ဒုက္ခတခု ကြုံတိုင်း ကုသိုလ်တခု လုပ်ပါ

တနေ့သောအခါ ဆရာတော် ဦးဗုဓ်၏ မယ်တော်ကြီးသည် မိမိ နေအိမ် မီးလောင်သွား သောကြောင့်သာ ဦးဇင်းထံသို့ ပြေးလာပါတယ်။ သူ့ခဗျာ မုဆိုးမကြီး ဆိုတော့ အားကိုးလည်း မရှိရှာ ပါဘူး။

အဲဒီအတွက် သားဦးဇင်းထံ အားကိုးတကြီးနဲ့ ပြေးလာတာပါ။ အဲဒီအချိန်မှာ ဆရာတော် ဦးဗုဓ်က ဘုရင်ကိုးကွယ်တဲ့ ဆရာတော် ဖြစ်နေပါပြီ။ မယ်တော်ကြီးအတွက် နေစရာ အိမ်တလုံးတော့ ကောင်းကောင်း ဖန်တီးပေး နိုင်စွမ်း ရှိပါတယ်။

ဘုရင်ကိုယ်တိုင်က အလွန် ကြည်ညိုတဲ့ ဆရာတော် ဖြစ်တဲ့ အတွက် လာဘ်လာဘ ပေါများမယ် ဆိုတာ ယုံမှားဖွယ် မရှိပါဘူး။ ဒါယကာတွေကို မယ်တော့်အိမ် မီးထဲ ပါသွားတယ်လို့ ပြောလိုက်တာနဲ့ ကိစ္စ ပြီးနိုင်ပါတယ်။ ဒါပေမယ့် ဆရာတော် ဦးဗုဓ်က မယ်တော်ကြီး လာတဲ့အခါ မှာ ဘာမေးလဲ ဆိုတော့

"အခု မယ်တော်ကြီးအိမ် မီးထဲ ပါသွားပြီ။ ဘာတွေ ကျန်သေးလဲ" လို့ မေးပါတယ်။ ဒီအခါမှာ မယ်တော်ကြီးက အားကိုးတကြီးနဲ့ "တပည့်တော်မမှာ အခု ဝတ်ထားတဲ့ အဝတ်နဲ့ ပခုံးပေါ်က ဒီတဘက် တထည်ပဲ ကျန်ပါတော့ တယ်ဘုရား" လို့ လျှောက်လိုက် ပါတယ်။

ဆရာတော် ဦးဗုဓ်က "မယ်တော်ကြီး ရှေ့က ပြုခဲ့တဲ့ အကုသိုလ် တွေကြောင့် အခုလို ဒုက္ခတွေ ရောက်ရတာ။ ဒါကြောင့် ကုသိုလ်ပြုပါ" ဆိုပြီး ပုခုံးပေါ်က တဘက်လေးကို အလှူခံ လိုက်ပါတယ်။ ဆရာတော်ဘုရားဟာ ပညာရှိ ဖြစ်သည့် အားလျှော်စွာ ပြုမူ ဆောင်ရွက်ခဲ့ တာပါ။

ဒါကြောင့် ဆရာတော် အပြုအမူဟာ နောက်လူတွေ အတွက် လမ်းပြသွားတာ မှတ်သား စရာပါ။ ဦးဇင်း တို့တွေဟာ တခါတလေမှာ ကောင်းတာတွေလည်း လုပ်ပါလျက်၊ မှန်မှန်ကန်ကန်လည်း လုပ်ပါလျက် ဒုက္ခတွေ ကြုံတွေ့ရရင် ဒါ ရှေးက အကုသိုလ် အကျိုးပေးလာပြီ လို့ သိရပါမယ်။

အဲဒီလိုမျိုး အချိန်ကျရင် ကုသိုလ် တခုခုကို ပြုလိုက်ပါ။ ဒါဆိုရင် လက်ရှိ အကျိုးပေး နေတဲ့ အကုသိုလ်တွေ အနည်းငယ်တော့ အားပျော့ သွားပါလိမ့်မယ်။ တော်ရုံ အကုသိုလ် ဆိုရင်တော့ ပျောက်ကွယ်သွား ပါလိမ့်မယ် သူတော်ကောင်းတို့။

တချို့ ဆိုရင် အကုသိုလ်တွေ လုပ်နေပြီး အောင်မြင်နေတာ တွေ့ရတတ် ပါတယ်။ ဒါဟာ ရှေ့က သူပြုခဲ့တဲ့ ကုသိုလ်တွေ ရှိနေလို့ပါ။ ဥပမာ အခုလက်ရှိ အကုသိုလ် လုပ်နေပြီး လမ်းမှာ လက်စွပ်တကွင်း ကောက်ရတယ် ဆိုပါစို့။

ဒါဆိုရင် အဲဒီလူဟာ ရှေ့ ကုသိုလ်ကြောင့် လက်စွပ်ထက် အဖိုးကြီးတဲ့ အရာတခု ရနိုင်ပေမဲ့ လက်ရှိ အကုသိုလ် တွေကြောင့် လက်စွပ်ပဲ ရတော့ တာပါ။

ကုသိုလ်တွေ ပြုပြီး လမ်းမှာ ဆိုင်ကယ် တိုက်မိလို့ ပေါင်ကျိုးသွားတယ် ဆိုပါစို့။ ဒါဆိုရင် ဒီလူရဲ့ ရှေ့အကုသိုလ်ကံက သေနိုင်လောက်တဲ့အထိ အကျိုးပေးမှာ ဖြစ်ပေမဲ့ လက်ရှိ ကုသိုလ်ကြောင့် ပေါင်ကျိုးရုံပဲ ဖြစ်သွားတာလို့ မှတ်သားရ ပါမယ်။

ဒါကြောင့် စိတ်ညစ်စရာ ပြဿနာတွေ ဒုက္ခတွေ ကြုံတွေ့ လာတိုင်း ကုသိုလ် တခုခု အမြဲပြုပါ။ ကောင်းတာ လုပ်ပါလျက်ကောင်းတာ မဖြစ်ဘူး ဆိုပြီး ဘယ်တော့မှ အားမငယ်ပါနဲ့။ ရှေ့ဘဝက ဘယ်လောက်တောင် အကုသိုလ်တွေ ပြုထား မိမှန်း ကိုယ်မှ မသိနိုင်တာ။

အကယ်၍သာ ကုသိုလ် ထပ်မပြုရင် အကုသိုလ်တွေ အကျိုးပေးချင်တိုင်း ပေးခွင့်ရ သွားပါလိမ့်မယ်။ ကုသိုလ်လေး ခံလိုက်တော့ အကုသိုလ်က ဝင်ချင်တိုင်း ဝင်မရတော့ ဘူးပေါ့။ ဒါကြောင့် ကုသိုလ် ပြုဖို့ မမေ့ကြပါနဲ့။

ကိုယ်က ကုသိုလ်တွေ ပြုပါလျက်နဲ့ အကုသိုလ်တွေ ကြုံခဲ့ရင်လည်း ကုသိုလ်သာ ပြုရတာ တကယ်လည်း အကျိုး မပေးပါဘူး၊ မထူးပါဘူး လို့ ကုသိုလ်အပေါ် ယုံမှား သံသယ လုံးဝ မရှိပါနဲ့လို့ ပြောကြား တိုက်တွန်း လိုပါတယ် သူတော်ကောင်း အပေါင်းတို့။ မြတ်ဗုဒ္ဓ၏ သာသနာ၊ phoomyatchal

Post a Comment

0 Comments