ကံ ကံ၏ အကျိုးပေး

တခါတုန်းက လူမိုက် တယောက်ဟာ ခရီးတခုကို ထွက်ခဲ့ ပါတယ်။ သူဟာ လမ်းခရီး တလျှောက်လုံး တွေ့သမျှ အရာ အားလုံးကို ပြဿနာရှာပြီး ဖျက်ဆီးခဲ့ တယ်။ ချောင်းကို ဖြတ်ပြီး ထိုးထားတဲ့ တံတားတခု အနားကို ရောက်တဲ့အခါမှာ ချောင်းကို ကူးပြီးတော့ တံတားကို ဖျက်ဆီးခဲ့တယ်။

ဒီလိုနဲ့ ခရီးဆက်ခဲ့တာ ရေအိုးစင် တခုကိုလည်း တွေ့ရော မောမောနဲ့ ရေသောက်ဖို့ လုပ်တယ်။ ဖြစ်ချင်တော့ ရေအိုးထဲမှာ ရေက မရှိဘူးတဲ့။ အဲဒါနဲ့ လူမိုက်က အရမ်း ဒေါသထွက်ပြီး ရေအိုးကို ရိုက်ခွဲလိုက် ပြန်တယ်။

အဲဒီလိုနဲ့ ခရီးဆက်သွားရင်း ညောင်ပင်ကြီး တပင်အောက်ကို ရောက်သွားပါတယ်။ အရိပ်က ကောင်းတော့ ခဏနားမယ် ဆိုပြီးအနားယူနေတဲ့ အချိန်မှာပဲ ရွှေအိုးတလုံးကို တွေ့ရှိသွား ခဲ့တယ်လေ။ လူမိုက်ဟာ အရမ်းကို ပျော်ရွှင်ပြီးတော့ ဝမ်းသာအားရ ဖြစ်သွားပါ တော့တယ်။

ထိုနည်းတူစွာပဲ လူကောင်း တယောက်ကလည်း လူမိုက် ထွက်ခဲ့တဲ့ လမ်းခရီး အတိုင်း သွားခဲ့ပါတယ်။ လမ်းခရီး တလျှောက်လုံး ပျက်ဆီးသမျှ တွေကို ပြုပြင်တယ်။ လူမိုက် ဖျက်ဆီးခဲ့တဲ့ တံတားနားကို ရောက်တဲ့ အခါမှာ တံတားက ပျက်ဆီးနေ ပါလား။

"ငါ ဒီအတိုင်း ထားခဲ့ လိုက်ရင် ခရီးသွား ပြည်သူတွေ ဒုက္ခရောက်မယ်" ဆိုပြီး တံတားကို ပြန်ပြုပြင် ပေးခဲ့ပါတယ်။ လူကောင်းလည်း ခရီး ဆက်ထွက်ခဲ့ရာ လူမိုက် ရိုက်ခွဲခဲ့တဲ့ ရေအိုးစင်နားကို ရောက်တော့ ရေအိုးအသစ် တလုံး ဝယ်ပြီး ရေဖြည့်ပေးခဲ့ ပြန်တယ်။

အဲဒီလိုနဲ့ ခရီး ထွက်လာလိုက်တာ လူမိုက် ရောက်ရှိခဲ့တဲ့ ညောင်ပင်ကြီး အောက်လည်း ရောက်ရော မောလိုက်တာ ဆိုပြီး ထိုင်ချလိုက်တဲ့ အချိန်မှာပဲ သစ်ပင်ပေါ် ကနေ ညောင်ကိုင်းဟာ ကျိုးကျပြီး ပေါင်ပေါ်ကို ကျကာ ပေါင်ကျိုး သွားခဲ့ပါတယ်။

အဲဒီတော့ လူကောင်းက "ငါ ဒီလောက် ကောင်းမှု ကုသိုလ်တွေ လုပ်နေရက်သားနဲ့ ဘာဖြစ်လို့များ ကံဆိုးမိုးမှောင် ကျရတာလဲ" လို့ လောကကြီးကို စိတ်ပျက်ပြီး ငြီးတွားနေတဲ့ အချိန်မှာပဲ သိကြားမင်းက ရောက်လာ ပြီးတော့ ရှင်းပြပါတယ်။

"ပထမ လာတဲ့ လူမိုက်ဟာ အရင်ဘဝက ကောင်းမှု ကုသိုလ်တွေ အများကြီး လုပ်ခဲ့တဲ့ အတွက်ကြောင့် ဒီညောင်ပင်ကြီး အောက်ကို ရောက်တဲ့ အခါမှာ ရွှေအိုး လေးလုံး ရမှာ ဖြစ်တယ်။ ဒါပေမဲ့ သူဟာ အခုလက်ရှိ ဘဝမှာ မကောင်းမှုတွေ လုပ်တာ များတဲ့ အတွက်ကြောင့် ရွှေအနည်းငယ် နဲ့သာ ကျေနပ် လိုက်ရခြင်း ဖြစ်တယ်။

အသင်ဟာ အရင် ဘဝက အကုသိုလ်တွေ အများကြီး လုပ်ခဲ့တဲ့ အတွက် ဒီညောင်ပင်ကြီး အောက်ကို ရောက်တဲ့ အချိန်မှာ ညောင်ကိုင်း ပိပြီး သေရမှာ ဖြစ်တယ်။ ဒါပေမဲ့ သင်ဟာ အခုလက်ရှိ ဘဝမှာ ကောင်းမှုကုသိုလ်တွေ အများကြီး လုပ်ခဲ့တဲ့ အတွက်ကြောင့် အသက် မသေပဲ ပေါင်ကျိုးရုံလောက်ပဲ ကျိုးခဲ့ခြင်း ဖြစ်တယ် အသင်လူသား" ဆိုပြီး ရှင်းပြခဲ့ ပါတယ်။

ဒါကြောင့် သူတော်ကောင်း တို့လည်း ငါ ကောင်းတာတွေ လုပ်နေရဲ့သားနဲ့ မကောင်းတာတွေပဲ ဖြစ်နေတယ်လို့ ကိုယ့်ကိုယ်ကို စိတ်ပျက် အားငယ် မနေပါနဲ့။ ရှေးဘဝက မကောင်းခဲ့တဲ့ အကုသိုလ်ကံ တွေကြောင့် အခုလက်ရှိ ဘဝမှာ မကောင်းကျိုးတွေ ခံစားနေရတယ် လို့လည်း မမြင်ရတဲ့ အတိတ်ဘဝကို အပြစ်ပုံချ မနေပါနဲ့။

အခု လက်ရှိ ပစ္စုပ္ပန်မှာ ကောင်းတာလုပ်ရင် နောင်လာမယ့် အနာဂတ်မှာ ကောင်းကျိုးတွေ ခံစားရမယ် ဆိုတာ အသေအချာ ပါပဲ။ Crd

Post a Comment

0 Comments