ခေါင်းဆောင်ကောင်းပီသသူ

"ဆရာရေ ကျနော်တို့ ဖမ်းမိတဲ့ အထဲမှာ ရှင်ဘုရင်လည်း ပါလာတယ်" ဓားပြခေါင်းဆောင်ဟာ ပြုံးပြီး ရှင်ဘုရင်ကို ကြည့်တယ်။ "မင်းကောင်း မင်းမြတ်ကြီး ပါလား။ အရပ်ဝတ်ကြီးနဲ့ ဆိုတော့ ရုပ်ဖျက်ပြီး တိုင်းခန်း လှည့်လည်တယ် ထင်ပါ့"

ဘုရင်ဆိုသူက ပြုံးပြီး ခေါင်းငြိမ့် ပြသည်။ ဘုရင်နှင့် အတူ မိလာသော သူများကလည်း သူတို့နဲ့အတူ အဖမ်းခံထား ရသည်မှာ ဘုရင် ဆိုတော့ အံ့အားသင့် နေပုံရသည်။ "ဒီဘုရင်က ကျုပ်တို့ကို ဒုက္ခပေးမယ့် ဘုရင်ပဲ။ သတ်ပစ်လိုက်မလား ဆရာ"

"အေး သတ်တာတော့ သတ်တာပေါ့ကွာ ဒါပေမယ့် မသတ်ခင်လေး ရှင်ဘုရင်က ဦးညွှတ်တာ လေးတော့ လိုချင်မိသားကွ။ အဟေးဟေး"

"မောင်မင်းတို့ ကျုပ်ကိုပဲ သတ်လို့ ရမယ် ဘုရင်ဆိုတဲ့ နေရာကို သတ်လို့မရဘူး။ ကျုပ်သေသွားလည်း ဘုရင်ဆိုတဲ့ နေရာကို တရောက်ရောက်က ဝင်ယူဦးမှာပဲ။ အဲ့ဒီအခါကျရင် ဘုရင်ကိုတောင် သတ်တဲ့ ဓားပြရယ်လို့ မောင်မင်းတို့ကို ပိုငြိုးကြ လိမ့်မယ်"

ဓားပြခေါင်းဆောင် တွေဝေသွားတယ်။ "ဒါဆိုရင်တော့ ခင်ဗျားကို လွှတ်ပေးမယ်။ ဒါပေမယ့် လွှတ်ပေးစေချင်ရင် ခင်ဗျား ကျုပ်ကို အရိုအသေ ပေးသွားရမယ်"

"ကျုပ်အသေ ခံမယ်။ အသက်သေမှာ ကြောက်လို့ ဦးညွှတ်သွားတဲ့ ဘုရင်ဘဝကို ကျုပ်အရောက်မခံနိုင်ဘူး။ တိုင်းသူပြည်သားတွေရဲ့ လေးစား ဂါရဝကို ခံယူပြီးပြီ ဖြစ်တဲ့ အတွက် လေးစား ခံထိုက်အောင် နေပေးဖို့ ကျုပ်တာဝန်ပဲ"

"ခင်ဗျားက တော်တော် ကြီးကျယ်တဲ့ ဘုရင်ပဲ။ ခင်ဗျား ကျုပ်တို့ကို ဦးမညွှတ်ရင် ဒီလူတွေကို ကျုပ်ကသတ်မှာ" ဆိုတော့ ဘုရင်ဟာ ဘာမှ စောဒက မတက်တော့ဘဲ ဝုန်းကနဲ ဒူးထောက် ချလိုက်ပြီး ဓားပြများကို အရိုအသေ ပြုလေတော့သည်။ အရိုအသေ ပြုခံရသော ဓားပြဗိုလ်ဟာ ကျောထဲ စိမ့်ကနဲ ချမ်းသွားတယ်။

ဘယ်လို ဘုရင်လဲ။ သူ့ကိုသတ်မယ် ဆိုတုန်းက အသက်ကိုတောင် မငဲ့ကွက်ဘဲ ရာဇဂုဏ် အတွက် ဒူးမထောက် လိုသူက အခုတော့ မြေပြင်မှာ ပြားပြားမှောက် ဝပ်လို့။ ဒါ ဘုရင်အစစ် ဒါမှ ဘုရင်အစစ်။ ဘုရင့်သိက္ခာကို မိမိအသက်ထက် ပိုတန်ဖိုး ထားတဲ့ဘုရင်၊ တိုင်းသူပြည်သား တွေရဲ့ အသက်ကို ဘုရင့် သိက္ခာထက် ပိုတန်ဖိုးထားတဲ့ ဘုရင်။

ဓားပြဗိုလ်ဖြစ်သူ မျက်ရည်များ ဝဲတက်လာသည်။ ဓားစာခံ ပြည်သူများကို ကြည့်တော့လည်း ဒူးထောက်နေသော ပြည့်ရှင်မင်းကို ကြည့်ကာ လေးစားချစ်ခင်မှု ဝမ်းနည်း ကြေကွဲမှုများ ယှက်ထွေးလျက် မျက်ရည်များ ဝေနေကြလေသည်။ ဓားပြဗိုလ်ဖြစ်သူသည် ဘုရင့်ရှေ့ ဒူးထောက် ချလိုက်ပြီး

"ထပါ မြတ်သော မင်းကြီး။ ကျနော့်ကို ခွင့်လွှတ်ပါ။ မင်းကောင်းမင်းမြတ်ကို အသက်ရှင်လျက် မြင်တွေ့ခွင့် ရခဲ့ခြင်းဟာ သေရင်တောင် ထိုက်တန်ပါတယ်။ လက်နက်နဲ့ ဓားပြများကို မေတ္တာဖြင့် ဆုံးမတတ်သော မင်းကြီး၊ ခန္တီတရားဖြင့် ဆုံးမ တတ်သောမင်းကြီး၊ ခေါင်းဆောင်ကောင်း တယောက်၏ စွန့်လွှတ် အနစ်နာခံမှု တာဝန်ခံမှုများကို လမ်းပြသော မင်းကြီးကို ကျွန်တော် အတိုင်းအဆမဲ့ ကြည်ညိုပါတယ်။

ကျနော်လည်း ခေါင်းဆောင် တယောက်မို့ ကျနော့် အပြစ်အတွက် တာဝန်ခံပါရစေ။ ကျနော့် နောက်လိုက်များကို အပြစ်မှ လွှတ်ပေးပါ။ ကျနော့်ကို အပြစ်သား အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားပါ။ ချမှတ်လိုသော ပြစ်ဒဏ်ကို ချမှတ်ပါ"

ခေါင်းဆောင်ကောင်း ပီသခဲ့သော ဓားပြဗိုလ်ကို လေးစားရင်း အခံရှိသော နောက်လိုက် ဓားပြများကလည်း သူတို့ ခေါင်းဆောင်နည်းတူ ဒူးထောက်၍ ရှင်ဘုရင်ကို အရိုအသေ ပြုကြလေသည်။ ရပ်နေသော ပြည်သူများလည်း သူတို့အတွက် ရပ်တည် ပေးခဲ့သော ရှင်ဘုရင်ကို ဒူးထောက် ခစားလေတော့သည်။

မင်းကြီးက ဒူးထောက်နေရာမှ ထ၍ ဓားပြဗိုလ်ကို ထူကာ "မောင်မင်းက ဓားပြအဖြစ် ဆိုးသွမ်းပေမယ့်။ ခေါင်းဆောင် အဖြစ်လေးစားစရာ ကောင်းတယ်။ ဒီလက်စွပ်ကို ယူပါ။ ဒါအဖိုးနည်း လက်စွပ် ဆိုပေမယ့် ကျုပ်ရဲ့ အမှတ်အသားပါ။

ကျုပ်ကို ယုံရင် ဒီလက်စွပ်ကို ယူပြီး နန်းတော်ကို လာပါ။ ဒီနေ့ ရသင့်တဲ့ ငွေပမာဏရဲ့ သုံးဆကို ဆုအဖြစ်လာ ထုတ်ယူလှည့်ပါ။ ပြည်သူများရဲ့ ငွေကို ပြန်ပေး ပေးပါ။ တိုင်းပြည်အတွက် စစ်မှုထမ်း လိုပါက သားမယားများနဲ့ တိုင်ပင်ပြီး နန်းတော်ကိုလာခဲ့ပါ"

ရာဇဣန္ဒြေ အပြည့်ဖြင့် ထွက်ခွာသွားသော မင်းကြီး၏ ကျောပြင်ကို ဓားပြများနှင့် ပြည်သူများက ငေးမော၍ ကြည့်နေလေတော့သည်။ အော် ခေါင်းဆောင်ကောင်း ပီသပါပေသတည်း။ Crd

Post a Comment

1 Comments