မြင်နေရတယ် တွေ့နေရတယ်။ အဲဒီတော့ ရိုးသွားတယ်။ သူ့တန်ဖိုးတွေ ဘယ်လို ရှိတယ် ဆိုတာ မစဉ်းစားမိ ကြတော့ဘူး။

ဟိုးအဝေးကြီးက မိုင်ထောင်ချီ ဝေးတဲ့ အရပ်က တခါတလေမှ နယ်ပြောင်း ပယ်ပြောင်း ရောက်လာတတ်တဲ့ တောငန်းဖြူကြီးတွေ ကျတော့ ကြက်ဖရဲ့ ဂုဏ်အင်္ဂါနဲ့ ပြည်စုံကြတာ မဟုတ်ပေမယ့် ရှားပါတယ်၊ တွေ့ရခဲတယ် ဆိုတာ တခုတည်းနဲ့ နယ်စားကြီးက အင်မတန် တန်ဖိုးထားတယ်။

အဲဒီ တောငန်းဖြူကြီးတွေက ဥယျာဉ်ထဲ ရေကန်ထဲမှာ ငါးတွေစား လိပ်တွေစား၊ ကောက်ပင်တွေ ကိုက်ဖြတ်နဲ့ အမျိုးမျိုး ဖျက်ဆီး ပေမယ့် သူတို့ကို လုံးဝ ပစ်ခတ် သတ်ဖြတ်ခြင်း မရှိ၊ ဒီအတိုင်း အလှ ကြည့်ထားတယ်။

ဒါကြောင့်မို့ ကျွန်တော်မျိုးလည်း တောငန်းဖြူကြီး များလို ဝေးရာဆီပဲ ပျံသန်းသွားတော့မယ် လို့ လျှောက်တင် ကြောင်းပါ နယ်စားမင်း ခင်ဗျာ" လို့ လျောက်တင်လိုက် ပါတော့တယ်။

မှန်ပါတယ်။ ဒါကြောင့် ပုံပြင်ထဲက လိုပဲ ကျွန်တော်တို့ တတွေဟာ တခါတလေမှာ ဆရာနဲ့ တပည့်၊ မိဘနဲ့ သားသမီး၊ အလုပ်ရှင်နဲ့ အလုပ်သမား စသည့်တို့ ကြားမှာ "နီးလွန်းသည့် အခါ မမြင်၊ တွေ့ဖန် များသေ အခါ တန်ဖိုးမရှိ" ဆိုတဲ့ ဆိုရိုးစကား ကဲ့သို့ နီးနီး နားနားမှာ ရှိတဲ့ သူရဲ့ တန်ဖိုးကို မေ့လျော့ နေတတ် ကြပါတယ်။

ဒီပုံပြင်ထဲက ပေးတဲ့ သင်ခန်းစာ အတိုင်း အနီးဆုံးသူရဲ့ တန်ဖိုးကို မြင်တတ် ကြပါစေ။ Crd

Post a Comment

0 Comments