နှုတ်မစောင့်သောလိပ်

ဟိုး ရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း မင်းပြုနေစဉ် ဘုရားလောင်းဟာ အမတ်မျိုးမှာ လူဖြစ်လာတယ်။ အရွယ်ရောက်တဲ့ အခါ မင်းကြီးကို အကြောင်း အမျိုးမျိုး ပြပြီး ဆုံးမတတ်တဲ့ ပညာရှိအမတ် ဖြစ်လာတယ်။

ဗြဟ္မဒတ်မင်းကြီးက စကား အလွန်များတယ်။ သူ စကားပြော နေချိန်မှာ တခြားသူတွေကို စကားပြောခွင့် မပေးဘူး။ ပညာရှိအမတ်လည်း မင်းကြီး စကားများ တာကို တားမြစ် လိုတာကြောင့် အကြောင်း တိုက်ဆိုင်တဲ့ အချိန်ကို စောင့်ဆိုင်းလျက် ရှိတယ်။

အဲဒီကာလက ဟိမဝန္တာအရပ် အိုင်တအိုင်မှာ လိပ်တကောင် နေတယ်။ ဟင်္သာငယ် နှစ်ကောင်တို့က ရေအိုင်အနီး အစာရှာလာတဲ့ အခါ အိုင်ထဲက လိပ်ကို တွေ့တယ်။ မကြာမကြာ တွေ့ဖန် များလာတဲ့ အခါ လိပ်နဲ့ ဟင်္သာတို့ အလွန် အကျွမ်းတဝင် ဖြစ်သွားကြတယ်။

တနေ့တော့ ဟင်္သာတွေက လိပ်ကို "အဆွေလိပ်၊ ငါတို့နေထိုင်ရာ ဟိမဝန္တာ၊ စိတ္တကုဋ် တောင်ပေါ်က ရွှေဂူဟာ အလွန် ပျော်မွေ့စရာ ကောင်းပါတယ်။ ငါတို့နဲ့ အတူ လိုက်ခဲ့ပါ" လို့ ခေါ်တယ်။

လိပ်က "အဆွေတို့၊ ငါ တောင်ပေါ်ကို ဘယ်လို လုပ်ပြီး လိုက်လို့ ရမှာလဲ" လို့ ပြောတယ်။

"အဆွေလိပ်၊ သင်ဟာ နှုတ်စောင့်စည်းပြီး ဘယ်သူနဲ့မှ စကား မပြောဘဲ နေနိုင်မယ် ဆိုရင် ငါတို့ ခေါ်သွားလို့ ရပါတယ်" လို့ ပြောတဲ့အခါ "အဆွေတို့၊ ငါ ဘယ်သူနဲ့မှ စကား မပြောပါဘူး။ နှုတ်ကို စောင့်စည်းပါမယ်။ ငါ့ကို ခေါ်ဆောင် သွားကြပါ" လို့ ပြောတယ်။

ဟင်္သာတို့လည်း "ကောင်းပါပြီ အဆွေလိပ်၊ ခေါ်ဆောင် သွားပါမယ်" လို့ ပြောပြီး တုတ်တံ တချောင်းကို ယူလာတယ်။ တုတ်တံရဲ့ အလယ်မှာ လိပ်ကို ပါးစပ်နဲ့ မြဲမြဲ ကိုက်စေပြီး ဟင်္သာ နှစ်ကောင်က တုတ်တံ အစွန်းနှစ်ဘက်ကို တဖက် တကောင်စီ ကိုက်ချီတယ်။ အဲဒီနည်းနဲ့ လိပ်ကို ခေါ်ဆောင်ကာ ကောင်းကင်ကနေ ပျံသွားကြတယ်။

ရွာသား လူငယ်တွေက ဒီအဖြစ်အပျက်ကို တွေ့မြင် ကြတဲ့အခါ ဟင်္သာနှစ်ကောင်ဟာ လိပ်ကို တုတ်တံနဲ့ သယ်သွားတယ်လို့ အော်ဟစ် ပြောဆိုနေ ကြတယ်။ လိပ်လည်း လူငယ်တွေ အော်ဟစ် ပြောဆိုသံကို ကြားတဲ့အခါ နှုတ်ကို မစောင့်စည်း နိုင်ဘဲ

"ဟယ် ကောင်စုတ်လေးတွေ၊ ငါ့မိတ်ဆွေ ဟင်္သာတွေက ငါ့ကို သယ်ဆောင်သွားတာ နင်တို့ အပူပါသလား" လို့ ပြောဆိုလိုက်တယ်။ စကားပြောချိန်မှာ ပါးစပ်နဲ့ ကိုက်လာတဲ့ တုတ်တံကို အမှတ်တမဲ့ လွှတ်လိုက် မိတာကြောင့် ကောင်းကောင်ပေါ် ကနေ မင်းကြီးနန်းတော်ထက် ပြုတ်ကျပြီး ကိုယ်နှစ်ခြမ်းကွဲ သေသွားတယ်။

