စိတ်စေတနာသည် အဓိက

ဟိုးရှေးရှေးတုန်းက ဗာရာဏသီ ပြည်တွင် ဗြဟ္မဒတ်မင်းကြီး စိုးစံနေစဉ် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်ပြီး အရွယ်ရောက်သော် ဟိမဝန္တာ တောတွင် ရသေ့ပြုကာ အဘိညာဉ် သမာပတ်တို့နှင့် ပြည့်စုံသော ရသေ့တပါး အဖြစ် သီတင်းသုံးတော် မူနေလေတယ်။

ဟိမဝန္တာတောတွင် သီတင်းသုံးတာ အချိန်ကာလ တခုသို့ ရောက်လို့ ဟိမဝန္တာတောမှ ထွက်ခွာလာစဉ် ရွာတရွာ အရောက်တွင် ခေတ္တ သီတင်းဖို့ ရွာသားများမှ ကျောင်းဆောက်၍ ကိုးကွယ်ထား လေတယ်။ ထိုရွာတွင် ငှက်မုဆိုး တယောက်သည် ခါတိန်ညင် တကောင်ဖြင့် အခြား ခါများကို တည်ကာ ဖမ်းယူလေ့ ရှိပါတယ်။

ထိုတည်ကြက် အဖြစ် အသုံးချ ခံရသော ခါတိန်ညင်မှာ မိမိကြောင့် အခြားမျိုးနွယ်တူ ငှက်များ ပျက်စီးရသည်ကို မြင်သဖြင့် အသံ မပြုမိအောင် ဆိတ်ဆိတ်နေသော် မုဆိုးမှာ သူ အသံတိတ် နေသည်ကို လုံးဝ အလိုမကျ။

သို့နှင့် အသံ ထွက်စေရန် အသံထွက်မှ သာလည်း အခြားငှက်များကို ဖမ်းမိနိုင်မှာ ဖြစ်သည့် အတွက် အသံ မထွက်မချင်း ဝါးခြမ်းစိတ်ဖြင့် ရိုက်နှက်ခြင်း ပြုလေတယ်။

ဘယ်လောက်ပဲ အသံတိတ် နေသည် ဆိုသော်လည်း ဝါးခြမ်းပြားဖြင့် အရိုက် ခံရသော ခါလေးမှာ နာကျင်မှုကြောင့် အသံထွက်လာ ရလေတယ်။ ထိုအခါ အခြား ခါငှက်များမှာ ဖမ်းဆီးခံရ ပြန်လေတယ်။

ထိုအဖြစ်အပျက်နှင့် ပတ်သက်ပြီး ခါငှက်လေးမှာ လွန်စွာ စိတ်မကောင်း ဖြစ်ရလေတယ်။ အဲဒီ အဖြစ်အပျက်နှင့် ပတ်သက်ပြီးလည်း သူ့တွင် အပြစ် ရှိမရှိကို သိလိုလာ ပါတယ်။ မည်သူ့ထံ မေးမြန်းရမည်ကို အမြဲ စဉ်းစား နေလေတယ်။

တနေ့ ငှက်မုဆိုး၏ ခါတည်ရာမှ ပြန်လာသော လမ်းတွင် သူနှင့် မုဆိုးတို့ ရေသောက်ရန် ရသေ့ကျောင်းတွင် ခေတ္တနား လေသော် ခါငှက်သည် ဘုရားအလောင်း ရသေ့နှင့် တွေ့လေတယ်။ ဒီလိုနဲ့ ခါငှက်လေးမှာ သူသိလိုသမျှကို ရသေ့အား မေးပါတော့တယ်။

"အရှင်ဘုရား၊ တပည့်တော်မှာ မျိုးတူ ခါငှက်တွေကို မုဆိုး ဖမ်းမိဖို့ရာ အသံပေးခြင်း အမှုကို ဆောင်ရွက်ပေး ရပါတယ်။ တပည့်တော် မလုပ်ချင်၍ အသံတိတ် နေသော်လည်း မရ။ မုဆိုးမှာ အသံ မထွက်မချင်း ရိုက်လို့ အသံထွက်စေ ပါတယ်။

အသံထွက်သော် မျိုးတူငှက်များ ပျက်စီးရ လေတယ်။ အဲဒီလို ပျက်စီးမှု အတွက် တပည့်တော်မှာ အပြစ် ဖြစ်သလား သိချင်ပါတယ် အရှင်ဘုရား" လို့ မေးလိုက် လေတယ်။ ထိုအခါ ဘုရားအလောင်း ရသေ့က

"အလို ခါငှက်လေးရယ်၊ မုဆိုးပြုသမျှ သင့်တွင် အပြစ် မဖြစ်နိုင်ပါ။ သင်သည် မုဆိုး၏ အမှုကိစ္စ၌ စိတ်မပါခဲ့လျှင် မုဆိုးကျူးလွန်သော ထိုပါဏာတိပါတာ ကံသည် သင့်ထံသို့ မရောက်နိုင်ပါ။ ဒါကြောင့် သင့်တွင် အပြစ် မဖြစ်ပါလေ" လို့ ခါငှက်လေး သိလိုသော အဖြေကို ပေးလိုက်လေတယ်။

ဒီတော့မှ ခါငှက်လေးဟာ စိတ်ချမ်းသာမှု ရသွားလေတယ်။ သူ့အသံကြောင့် မျိုးတူငှက်များ ပျက်စီးရသည်ဟု သောက ရောက်နေရခြင်း တို့လည်း ပြေပျောက် သွားလေတယ်။ တကယ်လည်း ခါငှက်များ ဖမ်းမိစေရန် သူစေတနာ မပါခဲ့ပါ။ ဒါကြောင့် ကောင်းမှု မကောင်းမှု ပြုရာမှာ စိတ်စေတနာဟာ အင်မတန် အဓိက ကျပါတယ်။

မုဆိုး ကျူးလွန်သော အမှုမှာ မုဆိုး၏ မကောင်းသော ဆန္ဒဖြစ်ပြီး ထိုမကောင်းမှု အပေါ် စိတ်မပါ ခဲ့သော ခါငှက်လေးရဲ့ စိတ်ထား စေတနာမှာ ကုသိုလ် ဖြစ်လေတယ်။ အပြစ် မရှိမှန်း သိလိုက်ရတဲ့ ခါငှက်လေးလည်း စိတ်ချမ်းသာစွာဖြင့် နေထိုင်သွားနိုင် ပါတော့တယ်။

ဒီပုံပြင်လေးကနေ ပေးချင်တဲ့ အသိကတော့ မည်သည့် အမှုကိစ္စမဆို ပြုလုပ်ရာမှာ စိတ်စေတနာသည် အဓိက အကျဆုံး ဖြစ်ပြီး စိတ်စေတနာ ကောင်းခြင်း ဆိုးခြင်း အပေါ် မူတည်လို့ ကုသိုလ်၊ အကုသိုလ် ကွဲပြားသွားရတာ ဖြစ်တယ် ဆိုတဲ့အကြောင်း သင်ခန်းစာ ပေးထားတာ ဖြစ်ပါတယ်။ Cartoon Bakery

Post a Comment

0 Comments