အမေးမြန်းထူသူ

ရွာတရွာမှာ လူတွေ လေးစား အထင်ကြီး ကြတဲ့ ဦးဖြူဆိုတဲ့ အဖိုးကြီးတယောက် ရှိတယ်။ တရွာလုံးမှာ ဘွဲ့ရ ဆိုလို့ သူတယောက်ပဲ ရှိပါတယ်။ သူဟာ ဘွဲ့ရပြီးကတည်းက မြို့ပေါ်မှာ နှစ်ပေါင်းများစွာ ကြာအောင် အစိုးရအရာရှိ အဖြစ် အလုပ် လုပ်ခဲ့လို့ နိုင်ငံရေး စီးပွားရေး လူမှုရေးတွေမှာ အတော်လေး အသိဉာဏ်ပညာ ပြည့်စုံပါတယ်။

သူဟာ အစိုးရ အလုပ်က ပင်စင်ယူပြီးလို့ အခု သူ့နေရင်း ဒီရွာမှာ ပြန်နေထိုင်လျက် ရှိပါတယ်။ ဦးဖြူဟာ ညနေပိုင်းဆိုရင် ရွာလယ်က မြေကွက်လပ် တခုမှာ ရွာသူရွာသားတွေကို သူ့အတွေ့အကြုံတွေ ပြန်ပြောပြတတ်တယ်။ နောက်ပြီး တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး စီးပွားရေး တွေကိုလည်း သုံးသပ် ပြောပြလေ့ ရှိတယ်။

တရွာလုံးက လူကြီး လူငယ် ယောက်ျား မိန်းမတွေဟာ သူပြောတာကို လာပြီး နားထောင်ကြတယ်။ လူတွေက သူ့ကို ပညာရှိကြီး တယောက်လို သတ်မှတ်ပြီး သူပြောတာတွေကို လေးလေးစားစား မှတ်သား နားထောင်ကြတယ်။

ဒါပေမဲ့ လူတွေထဲမှာ သူနဲ့ သက်တူရွယ်တူ ဦးမဲ ဆိုတဲ့ လူကြီးတယောက်ဟာ သူစကားပြောရင် မေးခွန်းတွေ ပြန်မေးတတ်တယ်။ ဦးဖြူကလည်း သူ့မေးခွန်းတွေကို ကြိုးစားပြီး ပြန်ဖြေပေးလေ့ ရှိပါတယ်။ လူတွေက ဦးမဲကို မေးခွန်း မေးလွန်းလို့ မကျေနပ်ကြဘူး။ စကားများတယ်ဆိုပြီး ကြိတ်ပြီး ဒေါသ ဖြစ်နေကြတယ်။

ဒီလိုနဲ့ တရက်မှာ ဦးမဲဟာ လူကြီးရောဂါနဲ့ ကွယ်လွန် သွားရှာတယ်။ နောက်ပိုင်းမှာလည်း ဦးဖြူဟာ ရွာသားတွေကို ညနေတိုင်း ဟောပြောပေးလေ့ ရှိပါတယ်။ သူဟာ စကားပြောရင်းနဲ့ ဦးမဲကို သတိရကြောင်း မကြာခဏ ထည့်ပြောလေ့ ရှိတယ်။ သူဟာ တကယ်ပဲ ဦးမဲကို သတိရလွမ်းဆွတ် နေတယ်ဆိုတာ သူ့မျက်နှာ အမူအယာတွေအရ သိသာပါတယ်။

ဒါနဲ့ တရက်မှာ ရွာလူကြီးတယောက်က သူ့ကို ခုလို မေးလိုက်ပါတယ်။ "ဆရာကြီးခင်ဗျာ၊ ဘာဖြစ်လို့ ဦးမဲကို သတိရပြီး ဝမ်းနည်းနေရတာလဲ။ သူဟာ ဆရာကြီး စကားပြောတိုင်း မေးခွန်းတွေ မေးလွန်းလို့ ဆရာကြီး စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်။ စကားကိုလည်း လွတ်လွတ်လပ်လပ် ပြောလို့ မရခဲ့ဘူး။ အခု သူ မရှိတော့ဘူး ဆိုတော့ ဆရာကြီးအတွက် မကောင်းဘူးလား ခင်ဗျာ"