အဲဒီအခါ အနီးအနားက လူတွေလည်း အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်ကြတယ်။ မင်းကြီးဟာ ပညာရှိ အမတ်တွေနဲ့ အတူ အမတ်အပေါင်း ခြံရံပြီး လိပ်ပြုတ်ကျတဲ့ ဆီသွားတယ်။

လိပ်သေကို မြင်တဲ့အခါ "အို ပညာရှိအမတ်၊ ဒီလိပ်ဟာ ဘယ်လိုဖြစ်လို့ ပြုတ်ကျလာ ရတာလဲ" လို့ မေးတယ်။

ပညာရှိအမတ်က စကားများတဲ့ မင်းကြီးကို ဆုံးမဖို့ အကြောင်း ရှာဖွေနေချိန် ဖြစ်တာကြောင့် လိပ်သေကို ပြပြီး "မြတ်သောမင်းကြီး၊ ဒီလိပ်ဟာ ဟင်္သာတို့ရဲ့ မိတ်ဆွေ ဖြစ်ပါလိမ့်မယ်။ ဟင်္သာတို့ဟာ လိပ်ကို တုတ်တံမှာ ကိုက်စေပြီး ကောင်းကင် ကနေ ဟိမဝန္တာကို ခေါ်ဆောင်တာ ဖြစ်ပါလိမ့်မယ်။

လိပ်က တစုံတယောက်ရဲ့ စကားကို ကြားရာက နှုတ်မစောင့်နိုင်ဘဲ တခုခု ပြောမိတာကြောင့် ကိုက်လာတဲ့ တုတ်တံကနေ ပြုတ်သွားတာပါ။ အဲဒီက တဆင့် ကောင်းကင်ကနေ ပြုတ်ကျပြီး သေဆုံးတာ ဖြစ်ပါလိမ့်မယ်" လို့ မိမိဉာဏ်နဲ့ စဉ်းစား ဆင်ခြင်ကာ လျှောက်ထားတယ်။

ပညာရှိအမတ်က လိပ်ကို အကြောင်းပြုပြီး မင်းကြီးကို ဆုံးမလိုသေး တာကြောင့် "မြတ်သောမင်းကြီး၊ ဒီလိပ်ဟာ တုတ်တံကို မြဲမြံစွာ ကိုက်ချီ ထားပါရက်နဲ့ စကားများမိ တာကြောင့် သေဆုံးရ ပါပြီ။ မိမိစကား ကပင် မိမိကိုယ်ကို သတ်လိုက်ခြင်း ဖြစ်ပါတယ်" လို့ လျှောက်တယ်။

"မြတ်သောမင်းကြီး၊ ပညာရှိသော သူက ဒီဖြစ်ရပ်ကို သင်ခန်းစာ ယူပြီး စကားကို ပြောသင့်ပါတယ်။ အပြစ် မရှိတဲ့ စကားပင်ဖြစ်စေ တာရှည်စွာ မပြောဆို သင့်ပါဘူး။ စကားများစွာ ပြောဆိုခြင်းကြောင့် ပျက်စီးရတဲ့ လိပ်ရဲ့ အဖြစ်ကို ကြည့်ပါ" လို့ လျှောက်ထားပြန်တယ်။

မင်းကြီးက သူ့ကို ရည်ရွယ်တယ် ဆိုတာ သိတာကြောင့် "ပညာရှိအမတ်၊ သင် ငါ့ကို ရည်ရွယ်ပြီး ပြောတာ မဟုတ်လား" လို့ မေးတယ်။

"အရှင်မင်းကြီးပဲ ဖြစ်ဖြစ်၊ တခြားဘယ်သူပဲ ဖြစ်ဖြစ် စကားကို အတိုင်းအရှည်မသိ ပြောခဲ့ရင် ပျက်စီးခြင်း အဖြစ်ကို ရောက်ရှိတတ် ကြောင်းပါ" လို့ ထပ်မံ လျှောက်ထား ပြန်တယ်။

မင်းကြီးဟာ ပညာရှိအမတ် စကားကို ကြားချိန်က စပြီး စကားများများ ပြောခြင်းကို ရှောင်ကျဉ် ပါတော့တယ်။ သင်ခန်းစာ – စကားကို အတိုင်းအဆ ဖြင့်သာ ပြောဆိုသင့်သည်။ Crd

Post a Comment

0 Comments