စာနာခြင်း၏ ရောင်ပြန်

တခါက ကျောင်းနှင့် အလှမ်း မဝေးလှတဲ့ ထမင်းဆိုင် သေးသေးလေး တဆိုင်မှာ ကောင်မလေး တယောက်က ထမင်းလာမှာစားတယ်။ ဆိုင်ရှင်နား ကပ်ပြီး လေသံ တိုးတိုးလေးနှင့် "ဟိုလေ သမီးကို ထမင်းအလွတ် တပွဲလောက် ရောင်းပေးလို့ ရလား သမီး ပိုက်ဆံ မလောက်လို့ပါ" "ရပါတယ် သမီးရယ်"

ပြောပြောဆိုဆိုနှင့် ဆိုင်ရှင် အဒေါ် ကြီးက "ယောက်ျားရေ ထမင်းအလွတ် တပွဲလောက် လုပ်ပေးပါဦး။ အော် ဟင်းချိုနဲ့ ငါးပိရည်လည်း ထည့်ပေးဖို့ မမေ့နဲ့နော်" ယောက်ျားဖြစ်သူက ထမင်းအဖြူ တပွဲကို ကောင်မလေး ထိုင်နေတဲ့ ခုံမှာ သွားချပေးလိုက်တယ်။

ကောင်မလေးက သူ့ကို ထပ်မှာတယ်။ "ဟိုလေ သမီးအတွက် နောက်ထပ် ဟင်းမပါတဲ့ ထမင်းဗလာ တထုပ် ထပ်လုပ်ပေးလို့ ရလားရှင့်" ကောင်မလေး ခမျာ ပြောသာ ပြောနေရတယ် သူ့မျက်နှာက အတော်လေး အားနာနေတဲ့ ပုံပါ။ "ရပါတယ် သမီးရယ်။ ဒါနဲ့ ဒီထမင်းထုပ်က ဘာသွားလုပ်ဖို့လဲ" "သမီး ညနေကြရင် စားဖို့ပါဦး"

ဆိုင်ရှင်အဖိုးကြီးက သူ့ကို ကရုဏာသက်တဲ့ မျက်လုံးနှင့် ကြည့်ပြီး အင်း ကောင်မလေး ကြည့်ရတာ မြို့မှာသာ ကျောင်းလာတက်တယ် အိမ်က မိဘတွေက ငွေကြေး အခက်အခဲ ရှိပုံရတယ်။ အမှန်တကယ်တော့ သူတို့ လင်မယား ကလည်း တနေ့လုပ် တနေ့စားပါ။ ဒီဆိုင်နေရာလေးကို သူများ ငှားပေးလို့သာ ကံကောင်းပြီး ဈေးရောင်းရတဲ့ ဘဝပါ။

မရှိသူ မို့လည်း မရှိသူကို စာနာတတ်တဲ့ စိတ်က သူတို့ လင်မယားမှာ ရှိပြီးသားပါလေ။ ဟင်းအိုးမှ ဟင်းတွေကို ခတ်ပြီး ထမင်းများနဲ့ သူဖုံးဖိပြီး ထည့်နေမိသည်။ ဒါကို မိန်းမဖြစ်သူက မြင်တော့ "ရှင်ဘာလုပ်နေတာလဲ" "ကောင်မလေး အတွက် ထမင်းထည့်ပေး နေတာလေ"

"အော် ရှင်ကလည်း တုံးလိုက်တာ။ ပေးချင်နေမှတော့ ဝှက်ပြီး ပေးစရာလား ဒီအတိုင်း ပေးလည်း ရရဲ့သားနဲ့။ ဘာလဲ ရှင်က ကျွန်မမြင်မှာ ကြောက်လို့လား။ ကြောက်စရာ မဟုတ်တာရှင် ကျွန်မလည်း စာနာထောက်ထား တတ်တဲ့ မိန်းမသား တယောက်ပါ"

"ဟာ ဒီမိန်းမ ဘာတွေ လာပြောနေတာလဲ။ ဒီအတိုင်း ဗြောင်ပေးတော့ သူ့ကို အထင်သေးရာ ရောက်သွားမှာ ပေါ့ဟ။ ပြီးတော့လည်း သူရှက်သွားရင် နောက်ဆို တို့ဆိုင်ကို သူဘယ်လို လုပ်ပြီး လာရဲတော့မလဲ" မိန်းမဖြစ်သူက လင်ယောက်ျားကို ကြည့်ပြီးပီတိ ဖြစ်မိသည်။ "အမလေး ငါ့ယောက်ျားက သနားတတ်ရုံ တမျိုးတည်း မဟုတ်ပဲ လူတယောက်ကို အဖက်ဖက်က စာနာစိတ် ကလည်း ကြီးမားပါလေရဲ့။

