အလိုကြီးတော့ အရနည်း

တခါတုန်းက ရွာတရွာမှာ မြေပိုင်ရှင် တဦးဟာ သူ့ဇနီး၊ ကလေးနှစ်ယောက်နဲ့ နေထိုင်လျက် ရှိတယ်။ သူတို့ဟာ တကယ့်ကို ယဉ်ကျေးပြီး ဆက်ဆံရေး ကောင်းမွန်တဲ့ သူတွေပါ။

သူတို့မှာ နေ့စဉ် ရွှေဥတလုံး ဥပေးတဲ့ ကြက်မ လှလှ‌လေး တကောင် ရှိတယ်။ ဒါပေမယ့် အဲဒီ လူဟာ သူနေ့စဉ် ရရှိခဲ့တဲ့ ရွှေဥတလုံးနဲ့ မရောင့်ရဲ မကျေနပ်နိုင်ဘူး ဖြစ်နေခဲ့တယ်။

သူဟာ ရွာမှာ လူချမ်းသာ တဦး ဖြစ်ပေမယ့် တမြို့လုံး တနိုင်ငံလုံးမှာ ကြော်ကြားတဲ့ သူဌေးကြီး ဖြစ်ချင် လာခဲ့တယ်။ အဲ့ဒီလောဘ ကပဲ တနေ့ တလုံးပဲ ဥပေးတဲ့ ကြက်မလေးရဲ့ ဗိုက်ထဲမှာ မရေမတွက် နိုင်လောက်တဲ့ ရွှေတွေ ရှိနေမယ်လို့ ယုံကြည်လာတယ်။

မြေပိုင်ရှင်က သူရဲ့ ကြက်မထံက ရွှေအားလုံးကို တပြိုင်နက်တည်း ရယူလို လာတယ်။ ဒါ့ကြောင့် တနေ့မှာ သူဟာ အလွန်အကျွံ တွေးကာ နောက်ဆုံး မိသားစုနဲ့ တိုင်ပင်ပြီး အစီအစဉ် တခုကို ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်တယ်။

နောက်တနေ့တွင် ကြက်မက ရွှေဥတလုံး ဥပြီးစဉ်မှာ မြေပိုင်ရှင်သည် ကြက်မလေးကို ဖမ်းလိုက်ပြီး ဓားထက်ထက် တလက် ယူ ၍ ကြက်မ၏ လည်ပင်းကို လှီးဖြတ်ပြီး ကြက်မရဲ့ ဗိုက်ကို ခွဲလို့ ရွှေတွေကို လိုက်ရှာပါ တော့တယ်။

ဗိုက်ထဲမှာ ကလီစာတွေနဲ့ သွေးတွေကလွဲပြီး ဘာမှ မရှိတဲ့အခါ အလွန် စိုးရိမ်သွားပြီး ကြက်မရဲ့ တကိုယ်လုံးကို အစိတ်စိတ် အမွှာမွှာ တုံးတစ်ပြီး သေချာအောင် အထပ်ထပ် ရှာပါတော့တယ်။

ဒါပေမယ့် ရွှေနဲ့ တူတာ ဘာမှ ရှာမရ တော့ပါဘူး။ သူနဲ့ သူ့မိသားစုဟာ အခုမှ အလွန် ဝမ်းနည်းခဲ့ ကြတယ်။ နောက်နေ့က စလို့ ‌ရွှေဥ မရနိုင်တော့ ပါဘူး။

သူတို့ရဲ့ ဘဝဟာ တနေ့ ရွှေဥ တလုံးနဲ့ အဆင်ပြေ ချောမွေ့စွာ နေထိုင်ခဲ့ရ ပေမယ့်လည်း ယခုတော့ သူတို့ ကိုယ်တိုင်က ကိုယ့်ဘဝကိုယ် ပျက်အောင် လုပ်ခဲ့မိ ကြပါတယ်။

မြေပိုင်ရှင် လောဘကြီးမှုရဲ့ ရလာဒ်အရ သူဟာ တနေ့ထက် တနေ့ စိတ်ဆင်းရဲ လာပြီး နောက်ဆုံးမှာ အလွန် ရူးသွားခဲ့ ပါတော့တယ်။ သူဘယ်လောက်တောင် မိုက်မဲခဲ့ ပါသလဲ။

ဒီအကြောင်းအရာလေးက အလိုကြီး အရနည်းတတ်တာကို ဖော်ပြပေးထားတာ ဖြစ်ပြီး နေ့စဉ် ရွှေဥ ဥပေးသည့် ကြက်ကို သတ်မစားပဲ တခြား ဝင်ငွေ တိုးအောင်သာ ဆောင်ရွက်သင့်တယ် ဆိုတဲ့ အကြောင်း သင်ခန်းစာ ပေးထားတာ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments