မျောက်ဖြစ်သွားသော ခြင်္သေ့

မြို့တမြို့ရှိ တိရစ္ဆာန် ဥယျာဉ်မှ ခြင်္သေ့ကြီး တကောင်အား ပိုကြီးသည့် မြို့တော် တိရစ္ဆာန်ဥယျာဉ်သို့ ပြောင်းရွှေ့ ပေးကြသည်။ ခြင်္သေ့ကြီး ပျော်သွားသည်။

"ဟေ ဟေ့ ဒီမှာ တပတ်နေမှ အသားလေး ငါးဆယ်သားလောက် တခါ စားရတယ်။ အရိုးတောင် မကိုက်ရဘူး။ ပျော်လိုက်တာ မင်းနေပြည်တော်ကြီးမှာ နေ့တိုင်း အသား တပိဿာ စားရတယ် ကြားတယ် ကံကောင်းပေစွ"

ခြင်္သေ့ကြီး မင်းနေပြည်တော် တိရစ္ဆာန်ရုံကို ရောက်လာသည်။ မနက် လင်းသည့်အခါ အစားကောင်းများ စားရတော့မည် ဆိုပြီး ပျော်နေသည်။ လှောင်အိမ် အပေါ်မှ ကြိုးဖြင့် အစာ ကျလာသည်။ အစာတုံးကြီးကို ငှက်ပျောရွက်တွေနှင့် ဖုံးထားသည်။

ခြင်္သေ့ကြီးက ဝမ်းသာအားရ "အလို ကြီးလိုက်တဲ့ အသားတုံးကြီး ပါလား။ မြို့တော်ကြီးမှာ အသားကျွေးပုံများ စနစ်ကျလိုက်တာ။ ငှက်ပျောရွက် နဲ့ကို ထုပ်ပေးတာပဲ"

ခြင်္သေ့ကြီးက ဝမ်းသာအားရ ငှက်ပျောရွက် တွေကို ဖယ်လိုက်သည်။ အထဲတွင် ငှက်ပျောဖီးကြီး ဖြစ်နေသည်။ "ဟာ ငှက်ပျောသီး တွေပါလား။ သြော် ငါ့ကို ရောက်ခါစ ဆိုတော့ အသား မစားစေချင်ဘူးနဲ့ တူတယ်"

ခြင်္သေ့က ဖြေတွေးပြီး ငှက်ပျောသီးကို စားရန် ပြင်သည်။ သို့သော် ခြင်္သေ့ ဖြစ်နေသောကြောင့် ငှက်ပျောသီးကို မည်သို့ စားနိုင်ပါမည်နည်း။

ခြင်္သေ့ စိတ်ညစ်နေသည်။ ညနေ တွင်လည်း ငှက်ပျောဖက် ဖုံးထားသော ငှက်ပျောဖီးပဲ စက်သီးကြိုးနှင့် ကျလာသည်။

ခြင်္သေ့ စိတ်ပျက် သည်။ သုံးရက်တိုင် ခြင်္သေ့ကို ကျွေးနေသည်မှာ အသား မဟုတ်။ ငှက်ပျောသီးတွေ ဖြစ်နေသောကြောင့် ခြင်္သေ့သည် ဆာလည်းဆာ၊ စိတ်လည်း တိုနေသည်။

ထိုအချိန်တွင် ဝန်ထမ်း တယောက်က ငှက်ပျောခိုင်ကြီး ထမ်းလာသည်ကို မြင်လိုက်သဖြင့် "ဟေ့ ဟေ့ ဒီမှာ ငါဘာကောင်လဲ ဆိုတာ သိလား" ဟု ဟိန်းဟောက်ကာ မေးလိုက်သည်။ ဝန်ထမ်းက လှောင်အိမ် အပေါ်ကို မော့ကြည့် လိုက်သည်။

"မျောက်လှောင်အိမ် ထဲက ကောင်ကများ ငါ့ကို မေးနေသေးတယ်။ ဟိုမှာ ရေးထားတယ် မျောက်လှောင် အိမ်တဲ့။ ငါ့ကို စာမတတ်ဘူး ထင်လို့လား"

"ဟေ့ ငါက တောသုံးထောင်ကို အစိုးရတဲ့ ကေသရာဇာ ခြင်္သေ့ကွ" "ဟား ဟား ဟား မျောက်စုတ်က လာနောက်နေတယ်။ ဒါမျောက်လှောင်အိမ်ကွ သိလား။ မျောက်လှောင်အိမ်ထဲ ရောက်နေရင် မျောက်ပဲ။ လာဟောက်မနေနဲ့"

ဝန်ထမ်းက လှောင်အိမ်ထဲကို နောက်ထပ် ငှက်ပျောသီး တဖီး ထပ်ချပေးသည်။ မျောက်လှောင်အိမ် ထဲကို လာထည့်ထားလျှင် ငှက်ပျောသီး စားမည်လား အသေခံမည်လား တခုခု ရွေးရတော့မည်။

မည်မျှ ဟောက်သည်ဆိုစေ ဤနေရာတွင်စည်းကမ်း ရှိသည်။ မျောက်လှောင်အိမ်ထဲ ရောက်လျှင် ငှက်ပျောသီး စားရမည်။ ထို့ကြောင့် ဤလှောင်အိမ်ထဲတွင် နေသမျှ ငှက်ပျောသီး စားပါ။ မျောက်လို နေပါ။ တချိန်က အသားစားခဲ့ ရသည်ကို စိတ်ကူးဖြင့် ကြည်နူးပါ။ (If Lion Goes Monkey) တင်ညွန့် ၂၈.၉.၂၀၁၉

Post a Comment

0 Comments