ဦးဖြူက ခုလို ပြန်ဖြေပါတယ်။ "ငါဟာ ကွယ်လွန်သွားတဲ့ ဦးမဲအတွက် ဝမ်းနည်းနေတာ မဟုတ်ပါဘူး။ ငါ့အတွက် ဝမ်းနည်းနေတာပါ။ မင်းတို့ အားလုံးဟာ ငါ့ကို လေးစားပြီး ငါ ဘာပြောပြော နားထောင်ကြတယ်။ သူကတော့ ငါ့ကို မေးခွန်းတွေ မေးတတ်တယ်။ သူ့မေးခွန်းတွေကြောင့် ငါ ပိုစဉ်းစားခဲ့ရတယ်။ ငါ ပိုပြီး တွေးတောခဲ့ရတယ်။

ငါ ပိုပြီး လေ့လာခဲ့ရတယ်။ ဒါကြောင့် ငါ့အသိဉာဏ်ဟာ ပိုပြီး တိုးတက်လာခဲ့တယ်။ အခု သူ မရှိတော့လို့ ငါ့ကို မေးခွန်းမေးမယ့်သူ မရှိတော့ဘူး။ ဒါကြောင့် ငါ တိုးတက်တော့မှာ မဟုတ်ဘူး ဆိုပြီး ငါ့အတွက် ဝမ်းနည်းနေတာပါ" တဲ့။

ဒီပုံပြင်လေးဟာ ငါတို့ကို အသိတခု ပေးလိုက်ပါတယ်။ လူဆိုတာ မိမိကို စိန်ခေါ်ပြီး မေးခွန်းတွေ မေးတတ်သူ ရှိမှ တိုးတက်တယ် ဆိုတာပါ။ နိုင်ငံခြားက ကျောင်းတွေ တက္ကသိုလ်တွေမှာ ဆရာတွေ ပါမောက္ခတွေဟာ တပည့်တွေကို မေးခွန်းမေးဖို့ အားပေးတတ်ကြတယ်။

တပည့်တွေ မေးတဲ့ မေးခွန်းတွေကို ဖြေနိုင်ဖို့ ဆရာတွေဟာ စာတွေ အများကြီး ဖတ်ကြရတယ်။ ဒါကြောင့် အဲဒီဆရာတွေ ကိုယ်တိုင်လည်း တိုးတက်လာကြတယ်။

"ငါပြောတာ အမှန်၊ ငါပြောတာပဲ နားထောင်။ ငါ့ကို ဘာမှပြန်မမေးနဲ့" ဆိုတဲ့ ဆရာမျိုးဟာ ဘယ်တော့မှ မတိုးတက်ပါဘူး။ ဒါကြောင့် ဘဝမှာ တိုးတက်ချင်ရင် အဓိပ္ပာယ်ရှိတဲ့ မေးခွန်းတွေ အများကြီးကို မေးပါ။

တတ်သိ နားလည်သူတွေကို မေးပါ။ ထို့နည်းတူ ငယ်ရွယ်သူတွေက မေးခွန်းတွေ မေးလာရင် မဟန့်တားပါနဲ့။ ကြိုးစားပြီး ဖြေပါ။ အဖြေမသိရင် သိအောင် ကြိုးစားရှာပါ။

မိမိထက် နားလည် တတ်ကျွမ်းသူတွေကို မေးပါ။ စာအုပ်တွေ ဖတ်ပြီး အဖြေကို ရှာပါ။ မေးခွန်းမေးခြင်းကို ဘဝတိုးတက်ရေးမှာ မရှိမဖြစ်တဲ့ လိုအပ်ချက်တခုလို့ မှတ်ပါ။ ရှက်လို့ ကြောက်လို့ မေးခွန်း မမေးတတ်ဘူးဆိုရင် ဒါမှမဟုတ် သူများတွေက မေးခွန်း မေးမလာကြဘူး ဆိုရင် အသိဉာဏ်ပညာကို ဖွံ့ဖြိုးတိုးတက်စေမယ့် အခွင့်အရေးတခုကို လက်လွှတ်ဆုံးရှုံးနေပါလား ဆိုတာကို သိထားကြပါ။

ကိုယ့်သားသမီးကို ချစ်ရင် သူတို့ မေးခွန်းမေးလာတဲ့အခါ "ဒီကလေး အမေးအမြန်း ထူလိုက်တာ" လို့ မပြောမိ ပါစေနဲ့။ BamawTheinPhe

Post a Comment

0 Comments