လူတကိုယ် မြေမည်မျှလို

တခါတုန်းက ရှင်ဘုရင်ကြီး တပါးဟာ သူ့ရဲ့ မြင်းစီးသူရဲကောင်း တယောက်ကို မြင်းနဲ့ ပတ်ပြီး စီးနိုင်သမျှ မြေနေရာ အားလုံး အပိုင်စား ပေးမယ် လို့ ပြောလိုက်ပါတယ်။

မြင်းစီးသူရဲကောင်းလည်း မဆိုင်းမတွဘဲ မြင်းပေါ်ကို ခုန်တက်ပြီး မြေနေရာ များနိုင်သမျှ များများ ကာမိအောင် မြင်းကို မြန်နိုင်သမျှ မြန်မြန် စီးပါတော့တယ်။ သူဟာ မြင်းကို အမြန်ဆုံး ပြေးအောင် ရိုက်ရင်း မရပ်မနား စီးပါတယ်။

သူဟာ ဗိုက်ဆာချိန်တွေ ပင်ပန်းနွမ်းနယ် နေချိန်တွေ မှာလည်း မရပ်ခဲ့ ပါဘူး။ မြေနေရာ အများဆုံး ကာမိအောင်ပါ။ မြေနေရာကောင်း အတော်များများကို ကာမိချိန် မှာတော့ သူဟာ အရမ်းကို အားအင် ကုန်ခမ်း နွမ်းနယ်ပြီး သေလုမျောပါး ဖြစ်နေခဲ့ပါပြီ။

အဲဒီအချိန် ကျမှ သူ့ကိုယ်သူ ပြန်မေးမိ ပါတယ်။ "မြေနေရာတွေ အများကြီး ရဖို့ ငါ့ကိုယ်ငါ ဘာကြောင့်များ ဒီလောက် ညှင်းပန်းခဲ့ ပါလိမ့်။ အခုငါ သေရတော့မယ့် အချိန်မှာ ငါ့ကို မြှုပ်ဖို့ မြေနေရာ သေးသေးလေးပဲ လိုတာပါလား"

ကျွန်တော်တို့တွေ ဟာလည်း နေ့စဉ်နေ့တိုင်း ပိုက်ဆံတွေ ပိုရဖို့၊ အောင်မြင်မှုတွေ ပိုင်ဆိုင် နိုင်ဖို့၊ အသိ အမှတ်ပြု လေးစား ခံရဖို့တွေ အတွက် ကိုယ့်ခန္ဓာကိုယ်ကို ခိုင်းစေနေ ကြပါတယ်။

ကိုယ့်ကို ကျန်းမာ ပျော်ရွှင်စေမယ့် အချိန်တွေ ပေးနိုင်တဲ့ မိသားစုတို့၊ သဘာဝ ပတ်ဝန်းကျင် အလှအပတို့၊ ကိုယ်နှစ်သက် မြတ်နိုးတဲ့ ဝါသနာ တို့ကိုတော့ လျစ်လျူရှု ထားမိ ကြပါတယ်။

တနေ့ ပြန်ဆန်း စစ်ကြည့်တဲ့ အချိန် ကိုယ်တကောက်ကောက် လိုက်နေခဲ့တဲ့ အရာတွေဟာ ဒီလောက်ကြီး မလိုအပ်ဘူး ဆိုတာ သိနားလည် လာတဲ့ အခါမှာတော့ ကိုယ်မရခဲ့ လိုက်တဲ့ အရာတွေအတွက် နောက်ကြောင်း ပြန်လှည့်လို့ မရတော့ ပါဘူး။ အချိန်တွေ နှောင်းသွား ပါလိမ့်မယ်။

ဘဝ ဆိုတာ ပိုက်ဆံ ရှာဖို့၊ ရာထူးအာဏာတွေ ပိုင်ဆိုင်ဖို့၊ အသိအမှတ်ပြု လေးစား ခံရဖို့ချည်း သက်သက် မဟုတ်ပါဘူး။ ဘဝဆိုတာ အလုပ် လုပ်ဖို့ချည်း သက်သက်လည်း မဟုတ်တာ သေချာပါတယ်။

အလုပ်ဟာ ကိုယ်တို့ကို နေထိုင် ရပ်တည်ဖို့ အတွက် လိုအပ်သလို သဘာဝ အလှအပတွေကို ခံစားရင်း ဘဝကို ကျေနပ်ပျော်ရွှင်စွာ ဖြတ်သန်း ဖို့လည်း လိုအပ်တာ ပါပဲ။

ဘဝဟာ အလုပ်၊ အနားယူ ပျော်ရွှင်ချိန်၊ မိသားစုနဲ့ ကိုယ်ပိုင် အချိန်တွေ သမ မျှတ နေရမယ့် အရာပါ။ ကိုယ့်ရဲ့ ဘဝကို ဘယ်လို သမ မျှတအောင် နေမလဲ ဆိုတာ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ။ ကိုယ့်ဘဝထဲက အရာတွေ အတွက် ဦးစားပေး အဆင့်တွေ သတ်မှတ်ပြီး အဲဒါတွေကို မျှတအောင် ဘယ်လို ညှိုနှိုင်းယူရမလဲ ဆိုတာ သိပါ။

ဒါပေမယ့် ဆုံးဖြတ်ချက်တွေ ချတဲ့ နေရာမှာတော့ ရင်ထဲက လာတဲ့ သဘာဝအသိ ပေါ်မှာ မူတည်ပြီး ချမှတ်ပါ။ "ပျော်ရွှင်ငြိမ်းချမ်းမှု" ဆိုတာ ဘဝရဲ့ အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက် ဖြစ်သလို လူသားတွေ ရှင်သန်တည်ရှိ နေရခြင်းရဲ့ ဦးတည်ချက်လည်း ဖြစ်ပါတယ်။

ဒါကြောင့် သက်တောင့်သက်သာနဲ့ ကိုယ်လုပ်ချင်တဲ့ (သူတပါးကို မထိခိုက်တဲ့) အရာတွေကို လုပ်ပါ။ သဘာဝကို တန်ဖိုးထား ချစ်မြတ်နိုးပါ။ ဘဝ ဆိုတာ အထိအရှ မခံ နုနယ် ပါတယ်။ တိုတောင်း ပါတယ်။

ဒါကြောင့် ကိုယ့်ဘဝရဲ့ ဖြစ်တည် ရှင်သန်မှုကို တန်ဖိုးမထားဘဲ မနေပါနဲ့။ မျှတ ငြိမ်းချမ်းတဲ့ ဘဝနေမှု ပုံစံနဲ့ နေထိုင် ရှင်သန်ရင်း ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင် ကြပါစေ။ crd

Post a Comment

0 Comments