မုန့်ဟင်းခါးရောင်းတဲ့ ကောင်လေး

တခါတုန်းက ကောင်လေး တယောက်ဟာ မုန့်ဟင်းခါးကို အထမ်းနဲ့ လိုက်ရောင်းတယ်။ သူက မုန့်ဟင်းခါးကို ကျကျ နန ချက်တတ်တော့ သူ့မုန့်ဟင်းခါးက အင်မတန် ရောင်းကောင်းတယ်။

စားကောင်းလွန်း အားကြီးတော့ သူ့မုန့်ဟင်းခါး က အစောကြီး ကုန်ကုန် သွားတယ်။ သူကလည်း မုန့်ဟင်းခါးကို စေတနာ ပါပါနဲ့ ချက်တယ်။ သူ့ မုန့်ဟင်းခါးလည်း နာမည်ရ လာတယ်။

ဒီလိုနဲ့ တနေ့ ခါတိုင်းထက် စောပြီးတော့ မုန့်ဟင်းခါးက ရောင်းလို့ ကုန်သွားတယ်။ ဒီတော့ ကောင်လေးလည်း ပျင်းပျင်း ရှိတာနဲ့ သူ့မှာ ပါလာတဲ့ ဂီတာ ထိုင်တီးတယ်။

ကောင်လေးက ဂီတာ တီးတာ ဝါသနာ ပါတယ်။ ဒါပေမဲ့ ပညာရှင် တယောက်လို တီးတတ်တာတော့ မဟုတ်ဘူး။ သို့သော် နားထောင်လို့ ကောင်းရုံတော့ အသင့်အတင့် တီးတတ်တယ်။

အဲဒီတော့ သူ ဂီတာ ထိုင်တီးနေတုန်းမှာ ဘေးနားက ဖြတ်သွား ဖြတ်လာ လူတွေက သတိထားမိပြီး လာနားထောင် ကြတယ်။ လက်ခုပ်သြဘာ ပေးကြတယ်။

ဟိုသီချင်းလေး တီးပြပါ။ ဒီသီချင်းလေး တီးပြပါ ပေါ့။ သူကလည်း ကြိုးကြိုး စားစားနဲ့ တီးပြတယ်။ လူတွေ ကလည်း ဝိုင်းလို့ နားထောင် ကြတယ်။

ဒီလိုနဲ့ သူက တနေ့ တနေ့ အိမ်ပြန်ရောက်ရင် မုန့်ဟင်းခါး ချက်ဖို့ကို စိတ်မပါ တော့ဘူး။ ဘယ်သီချင်းတွေနဲ့ ဂီတာကို တီးရမလဲပဲ စဉ်းစား တော့တယ်။ အဲ့ဒီမှာပဲ စိတ်က ရောက်နေတယ်။

မုန့်ဟင်းခါး အိုးကြီးကို ပစ်ထားတယ်။ ခါတိုင်းလို စိတ်ပါ လက်ပါနဲ့ မချက်တော့ဘူး။ လူတွေ လက်ခုပ်သြဘာ ပေးတဲ့ ဂီတာ ထိုင်တီးတာ ကိုပဲ သာယာပြီး ပျော်မွေ့နေတယ်။ အဲ့ဒီမှာ သူ့ရဲ့ မုန့်ဟင်းခါးက နာမည် ပျက်သွားတယ်။ အရင်လို မရောင်းရတော့ဘူး။

ဂီတာ ကလည်း ပညာရှင် အဆင့် မဟုတ်ဘူး၊ ဒီအတိုင်း ဝါသနာရှင် အဆင့် တီးတတ်ရုံ ဆိုတော့ အဲ့ဒါနဲ့လည်း အလုပ် မဖြစ်ဘူး။ နောက်ဆုံးမှာတော့ ကောင်လေးဟာ မျောက်သစ်ကိုင်း လွတ်ပြီး ဟို မရောက် ဒီမရောက်နဲ့ ဒုက္ခ ရောက်သွား ပါတော့တယ်။

ဆိုလိုချင်တာ ကတော့ လက်ရှိ အလုပ်ဖြစ်တဲ့ တသက်လုံး မုန့်ဟင်းခါး ချက်တော့မှာလား၊ ကိုယ်ဝါသနာ ပါတဲ့ အလုပ်ကို ပေါက်မြောက်အောင် လုပ်မှာလား။ ၂ ခုစလုံး ကိုပဲ ထူးချွန်အောင် လုပ်မှာလား။ ဒါမေမယ့် မျောက်သစ်ကိုင်း လွတ်သလိုတော့ မဖြစ်ပါစေနဲ့။ Crd

Post a Comment

0 Comments