အသုံးချတတ်ဖို့ လိုပါတယ်

တခါတုန်းက နန္ဒနဲ့ သူရိယ ဆိုသော သူငယ်ချင်း နှစ်ယောက်ဟာ တက္ကသိုလ် ပညာတွေ သင်ကြားဖို့ ဒိသာ ပါမောက္ခကြီး ဆီကို ပညာသင်ယူဖို့ သွားကြတယ်။

ဆရာကြီးက သူ့ရဲ့ တပည့် နှစ်ယောက်ကို ဆရာစား မချန် အိပ်သွင် ဖာမှောက် အကုန် သင်ကြားပေး ခဲ့တယ်။

ပညာ သင်ကြားပြီး ၃ နှစ် ကြာတော့ ဆရာကြီးက တပည့်နှစ်ဦးကို ခေါ်ပြီး အလုပ်နှစ်ခု ခိုင်းတယ်။

ပထမ အလုပ်က ရေတွင်း တူးတဲ့ အလုပ်။ ဒုတိယ အလုပ်က မနက်ခင်းမှာ နှင်းရည် တအိုး ရအောင် လုပ်ရမဲ့ အလုပ် ဖြစ်တယ်။

သူငယ်ချင်း နှစ်ယောက်ဟာ ပထမ အလုပ် ဖြစ်တဲ့ ရေတွင်းတူးတဲ့ အလုပ်ကို စလုပ် ကြတယ်။ နန္ဒ ရေတွင်း တူးတာ ရေမထွက်သေး ပေမယ့်၊ သူရိယ ရေတွင်းတူးတာ ကတော့ တွင်းအနက် လက်တတောင်ဆစ် လောက်ပဲ ရှိသေးတာ ရေက ထွက်နေပြီ။

ဒုတိယ အလုပ်ကို နောက် တနေ့ မနက်မှာ နှစ်ဦးသား လုပ်ဆောင် ကြတယ်။ နန္ဒက နေထွက်တဲ့ အထိ နှင်းရည် ခံတာ အိုးတဝက်ပဲ ရတယ်။ သူရိယက နေမထွက်ခင် မှာပဲ နှင်းရည်အိုး အပြည့် ရနေပြီ။

ဆရာကြီးက သူရိယကို ခေါ်ပြီး ရေတွင်း တူးတဲ့ နေရာမှာ ရေကြော ရှိမှန်း ဘယ်လိုသိလဲ လို့ မေးလိုက်တော့ "မြက်ပေါများတဲ့ မြေကြီးအောက်မှာ ရေကြော ရှိမှန်း သိနိုင်တယ် ဆရာ" လို့ သူရိယက ပြန်ဖြေတယ်။

ဒါဆို နှင်းရည်အိုး တအိုး ရအောင် ဘယ်လို စွမ်းဆောင် ခဲ့တာလဲ လို့ မေးတော့ "ကျယ်ပြန့်တဲ့ အဝတ်စ နှစ်ခုကို နှင်းရည် စိုနေတဲ့ အပင်လေးတွေ အပေါ် အုပ်မိုးပြီး နှင်းရည် ရွှဲလာတဲ့ အခါ အိုးထဲကို ညစ်၍ ယူခဲ့ပါတယ် ဆရာ" လို့ သူရိယက ဖြေလိုက်တယ်။

ဆရာကြီး ပညာ သင်ပေးခဲ့ တုန်းက သူရိယ တဦးထဲ သင်ပေးခဲ့တာ မဟုတ်ပါ။ နှစ်ဦးလုံးကို တူညီစွာ သင်ပေးခဲ့ ပါတယ်။သို့သော် သူရိယက ဆရာ သင်ပေးတဲ့ ပညာကို လက်တွေ့ ဘဝမှာ မသုံးချနိုင် ခဲ့ပေမယ့် နန္ဒက အသုံး မချနိုင် ခဲ့ပါဘူး။

ဆရာက ပညာမိုးတွေ ဘယ်လောက်ပဲ ရွာချနေပါစေ တပည့်ဖြစ်သူက ပညာမိုးရေကို ခံယူတတ်မှ ပညာရမှာပဲ ဖြစ်ပါတယ်။ ပညာ ရတာတောင်မှ အဲ့ဒီပညာကို မှန်ကန်စွာ အသုံးချတတ်မှသာ အကျိုးရှိနိုင်မှာ ဖြစ်ပါတယ်။

တတ်တဲ့ ပညာတိုင်း အသုံးချနိုင် ကြပါစေ။ Crd

Post a Comment

0 Comments