မိဘကို ဆွမ်းခံကျွေးသောရဟန်း

ဟိုးရှေးရှေးတုန်းက သာဝတ္ထိပြည်တွင် တဆယ့် ရှစ်ကုဋေ ကြွယ်ဝသော သူဌေးဇနီးမောင်နှံ၌ တဦးတည်းသော သားတယောက် ရှိ၏။ ထိုသားသည် မြတ်စွာ ဘုရား၏ တရားတော်ကို နာရ၍ သာသနာတော်၌ ထက်သန်သော သဒ္ဒါတရား ဖြစ်ပေါ်ပြီးလျှင် ရဟန်းပြုခွင့် ပေးရန် မိဘများထံ ခွင့်ပန်၏။

မိဘများက ခွင့်မပြု လိုသော်လည်း တဦးတည်းသောသား စိတ်ချမ်းသာရေးအတွက် မိဘများက ခွင့်ပြုလိုက်ရ၏။ ရဟန်းသစ်သည် တိုင်းစွန် ပြည်ဖျားရှိ ရွာငယ်တရွာ အနီး တောရကျောင်း၌ သီတင်းသုံးလျက် ဝိပဿနာ တရားကို ကြိုးစား အားထုတ်၏။

ရဟန်းတော်သည် တဆယ့်နှစ်နှစ် တိုင်တိုင် ကြိုးစားအား ထုတ်သော်လည်း တရားထူး မရနိုင် ဖြစ်နေ၏။ ထို တဆယ့်နှစ်နှစ် အတွင်း၌ ရဟန်းတော်၏ ခမည်းတော် မယ်တော်များမှာ အကြောင်း အမျိုးမျိုးကြောင့် စည်းစိမ်ဥစ္စာ ပျက်စီးခဲ့ရာ ခွက်လက်စွဲကာ တောင်းစားရသည့် အခြေအနေသို့ ရောက်ခဲ့ရ၏။

သာဝတ္ထိမှ ရဟန်းတော် တပါးက အဆိုပါ တောကျောင်းသို့ ရောက်လာသဖြင့် မိဘများ ဖြစ်ကြသော တဆယ့်ရှစ် ကုဋေ ကြွယ်ဝချမ်း သာသည့် သူဌေးဇနီးမောင်နှံ အကြောင်း မေးမြန်းဖြစ်၏။

မိဘများ၏ ဒုက္ခကို သားရဟန်းတော် ကြားသိရသောအခါ တဆယ့်နှစ်နှစ်တိုင် တရားထူး မရနိုင်သောကြောင့် တကြောင်း၊ အိုမင်းပြီး ဒုက္ခရောက်နေသော မိဘကို ကိုယ်တိုင် လုပ်ကျွေးပြုစု လိုသောကြောင့် တကြောင်း၊ လူဝတ်လဲရန် သာဝတ္ထိသို့ ပြန်ကြွလာ၏။

လူဝတ်မလဲမီ မြတ်စွာဘုရားကို ဖူးမြော်လို သဖြင့် မြတ်စွာဘုရားထံ မှောက်သို့ ရောက်ခဲ့၏။ မြတ်စွာဘုရားက မာတု ပေါသကသုတ် တရားတော်ကို ဟောကြားကာ မိဘတို့၏ ဂုဏ်ကျေးဇူးကို ဖော်ကျူးပြီးလျှင် ရဟန်း ဘဝဖြင့်လည်း မိဘတို့ကို လုပ်ကျွေးပြုစုနိုင်ကြောင်း မိန့်ကြားတော်မူရာ ထိုရဟန်းမှာ လူဝတ်မလဲ ဖြစ်တော့ပေ။

ရဟန်းတော်သည် ဇေတဝန်ကျောင်းမှ ထွက်ခွာခဲ့ပြီးလျှင် သာဝတ္ထိ မြို့ထဲသို့ ဆွမ်းခံကြွရာ ယာဂုဆွမ်း တသပိတ် ရရှိခဲ့၏။ ထိုရဟန်းသည် မိဘများကို ရှာဖွေ၍ တွေ့သောအခါ ယာဂုဆွမ်းဖြင့် ပြုစု လုပ်ကျွေး၏။

ထိုအချိန်မှ စ၍ မိဘနှစ်ပါးကို ဆွမ်းခံလျက် ကျွေးမွေး ပြုစု နေခဲ့၏။ ရေပူ ရေချမ်း ခြေဆုပ် လက်နယ် ပြုစု စောင့်ရောက်၏။ ဤအကြောင်းကို အချို့သော ရဟန်းများ သိသောအခါ ဒကာ၊ ဒကာမ များက သဒ္ဒါတရားဖြင့် လှူဒါန်းသော ဆွမ်းကို လူတို့အား မပေး မကျွေးသင့်ဟု ယူဆသဖြင့် မြတ်စွာဘုရားအား လျှောက်ကြ၏။

မြတ်စွာဘုရားက ထိုရဟန်းကို ခေါ်၍မေးရာ ရဟန်းက အခြားရဟန်းများ လျှောက်ထားသည့် အတိုင်း ဟုတ်မှန်ကြောင်း ဝန်ခံလေ၏။ "မြတ်စွာ ဘုရားက သာဓု သာဓု သာဓု ချစ်သားရဟန်း" ဟု သာဓု ခေါ်တော် မူပြီးလျှင် သုဝဏ္ဏသာမ ဇာတ်တော် ကို ဟောတော်မူ၏။

မိဘကို လုပ်ကျွေး ပြုစုခြင်းသည် မြတ်သော မင်္ဂလာတပါး ဖြစ်သည့် အားလျော်စွာ မိဘနှစ်ပါးကို လုပ်ကျွေး ပြုစုခြင်းဖြင့် လူချမ်းသာ၊ နတ် ချမ်းသာ၊ ဗြဟ္မာချမ်းသာ စံစား ခံစားပြီး နိဗ္ဗာန်တိုင်ထိ ရရောက် နိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေကုန်သတည်း။

ကိုးကား ချမ်းမြေ့ဆရာတော်၏ ချမ်းမြေ့မင်္ဂလာ သင်စရာမှ။ Crd

Post a Comment

0 Comments