ရိုးသားမှုကို ရှာဖွေသောသူ

တခါတုန်းက လူကြီးတယောက်ဟာ အလုပ်ကနေ ပင်စင် ယူပြီးနောက် အားလပ် သွားတာနဲ့ တောင်ပေါ်မြို့ကို ခရီးသွားဖို့ ပြင်ဆင် ခဲ့ပါတယ်။

တကိုယ်တော် ခရီးမို့ ခရီးဆောင်အိတ် ခပ်သေးသေး တလုံးသာ သယ်ဆောင်ရင်း မီးရထားစီး ခရီးထွက် ခဲ့ပါတယ်။

အအေးဒဏ် အပူဒဏ် သက်သာစေဖို့ သူ့ရဲ့ သမီး လက်ဆောင် ဝယ်ပေး လိုက်တဲ့ ဦးထုပ် အသစ်လေး ဆောင်းရင်း ဖြစ်ချင်တော့ ရထား ပြတင်းပေါက် ကနေ အပြင်ဘက် ခေါင်းထုတ် ကြည့်မိတဲ့ အခိုက် လေအရှိန်ကြောင့် ဦးထုပ်သစ်လေး ရထား အပြင်ဘက် လွင့်ပါ သွားခဲ့ပါတယ်။

ဦးထုပ် လွင့်ပါသွားတာ သိလိုက်မိချိန် ထိုပင်စင်စား လူကြီးဟာ သူ့ရဲ့ ခရီးဆောင် အိတ်လေးပါ ပြတင်းပေါက်က လွင့်ပစ် လိုက် ပါတော့တယ်။

သူ့ရဲ့ အပြုအမူကို ရထားတွဲပေါ်က ပါလာသူတွေက အံ့အားသင့် သူကသင့်၊ ဂေါက်ကြောင် နေသူလား လို့ တွေးသူက တွေး နားမလည်နိုင် သူတွေလည်း ရှိနေတော့ သူကို ဘာကြောင့် လွင့်ပစ်တာလဲလို့ မေးမြန်းကြ ပါတယ်။

ဒီတော့ ပင်စင်စားကြီးက ဘာပြန်ပြောလဲ ဆိုတော့ "ကျနော့် ဦးထုပ်လေးက ကျနော့်သမီး လက်ဆောင် အဖြစ် ဝယ်ပေး လိုက်တဲ့ ဦးထုပ်လေး ဖြစ်လို့ ကျနော် နှမျောစိတ် ဖြစ်မိတာပေါ့ ဗျာ။ ဒါပေမယ့် အဲ့ဒီ ဦးထုပ်လေးမှာ ကျနော့် နာမည် မပါဘူးဗျ။

အခု လွင့်ပစ် လိုက်တဲ့ ခရီးဆောင် အိတ်လေးမှာက အမည်ရော လိပ်စာပါ ပါတယ်လေ။ ကျနော့် ဦးထုပ်လေး ကောက်ရသူသာ ဆက်ရှာရင်း အဝတ်အိတ်လေးကို ပါ ရှာတွေ့မယ် ဆိုရင် အမည်ရော လိပ်စာပါ ပါလို့ ပြန်လည်ပေးပို့လို့ ရအောင်လို့ တတွဲတည်း ပစ်ချပေး လိုက်တာပါ"

ထိုပင်စားကြီးက အမှန် တကယ်တော့ ရိုးသားမှုကို ရှာဖွေ လိုက်ပါခြင်း ပါပဲ။ သူမှာ ယုံကြည်ချက် ရှိနေလို့ အမည်ပါ လိပ်စာပါ ခရီးဆောင် အိတ်လေးကိုပါ အဖော်ထည့်ပြီး ပေးလိုက်ပါပြီ။

သူ့ဦးထုပ် တွေ့သူကလည်း သူ့အိတ်ကို ဆက်တွေ့သူ ဖြစ်ချင် ဖြစ်မယ်။ အိတ်ချည်းပဲ တွေ့သူလည်း ရှိချင်ရှိမယ်။ ပင်စင်စားကြီး ထင်ထားသလို ပြန်ပို့ပေးသူ ဖြစ်ချင်မှလည်း ဖြစ်မယ်။ ဘယ်သူမှ ဘာမှမတွေ့ ပဲ လမ်းဘေး တနေရာ ဆက်ရှိချင် ရှိနိုင်တယ် မဟုတ်ပါလား။

တကယ်တော့လည်း လူ့ဘဝမှာ ရိုးသားမှု ဆိုတာ ရှားပါးပြီး အဖိုးတန်တဲ့ အရာတခု ဖြစ်သလို ရိုးသားသူကို ရှာဖွေ ရတာကလည်း ခက်ခဲ လှပါတယ်။ မိမိကိုယ်တိုင်လည်း ရိုးသားပါသည်ဟု ဆိုလည်း အခြေအနေ တရပ်နဲ့ ဆုံမိတဲ့ အခိုက် ရိုးသားမှု ရှိပါ့မလား လို့ ရိုးရိုးသားသား တွေးမိပါတယ်။

ရိုးသားမှု ရှိသော လူတိုင်းအတွက် လေးစားစွာ ချီးကျုး ဂုဏ်ပြုပါသည်။ Crd kazaw and phoomyatchal

Post a Comment

0 Comments