ဒီလိုနဲ့ပဲ ကောင်မလေးဟာ သူတို့ဆိုင်မှာ လာပြီး ကျောင်းပြီးသည် အထိ ထမင်း လာစားခဲ့တယ်။ သူတို့ လင်မယားကလည်း တနေ့ တမျိုး မရိုးရ လေအောင် ဟင်းအမျိုးမျိုးကို ထမင်းဖုံး၍ ပေးလေ့ ရှိခဲ့တယ်။ ကျောင်းပြီးသွားတော့ ကောင်မလေးက သူတို့ဆိုင်ကို ၁၀ နှစ် ကြာမျှတောင် တခါမှ ရောက်မလာ တော့ပါ။

တနေ့တော့ မြေပိုင်ရှင်က မြေကို ရောင်းလိုက်ပြီး ဖြစ်ကြောင်း ဒီနေရာက ရွေ့ပြောင်းရတော့မည် ဖြစ်ကြောင်း လာပြောသောအခါ လင်မယား နှစ်ယောက်သား စိတ်ပျက်လက်ပျက် ဖြစ်ပြီး အိမ်မှာ ထိုင်မှိုင်နေကြစဉ် သူတို့နေတဲ့ အိမ်နားသို့ ကားတစီးက လာ၍ ထိုးရပ်လာသည်။

လူတယောက်က ကားပေါ်မှ ဆင်းပြီး သူတို့ရှိရာ လျှောက်၍ လာသည်။ "ကျွန်တော်က ကုမ္မဏီတခုရဲ့ မန်နေဂျာတဦးပါ ခင်ဗျ။ ကျွန်တော့် သူဌေးမက အဒေါ်တို့ လင်မယား ချက်တဲ့ ဟင်းကို အရမ်းကြိုက်တဲ့ သူတယောက်ပါ။ အဲဒါကြောင့် ကျွန်တော်တို့ ကုမ္မဏီ အနီးမှာ ဆိုင်ဖွင့်ပေးဖို့ တောင်းဆိုထားလို့ပါ"

လင်မယားနှစ်ယောက် အံ့အားသင့် သွားသည်။ သူတို့ ဆိုင်စုတ်စုတ်လေးမှာ ဘယ်လို သူဌေးကများ လာပြီး စားဖူးပါလိမ့်။ ပြီးတော့လည်း သူတို့မှာ ရှိတာက အိုးစုတ်ခွက်စုတ်တွေမို့ ကုမ္မဏီကြီးအနား ထမင်းဆိုင် သွားဖွင့်ရမှာ ဘယ်လိုမှ မဖြစ်နိုင်လို့ သူတို့ ငြင်းဆိုခဲ့တယ်။

"အဲဒီအတွက် မပူပါနဲ့ဗျာ။ ကျွန်တော့် သူဌေးမက အစစ အရာရာ ပြင်ဆင်ထား ပြီးသားပါ။ သွားပြီး ချက်ပြုတ်ရုံ သက်သက်ပါ" အဲဒီသူဌေးမက ဘာဖြစ်လို့ သူတို့ အပေါ် ဒီလောက် ကောင်းနေရတာလဲ ဆိုတာ သူတို့ နားမလည်ခဲ့။ နောက်ဆုံးတော့ သူတို့အပေါ် ကောင်းတဲ့ သူဌေးမကြီးက တချိန်က သူတို့ဆီက ထမင်းတထုပ် လုပ်ကျွေးခဲ့ဖူးတဲ့ ကျောင်းသူလေးမှန်း သိရပါတော့တယ်။

ထို့နောက် ကောင်မလေးက ကားပေါ်က ဆင်းလာပြီး "ဦးနဲ့ အဒေါ်သာ ကျွန်မကို မကူညီပေး ခဲ့ရင် ကျွန်မလည်း ဒီလိုဘဝမျိုး ရောက်လာမှာ မဟုတ်ပါဘူး။ အခုလို ပြန်လည် ကျေးဇူး ဆပ်ခွင့်ရတာ သမီး အရမ်း ဝမ်းသာတယ်ရှင်။ လိုတာရှိရင် ပြောပါ ဘာမှ အားမနာကြပါနဲ့" လို့ ပြောလိုက် ပါတော့တယ်။

စေတနာ ထားတတ်ရုံနဲ့ မလုံလောက်ပါဘူး။ အဖက်ဖက်က ကြည့်ပြီး စာနာမှုလည်း ထားတတ်ရပါမယ်။ ကျေးဇူးသိတတ်ခြင်း ဟာလည်း မြတ်သော မင်္ဂလာ တပါးပါပဲ။ kokhinmgwin

Post a Comment

0 Comments