တူနှင့်ပေ

တနေ့တွင် လူငယ် တဦးသည် ပန်းပဲဖို ရှေ့က ဖြတ်သွားရင်း ပန်းပဲဆရာ၏ အင်နှင့် အားနှင့် လှုပ်ရှားနေပုံကို တွေ့လိုက်ရ သောကြောင့် ရပ်ကြည့်နေ မိသည်။

ပန်းပဲဆရာကြီးသည် ချွေးတွေကြားမှ သံချောင်းကို မီးကျွေးလိုက်၊ ပေတုံးပေါ် တင် ထုလိုက်၊ ရေဆေးလိုက်နှင့် တခုခုကို ပုံဖော်နေသည်။ "ဒိုင်း ဒိုင်း ဒိုင်း"

ပေပေါ်တွင် နီရဲသော သံချောင်းကို ထုလိုက်တိုင်း မီးပန်း မီးဖွားတွေက လွင့်ပျံ တက်လာသည်။ လူငယ်က ပန်းပဲဆရာကြီး၏ အားမာန်ကို ကြည့်ကာ အားကျနေမိသည်။

"ဖြောင်း" ထိုအချိန်တွင် ပန်းပဲဆရာကြီး ထုနေသော တူသည် အရိုးကျိုးကာ ပေတုံး အောက်ကို ပြုတ်ကျ သွားသည်။

ပန်းပဲဆရာကြီးက နောက်ထပ် တူတချောင်းကို သွားယူလာကာ ပေပေါ်ကို သံချောင်း တင်ပြီး တဒိုင်းဒိုင်း ထပ်ထုသည်။ ပန်းပဲဖို၏ ထောင့် တနေရာတွင် ကျိုးနေသော သစ်သား တူရိုးပေါင်း များစွာ ပုံနေသည်။

လူငယ်က ပန်းပဲဖို ထဲကို ဝင်လာပြီးနောက် "ဆရာကြီး တခုလောက် မေးပါရစေ" "ဘာများလဲကွယ်"

"ကျိုးနေတဲ့ တူရိုးတွေ ပုံနေပါ ပေါ့လား။ ပေတုံးတွေရော ဘယ်လောက်များ ပဲ့ထွက် ကွဲအက် သွားပြီးပြီလဲ ခင်ဗျာ"

"အမောင်လုလင်၊ ငါသည် ဤပန်းပဲဖိုနှင့် အသက်မွေး နေသည်မှာ နှစ်ပေါင်း များစွာ ကြာခဲ့ပြီ။ တူရိုးတွေသာ တချောင်းပြီး တချောင်း ကျိုးပဲ့ ပျက်စီး ကုန်သည်။

ယခု ပေတုံးကား ငါ၏ အဘိုး အဘွားတွေ လက်ထက်ကတည်းက ပေတုံး ဖြစ်သည်။ ယနေ့တိုင် ကြံ့ကြံ့ခံကာ မကျိုးမပဲ့၊ မကောက်မကွေး၊ မပွန်းမတိုက် ရှိနေသည်"

တူဖြစ်လျှင်နှံ၊ ပေဖြစ်လျှင် ခံ ဆိုသည့် ဆိုရိုးစကာ ကြားဖူးမည် ထင်ပါသည်။ သံကို သံချင်း ရိုက်နှက် ညှဉ်းရန် အထောက်အကူ ပေးနေသည်မှာ သစ်သားတူရိုးတွေ ဖြစ်သည်။

ထိုတူရိုးများကား မည်မျှ ကြာကြာ ခံတတ်ပါ သနည်း။ "ပေတုံးသည်ကား ထုလေ မာလေ၊ သံသန္ဓေ တူရိုးသစ်သား ကြာလေ ပဲ့ကျိုး၊ ထင်းမျိုးသာတည့်" တင်ညွန့် ၂၆.၄.၂၀၂၂

Post a Comment

0 Comments