သစ္စာတရားကို တန်ဖိုးထားနိုင်မှ အိမ်ထောင်ပြုပါ

မိသားစု တစုမှာ သစ္စာတရားသည် အသက် ပါပဲ။ သစ္စာတရားနဲ့ တည်ဆောက်ထားမှ မိသားစု အဓိပ္ပါယ် ပြည့်ဝတာပါ။ တဦးဦး သစ္စာမဲ့ခြင်း အတွက် ခံစားရတော့ တမိသားစုလုံး ပါပဲ။ ဟိုဘက် ဒီဘက် ဆွေမျိုး အသိုင်းအဝိုင်းပါ ပူလောင်ရ ပါတယ်။

အင်အား ဆိုတာလည်း သစ္စာတရား အပေါ်မှာ မူတည်သလို၊ ပျော်ရွှင်မှု ကလည်း သစ္စာတရား အပေါ်မှာသာ မူတည်ပါတယ်။ လူဆိုတာ ကလည်း ပတ်ဝန်းကျင်နဲ့ နေထိုင်ရတာ ဆိုတော့ အဲဒီ ပတ်ဝန်းကျင် ဆိုတာကလည်း အဆိပ် ဖြစ်နေတဲ့အခါ ဖြစ်နေတတ်တာမလား။

ကောင်းသောသူနဲ့ ပေါင်းမှသာ ကောင်းသော ပတ်ဝန်းကျင် ဆိုတာကို ရနိုင်တာ ဆိုတော့ မိတ်ဆွေကောင်း ရှိဖို့ လိုအပ်ပါတယ်။ ကိုယ်ပေါင်းတဲ့ သူတွေထဲ မှာမှ မဟုတ်တာကို တိုက်တွန်း အားပေးတတ်တဲ့ သူမျိုး ကတော့ မိတ်ဆွေ မဟုတ်ပါဘူး။

အိမ်ထောင်ရေး ဖောက်ပြန်တာဟာ အကုသိုလ် ပါပဲ။ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်တာပါ။ ကိုယ့်လင် ကိုယ့်မယားနဲ့ စည်းကမ်းရှိသော အိမ်ထောင်ရေး ဖြစ်နေရမှာကို ထိန်းချုပ် မရသော ကာမစိတ်က အိမ်ထောင်ရေး စည်းကမ်း ဖောက်စေတော့တာ ပါပဲ။

သေချာတာ တခုကို ပြောရမယ် ဆိုရင် လူနှစ်ယောက် အတူယှဉ်တွဲ နေထိုင်တယ် ဆိုတာ ခက်ခဲသော အလုပ်ပါ။ စိတ်ချင်း တူဖို့ဆိုတာ အတော်ကို ခက်ခဲပါတယ်။ ဒါကြောင့် မသေချာပဲ အိမ်ထောင် မပြုသင့်ဘူး။

ပြုပြီးခါမှ သူ့အပြစ်၊ ကိုယ့်အပြစ်တွေ မြင်လာလို့ သော်လည်းကောင်း၊ သဘောထားတွေ မတိုက်ဆိုင် ၍သော် လည်းကောင်း၊ အလို ဆန္ဒချင်း မညီမျှ ၍သော် လည်းကောင်း၊ အိမ်ထောင်ရေး အဖုအထစ်တွေ ဖြစ်တတ်ကြ ပါတယ်။

အဆိုးဆုံး ကတော့ ပြင်ပအာရုံ လိုက်စားသူ ဖြစ်နေရင် ဘဝပျက် ဖို့ပါ သေချာပါတယ်။ ပြင်ပ ကတော့ ကိုယ့်မိသားစုကို ကိုယ်ချင်းစာပေးဖို့ ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ အပေါင်းအသင်းတောင် ပတ်သက်ပြီးရင် မကောင်းလို့ ပယ်ချင်တာတောင် အတော် ခက်တာ တွေ့ရ ပါလိမ့်မယ်။

တဘက်က အနှောက်အယှက် လိုက်ပေးနေ တတ်တာကိုး။ ကာမကိစ္စနဲ့ ပတ်သက် ပြီးရင်တော့ ပိုကြောက်ဖို့ ကောင်းသွားပါပြီ။ သာမန် သူငယ်ချင်းကိစ္စ မဟုတ်ဘူး ဆိုတာတော့ နားလည်ထားလိုက်ပါ။

လူဆိုတာ ကစားစရာ အရုပ် မဟုတ်ပါဘူး။ ခံစားချက်နဲ့၊ ဦးနှောက်နဲ့၊ ဉာဏ်နဲ့။ ဒီတော့ ကိုင်တွယ်ရ ပိုခက်သွား တာပေါ့။ ကစားရုံ ကစားပြီး ကြုံတဲ့နေရာ ပစ်ချထားလို့ ရတဲ့အရာ မဟုတ်ဘူး။ ဒီအခါမှာ ကျန်တဲ့ မိသားစုဝင်တွေ အကုန် စိတ်ဆင်းရဲရ တော့တာပါ။

ကိုယ်တယောက်ထဲ သာယာမှု ရှာလိုက်တာ နောက်က တပြုံကြီး သောက ကြုံကြရ တော့တာ ပါပဲ။ စီးပွား ပျက်မယ်။ အရှက် ရမယ်။ သားသမီးတွေ မျက်နှာငယ်မယ်။ ဒီလို သာဓကတွေ ရှေ့မှာ အများကြီး ဖြစ်ပြီး သွားပါပြီ။ သင်ခန်းစာ ယူတတ်ဖို့ လိုပါတယ်။

ဒါပေမဲ့ လောကကြီးက အရမ်းကို ကျယ်ပြန့် လွန်းတော့ တချို့ဆို ကျောင်းသာ ပြီးသွားတာ၊ အလုပ်သာ ဝင်လုပ်နေတာ၊ အဲဒီလို ဖြစ်တတ်ပါလား ဆိုတာတောင် မတွေးတတ်တဲ့ သူက အများသားလား။ ခဏတာ သာယာမှုကို သာယာ လိုက်ကြတာ များတယ်။

မှားပြီး အကျိုးဆက်ကို ခံစားနေရ တာတောင် ရုန်းမထွက်နိုင် သူတွေလည်း မနည်းသော အရေအတွက် နဲ့ကို ရှိနေပါတယ်။ အဲဒီ ခဏ သာယာမှုက တဘဝလုံး ပျက်စီးသွား စေသလို၊ ငရဲလည်း ကျတတ်ပါတယ် လို့ သတိပေးလိုက်ရင်း သစ္စာတရားကို တန်ဘိုးထားနိုင်မှ အိမ်ထောင် ပြုကြပါလို့ တိုက်တွန်းလိုက် ပါရစေ။

သစ္စာရှိသော အိမ်ထောင်ရေးဖြင့် တရားရဲ့ အဆုံးအမ အောက်မှာ ယဉ်ကျေးပျော်ရွှင်စွာ နေထိုင်နိုင် ကြပါစေ။ အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်

Post a Comment

0 Comments